အမေရိကန် စီးပွားရေးကျဆင်းမှုဂယက်နဲ့ သန်းခေါင်ထက် ညဉ့်မနက်တော့တဲ့ မြန်မာပြည်

အမေရိကန် စီးပွားရေးကျရင် ပထမဆုံး စထိမယ့် အရှေ့တောင်အာရှ နှစ်နိုင်ငံက မြန်မာနဲ့ အနီးဆုံးနိုင်ငံတွေ ဖြစ်တယ်။ ကြိုပြင်ဆင်ထားရမယ်။

၂၀၂၂ ရဲ့ ပထမ ၃ လပတ် နှစ်ခုဆက်တိုက် အမေရိကန်စီးပွားရေးဟာ အနုတ်ပြနေခဲ့ပါတယ်။ ဒီလို ၃ လပတ် ၂ ကြိမ်ဆက် အနုတ်ပြတာကြောင့် ပညာရပ်သဘောအရ စီးပွားရေးကျဆင်းနေပြီလို့ အချို့က မြင်လာပေမယ့် အင်္ဂါစုံစုံလင်လင်နဲ့ စီးပွားရေးကျဆင်းမှု ဝင်လာမယ့်အချိန်ကိုတော့ အငြင်းပွားနေကြတုန်းပါ။

အမေရိကန်စီးပွားရေးကျရင် ရှောင်မလွတ်တဲ့ ပထမဆုံးစထိမယ့် အရှေ့တောင်အာရှ ၂ နိုင်ငံက စင်ကာပူနဲ့ ထိုင်းလို့ ကမ္ဘာကျော် စီအန်ဘီစီ စီးပွားရေးသတင်းဌာနကြီးက သတင်းဖော်ပြတာကို ထပ်ဆင့်ဖောက်သည်ချတာပါ။

စင်ကာပူစီးပွားရေးဟာ အမေရိကန်စီးပွားရေးကို အလွန်အမင်းမှီခိုနေရတယ်၊ စင်ကာပူဟာ သေးပြီး တံခါးပွင့်စီးပွားရေးဖြစ်တာကြောင့် ပြင်ပအဖြစ်အပျက်တွေက စင်ကာပူကို ရိုက်ခတ်တာကြမ်းတယ်၊ ကမ္ဘာလှည့်ခရီးသွားကဏ္ဍက ပုံမှန်မဖြစ်သေးဘူး ။ ဒါတွေကြောင့် အမေရိကန်စီးပွားရေးကျရင် စင်ကာပူက အရင်ဆုံးစထိမှာလို့ စီးပွားရေးပညာရှင်တွေကို ကိုးကားပြီး စီအန်ဘီစီက ဖော်ပြပါတယ်။ ကိုဗစ်ကြောင့် ပိတ်ထားတဲ့ တရုတ်နိုင်ငံ ပြန်ဖွင့်ရင်တော့ တရုတ်ခရီးသွားတွေကြောင့် စင်ကာပူရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်ကောင်းလာနိုင်တယ်။

ထိုင်းကတော့ ကမ္ဘာလှည့်ခရီးသွားကဏ္ဍ ကျဆင်းနေတယ်။ ကမ္ဘာလှည့်ခရီးသွားကဏ္ဍကို အလွန်အမင်းမှီခိုရတဲ့ ထိုင်းဟာ ကိုဗစ်မဖြစ်ခင်နှစ်က သန်း၄၀လာလည်ခဲ့ပြီး မနှစ်ကတော့ ၄ သိန်းပဲ လာလည်ခဲ့တယ်။ ထိုင်းဘတ်ငွေဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ငါးပုံတစ်ပုံဈေးကျသွားပါတယ်။ ဈေးနှုန်းတွေတက်နေပြီး ငွေကြေးဖောင်းပွမှုနှုန်းဟာ လွန်ခဲ့တဲ့ ၁၄နှစ်အတွင်း အမြင့်ဆုံးရောက်နေတယ်။ တရုတ်နိုင်ငံ ပြန်ဖွင့်ရင်တော့ တရုတ်ခရီးသွားတွေကြောင့် ထိုင်းရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်ကောင်းလာနိုင်တယ်။

စင်ကာပူနဲ့ ထိုင်း ၂နိုင်ငံလုံးဟာ မြန်မာနဲ့ အဆက်စပ်ဆုံး နိုင်ငံတွေလို့ မြင်ပါတယ်။ စင်ကာပူနဲ့ထိုင်း ၂နိုင်ငံလုံးက မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြုပ်နှံထားတဲ့နိုင်ငံတွေ ပါ။ စင်ကာပူမှာ မြန်မာသိန်းနဲ့ချီပြီး အလုပ်လုပ်ကျောင်းတက်နေတယ်၊ ထိုင်းမှာ မြန်မာသန်းနဲ့ချီပြီး အလုပ်လုပ်ကျောင်းတက်နေတယ်။

ဒီ၂နိုင်ငံ ထိရင် မြန်မာလည်း ဆင့်ကဲထိမယ်။ အဲဒီ ၂ နိုင်ငံရဲ့ ရိုက်ခတ်မှု မလာသေးခင် မြန်မာက ကိုယ့်ဘာသာကိုယ် စီးပွားကျနေပြီးသားပါ။ သန်းခေါင်ထက်ညဉ့်မနက်တော့ဘူး ပြောနိုင်ပေမယ့် နူရာဝဲစွဲ မဖြစ်အောင် မြန်မာနိုင်ငံသားတွေ ကြိုပြင်ဆင်ထားဖို့ လိုပါတယ်လို့ မြင်ပါတယ်။ (စီးပွားရှင်)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page