ဆရာကြီး ထိုက်သူစံနှင့် နှစ်ပေါင်း ၂၀၀ ကျော် အသက်ရှည်တဲ့ ကွင်းပိုင်တစ္ဆေအိုကြီး
ဆရာကြီးထိုက်သူစံသည် လွန်ခဲ့သော၃နှစ်ခန့်လောက်က ရာသီဥတု သာသာယာယာရှိသောတစ်ရက်တွင် အိမ်ရှိဘုရားစင်အား သန့်ရှင်းရေးများ ပြုလုပ်ပြီး ကမဌာန်းများ ရွတ်ဖတ်၍ မေတ္တာပို့ အမျှဝေပြီးနောက် မနက်စာစားပြီး အချစ်တော် ငါးသုံးလား စီးကရတ်တလိပ်အား မီးညှိ၍ ထမင်းလုံးစီနေချိန်တွင်
“ဆရာကြီး ရှိလား ……ဗျိုး…ဆရာကြီး ” အိမ်ရှေ့မှခေါ်သံကြားသဖြင့် ဇိမ်ယူနေရာမှ ထ ပြီး ခြံဝသို့ကြည့်လိုက်ရာတွင် ဆိုက်ကားတစ်စီးနှင့်အတူ ဆိုက်ကားပေါ်တွင် လူမမာပုံစံပေါက်နေသော အောက်ပိုင်းသေနေသည့် အသက် ၅၀ခန့် ပတ်ဝန်းကျင် ရှိရွာသူ မိန်းမတစ်ယောက်နှင့် ရွာသား ၁၀ ယောက်ခန့်အား အတူ တွေ့လေသည်
ထို့နောက် အကြောင်းစုံအား မေးမြန်းရန် အတွက် ” ကဲ လာကြ ဘာဖြစ်လာတာတုန်း ပြောကြပါဦး ” ဟု စကားစပေးလိုက်ရာ ဆိုက်ကားသမား ဖြစ်သူမှ “သုံးလေးရက်လောက်တော့ရှိပြီတဲ့ ဆရာ လယ်ထဲ ပဲနှုတ်သွားရာက အပြန်မှာ အကောင်းကြီးကနေ အောက်ပိုင်းသေသလို ဖြစ်ပြီး အခုလို ဖြစ်သွားတာပဲ ဆရာရယ် ကုတာလဲ ရွာနီးချုပ်စပ်တော့ စုံသလောက်ရှိနေပြီ ”ဟု ပြောလေသည်
ထို့နောက်လူနာမှာ အိမ်ပေါ်ရောက်၍ ကျွနု်ပ်ကိုတွေ့သည်နှင့် ဟန်ပင် မဆောင်နိုင်အောင် ရုန်းကန်၍နေလေရာ ကျွန်ုပ်မှာ ထိုသူအား အရှေ့သို့တိုးခိုင်းရာ ပေကပ်ကပ်လုပ်နေသဖြင့် ပယောက စစ်ကြည့်ရာတွင် တစုံတဦး၏ ပညာသင့်နေသောကြောင့် ဤသို့ဖြစ်လေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် လူနာရှင်အား ခန္ဓာကိုယ်အား အပ်ခိုင်းရာ အပ်ပါမည် ဆိုသဖြင့် ပညာရှင်အားခေါ်လိုက်ရာ ခနအကြာတွင် လူနာမှာ လှုပ်၂ရှား၂ဖြစ်ကာ သက်ဆိုင်သူရောက်လာသည်
ထို့နောက် ” ကဲရောက်ရင် အရှေ့တိုး ဘုရားကို အရင် ဦးချ ” ဟု ဆိုရာတွင် မလှုပ်မယှက်ဖြင့် တအိမ်လုံးအား မျက်လုံးပြူးကြီးများဖြင့် လှည့်ပတ်ကြည့်နေလေသည
“ခေါင်းမာနေရင်တော့ ကဲ ဆိုင်ရာပိုင်ရာများ ဘုရားဦးတိုက်အောင် ဆုံးမလိုက်စမ်း ” ဟု ဆိုရင်း “ကဲ ကြိုးပိုင်က တုပ် ဆင်ပိုင်က နင်း မီးပိုင်ကရှို့ ပြီး ဘုရား ဦးတိုက်အောင် လုပ်ကြစမ်း ခန္ဓာကိုယ်ပိုင်ရှင်မထိစေနဲ့ ” ဆိုမှ
” အမလေး တော်ပါပြီ မလုပ်ပါနဲ့ဆရာရယ် နာလွန်းပူလွန်းလို့ပါ ရှိခိုးပါ့မယ် ” ဟု ဆိုလေသည် ထိုအချိန်တွင် ကာယကံရှင်၏ အသံမူရင်း မဟုတ်ဘဲ ဝင်ရောက်ပူးကပ်သူ၏ အသံသြသြကြီးဖြစ်ကြောင်းကို အားလုံး သိရှိပြီးဖြစ်ပေမည်.
