စုဘူးနဲ့ ပိုက်ဆံစုမယ့်သူတွေ အထူးဂရုပြုရမယ့် အချက်များ (ကိုယ့်ချွေးနှဲစာလေးတွေ အလကား မဖြစ်စေဖို့ပါ)

ယခုတလော စုဘူး ဖောက်တဲ့သူတွေ အများဆုံး ကြုံတွေ့နေရတာကတော့ စုဘူးထဲမှာ စုဆောင်းထားတဲ့ ပိုက်ဆံတွေ အမည်းရောင် အစက်အပြောက်ပုံစံနဲ့ မှိုတွေ တက်ပြီး သုံးမရဖြစ်သွားတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

ပျက်စီးသွားတဲ့ ပိုက်ဆံတွေကို ဘဏ်မှာ ပြန်လဲလို့ ရတယ်ဆိုပေမယ့်လည်း လက်ရှိခေတ်ကာလကြီးမှာ ကိုယ်စု ထားတဲ့ ငွေကိုတောင် ထုတ်မပေးနိုင်တဲ့ ဘဏ်က သုံးမရတဲ့ ပိုက်ဆံကို ပြန်လဲပေးဖို့ဆိုတာ လူ့ပြည်က အပ်တစင်းနဲ့ နတ်ပြည်က အပ်တစင်း ထိတာကမှ ဖြစ်နိုင်တယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။

အဲဒါကြောင့် မိမိစုဆောင်းထားတဲ့ ချွေးနှဲစာလေးတွေ မဆုံးရှုံးစေဖို့ စုဘူးနဲ့ ပိုက်ဆံစုရမှာ အထူးဂရုပြုရမယ့် အချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁) စုဘူး အမျိုးအစား ရွေးချယ်ပါ။ မြေစုဘူး၊ ထုံးစုဘူး၊ သံစုဘူး၊ ဝါးစုဘူး၊ အထပ်သားစုဘူး၊ သစ်သားစုဘူး စတဲ့ စုဘူးတွေဟာ မှိုတက်နိုင်ခြင်းကို အများဆုံး ဖြစ်စေနိုင်ပါတယ်။

အဲဒါကြောင့် အဲဒီအမျိုးအစား စုဘူးတွေ မသုံးဘဲ ပလပ်စတစ်နဲ့ လုပ်တဲ့ စုဘူးမျိုးကိုပဲ အသုံးပြုပါ။ အခုနောက်ပိုင်း အက်ခရိုင်လစ်ပြားတွေကိုနဲ့ စုဘူး လုပ်လာတာတွေ ရှိပါတယ်။ အဲဒါမျိုး သုံးသင့်ပါတယ်။

(၂) ဖြစ်နိုင်ရင်တော့ စုဘူးထဲ ထည့်မယ့် ပိုက်ဆံတွေကို တရွက်ချင်း ရေနွေးနဲ့ ပြုတ်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် နေ့တိုင်း လုပ်ဖို့ မလွယ်ပါဘူး။ အနည်းဆုံးတော့ အရက်ပြန်လို ပိုးသေတဲ့ ဆေးမျိုး ဖြန်းသင့်ပါတယ်။

ပိုးလည်း သေစေသလို မှိုတက်တာကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။ သတိပြုရမှာက အရက်ပြန် ဖြန်းပြီးရင်လည်း ခြောက်သွေ့အောင် ခဏထားပြီးမှ စုဘူးထဲ ထည့်တာ အကောင်းဆုံးပါ။

(၃) မြန်မာနိုင်ငံရဲ့ ဒေသအတော်များများက စွတ်စို ထိုင်းမှိုင်းတဲ့ ရာသီဥတု ရှိပါတယ်။ အဲဒါကြောင့် မှိုတွေ ပွားများလွယ်ပြီး စုဘူးထဲက ပိုက်ဆံတွေ အကုန် မှိုတက်ကုန်တာပါ။ စုဘူးထဲမှာ မှိုမတက်စေဖို့ ရေငွေ့စုပ်တဲ့ အထုပ်လေးတွေ ထည့်ထားလိုက်ရုံပါပဲ။

အဲဒီ ဆီလီကာ အထုပ်လေးတွေက ဝယ်ရင်လည်း ဈေးပေါသလို မုန့်ထုပ်တွေထဲမှာ ပါလာတာတွေကိုလည်း ပြန်သုံးလို့ ရပါတယ်။ မြန်မာပြည်ရဲ့ ရာသီဥတုမှာ ပိုက်ဆံတွေ မှိုမတက်စေဖို့ အထူးကောင်းမွန်တဲ့ ပစ္စည်းပဲ ဖြစ်ပါတယ်။

(၄) ပိုက်ဆံတွေကို လေးထောင့်ပုံစံ၊ သုံးထောင့်ပုံစံ ခေါက်ပြီး စုဘူးထဲ ထည့်တာက စုဘူးထဲမှာ ပိုက်ဆံများများဆန့်ပေမယ့်လည်း မှိုတက်တာကို ပိုဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် စုဘူးထဲကို အရွက်လိုက် အပြန့်အနေအထားနဲ့ပဲ ထည့်တာ အကောင်းဆုံးပါပဲ။

(၅) နောက်ဆုံးတချက်ကတော့ စုဘူးကို ကုတင်အောက်၊ ဗီရိုပေါ် စတဲ့ စွတ်စိုထိုင်းမှိုင်းတဲ့ နေရာတွေမှာ အကြာကြီး မထားဘဲနဲ့ နေရောင်ရတဲ့ နေရာမျိုး၊ အပူချိန် အနည်းငယ်မြင့်တဲ့ နေရာမျိုးမှာ ထားဖို့ အကြံပေးချင်ပါတယ်။ အဲဒါမှ စုဘူးအတွင်းမှာ စိုထိုင်းဆ လျော့ကျပြီး ပိုက်ဆံတွေ မှိုမတက်နိုင်မှာ ဖြစ်ပါတယ်။

အပေါ်က နည်းလမ်းတွေကတော့ မိမိရဲ့ ချွေးနှဲစာလေးတွေ မဆုံးရှုံးစေဖို့အတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ မိတ်ဆွေတို့ သိတဲ့ ပိုက်ဆံမှိုမတက်စေမယ့် နည်းလမ်းတွေကိုလည်း ပြန်လည်မျှဝေပေး သွားပါဦးခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page