ရပ်ထားရတဲ့ ရန်ကုန်မြို့ စီမံကိန်းကြီးတွေနဲ့ ကျရှုံးတော့မယ့် တိုင်းပြည်အနာဂတ် စီးပွားရေး
တကယ်ဆို ၂၀၂၁၊ ဖေဖော်ဝါရီ(၁)ရက် မတိုင်မီကတည်းက ဒီအဆောက်အဦးကြီးတွေ ပြီးလုပြီးခင် ဖြစ်နေပြီ။
သွားရင်း လာရင်း ဒီနားက ဖြတ်သွားတော့ နေရာအကွက်အကွင်းလည်းကောင်း၊ အချက်အချာလည်းကျတဲ့ ဒီနေရာမှာ ရှော့ပင်းစင်တာတစ်ခု ပေါ်လာတော့မယ်ထင်ရဲ့ လို့တွေးနေမိတယ်။ ကိုးရီးယား ရင်းနှီးမြှုပ်နှံမှုက ထွက်လာတဲ့ အဆောက်အဦးတစ်ခုပဲ။ ရန်ကုန်မှာ သွားစရာ တစ်ခု တိုးတော့မယ်ပေါ့..။
ဟော ဖေဖော်ဝါရီ(၁)ရက်၊ စစ်တပ်က အာဏာလည်း သိမ်းသွားရော ဒီဆောက်လက်စတွေ အကုန်ရပ်သွားတာ ခုတော့ မြင်တဲ့အတိုင်းပဲ။ တန်းလန်း။ အကာအရံတွေနောက်က အလှစိုက်အုန်းပင်တွေလည်း ခြောက်သွေ့လို့။
ဒီလိုရပ်သွားတာတွေ ရန်ကုန်မှာ အများကြီးပဲ။ ခုချိန်ဆို ဟိုဖက်ဒီဖက် ကူးလို့ရတော့မှာဖြစ်တဲ့ သန်လျင်တံတားသစ်ကြီး။ ဆောက်လက်စ ဂျပန်ကုမ္ပဏီ ပြန်မလာတော့ဘူး။ သီလဝါဟာ ပြန်ငြိမ်သွားခဲ့ပြီ။ ဘုန်းကြီးလမ်းဘက်က ကိုးရီးယားက ဆောက်နေတဲ့ ရန်ကုန်မြစ်ဖြတ် ဒလတံတားကြီးလည်း တကယ်ဆို ခုချိန် ရေလယ်မှာ ချိတ်ဆက်နေလောက်ပြီ။
ခရစ္စမတ်ချိန် မီးအလှတွေ ဝေဆာနေတတ်တဲ့ ဗိုလ်ချုပ်လမ်းက ည၇:၀၀နာရီဆို လူခြေတိတ်သွားပြီ။ ဗိုလ်ချုပ်စျေးနံဘေးက ဆာ့ဂျ်ပန်းရဲ့ အိမ်ရာတွေ အလျင်စလိုဆောက်နေတာ ပြီးလုပြီးခင် ဖြစ်နေခါမှ ရပ်ထားရတာ ခုထိပဲ။
ဘဏ်ဆိုတာ ငွေသွင်း ငွေထုတ်လို့ရတဲ့ ငွေလှောင်ရုံ ဖြစ်ပေမယ့် ဖေဖော်ဝါရီ(၁)ရက်နောက်ပိုင်းကစလို့ ငွေထုတ်မရတဲ့ ဘဏ် တွေ အဖြစ် ပြောင်းလဲသွားတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း အားလုံး ရပ်ကုန်တယ်။
စ ဖွင့်ကတည်းက နှစ်ပေါင်းများစွာ မြို့လည်ဆူးလေလမ်းမပေါ်မှာ ခန့်ခန့်ငြားငြား နေရာယူထားတဲ့ ဆူးလေရှန်ဂရီလာကြီး ညဘက်ဆို မဲမှောင်တိတ်ဆိတ်နေတာ ခြောက်ခြားစရာ ကောင်းလှတယ်။ ဒါတွေဟာ ဖေဖော်ဝါရီ(၁)ရက် နောက်ပိုင်းမှာ မြင်လာရတာတွေပါ။
Chit Win Maung