ထို့နောက် ဦးချစေပြီး ” အသင်ဘယ်သူလဲ ဘယ်ကလဲ ဒီပုဂ္ဂိုလ်မှာသင့်အပေါ် ဘာရန်ငြိုးရှိလို့ အခုလိုလုပ်ရတာလဲ မြန်မြန်ဖြေစမ်း” ဟုမေးရာ “ဖြေပါ့မယ် ဆရာ..ကျွန်တာ်က ရွာထိပ်ညောင်ပင်က ကွင်းပိုင်တစ္ဆေကြီးပါ ဒီဘဝမှာ နှစ်ပေါင်း ၂၀၀ လောက်ရှိပါပြီဆရာ အစွမ်းလည်း တော်၂ထက်နေပါပြီ ဆရာ။ လွန်ခဲ့တဲ့လေးရက်လောက်က ဒီမိန်းမက ကျွန်တော်နေတဲ့ ညောင်ပင်အောက်မှာ မိန်းမတန်မဲ့ ခွင့်မတောင်းပဲ အပေါ့စွန့်ပြီး မလေးမစားသဘောဆက်ဆံလို့ ဒီလို လုပ်ထားတာ မကျေနပ်မချင်း ကျုပ်က လုပ်မှာ” ဟု ဆိုလေသည်။
ထိုအခါကျွန်ုပ်မှ နေ၍ လူနာရှင်ဖက်သို့ “ခင်ဗျားတို့ကြားတဲ့အတိုင်းပဲ အဲ့ဒီတော့ သူကျေနပ်အောင်တော့ တခုခုပြန်လုပ်ပေးနိုင်မလား ” ဟုမေးရာ လူနာရှင်ဖက်က ခေါင်းငြိတ်သဖြင့် ” ဒီက ကွင်းပိုင်ကြီး လည်း ဒီဘဝကြီးရောက်နေတာတောင်မှ နောင်တမရသေးဘဲ အခုလို လုပ်တယ် သင်နောင်တမရသေးဘူးလား….ကဲ ဒီမိန်းမကလည်း သင်ရှိမှန်း မသိလို့ အပေါ့စွန့်မိတာဖြစ်တဲ့အတွက် သင်ကျေနပ်အောင်တောင်းပန်ပေးရင် ကျေနပ်နိုင်မလား ” ဟုမေးလေရာ အင်တင်တင်ဖြင့် “အင်း ” ဟုဖြေလေသည်
ဘယ်လိုလုပ်ပေးရမလဲမေးရာတွင်.. အမဲသားတစ်ပိသာကျွေးရန် တောင်းဆိုလေသည် ထိုအခါ “ကျေနပ်ရင် သင်လုပ်ထားတာတွေ အကုန်ပြန်ယူပြီး နောက်ကို ရွာသားတွေကို မနှောင့်ယှက်ပါဘူးလို့ ကတိပေးနိုင်သလား ” ဟုမေးရာ ပထမအတိုင်းပင် “အင်း” ဟု ဆိုလေသည်၊ ကျွန်ုပ်မှ “သူလုပ်ထားသမျှအကုန် တစ်ခုမကျန် ပြန်ယူစေရန် အကယ်၍ ကျန်နေသေးပါက ထွက်၍ မရပဲ နေစေ ,ကြိုးပိုင်က တုတ်ထား ဆင်ပိုင်က နင်းထား မီးပိုင်က မီးပြင်းတိုက်ထား ခန္ဓာကိုယ်ပိုင်ရှင်မထိစေရ ” ဟု အမိန့်ပေးရာ…….
ထို တစ္ဆေကြီးမှာ ပြန်ရန်ထွက်၍မရပေ ကျွန်ုပ်မှနေ၍ ” ခေါင်းမာနေတုန်းကိုး ကွင်းပိုင်ကြီးရဲ့ နင်က ပဲစမ်းမလား ငါကပဲစွမ်းမလား နင်စမ်းကြည့်ပေတော့”
“ကဲ ကြိုးပိုင် ပိုတင်းအောင် တုပ်ထား၊ ဆင်ပိုင် က နောက်တကောင်နဲ့ လေးဖက်လေးတန်နင်းထား၊ မီးပိုင်က ငရဲမီးနဲ့တိုက် ခန္ဓာပိုင်ရှင်မထိစေရ လုပ်စမ်း ဒီလောက်ခေါင်းမာတဲ့ မကောင်းဆိုးဝါး ကို ” ဟု ခိုင်းလေရာ ကွင်းပိုင်တစ္ဆေကြီးမှာ ကြမ်းပြင်ပေါ်တွင် လူးလှိမ့် နေလေတော့သည်…
“ကဲ တခုမကျန် အကုန်ယူသွားမလား ဆက်ခေါင်းမာမလား” “အမလေး ကြောက်ပါပြီဆရာရဲ့ အကုန်ပြန်ယူသွားပါ့မယ်” ကျွန်ုပ်မှ “အေး ထုတ်မယ်ဆိုရင်တော့ ကုန်အောင်ထုတ် မြူမှုံတစ်မှုံစာတောင်မကျန်စေနဲ့ ငါဘာလုပ်နိုင်သလဲ သိပြီနော်” “ဟုတ် ဟုတ် သိပါပြီ ထုတ်ပါတော့မယ် မခံနိုင်လွန်းလို့ပါ ပူလှနာလှပါပြီ သွားပါရစေ”ဟု ဆိုကာ ပညာစက်အကုန်ထုတ်ပေးပြီးနောက် လုံးဝကုန်စင်ပြီး မကျန်တော့သဖြင့် ထွက်ကာနေရပ်သို့ ပြန်၍ ရသွားလေသည်..
ထိုအခါ လူနာမှာ သတိရကာ အူကြောင်ကြောင်ဖြင့် အံ့သြကာ မိမိအားငေးစိုက်ကြည့်နေသောသူများအား အထူးတဆန်းသဖွယ်ပြန်ကြည့်ကာ မိမိ မည်သို့ဖြစ်သွားကြောင်းမသိသည်ကို ပြောပြလျက် ခြေထောက်မှာပြန်ကောင်းလာကာ လမ်းထလျှောက်နိုင်သဖြင့် ကျေးဇူးများ အထပ်ထပ်တင်ကာ ကုန်း၍ဦးချရာ
ကျွန်ုပ်မှ သက်သာသွားပြီဖြစ်သောကြောင့် အမဲသား တစ်ပိသာကျွေး၍ ၎င်းနေထိုင်ရာ အပင်အောက်သို့ သွားရောက်၍ တောင်းပန်ရန် ကတိပေးထားကြောင်း ထိုကတိအတိုင်း ပြုလုပ်ပုံအဆင့်ဆင့်နှင့် ရွတ်ဖတ်ရန်များ သင်ပေးပြီး ပြန်လိုက ပြန်နိုင်ပြီဖြစ်ကြောင်း ပြောပြရာ ချက်ချင်း ထ၍ ကတိပေးပြီး ယခုချက်ချင်းပင် အမဲသား သွားဝယ်တော့မည်ဟုဆိုကာ လာလမ်းအတိုင်း လမ်းလျှောက်၍ ရောက်လာတုန်းကပုံစံနှင့် ဆန့်ကျင်ဖက်ပုံစံသို့ပြောင်းလဲပြီး လူကောင်းတစ်ယောက်အတိုင်း ဆိုက်ကားကိုပင်လှည့်မကြည့်တော့ဘဲ လမ်းလျှောက်၍ ထွက်ခွါသွားလေတော့သည် ။
ဥက္ကာကျော်