ရွှေဈေးတက်လာကြောင်း စကစ ဝန်ခံလိုက်ပြီ၊ ရွှေဒင်္ဂါး တကျပ်သား ၂၉ သိန်းခွဲဖြင့် စတင်ရောင်းချ

ရွှေဒင်္ဂါးပြားကို တကျပ်သားလျှင်၂၉ သိန်းခွဲ ဈေးဖြင့် နေပြည်တော်၌ စက်တင်ဘာလ ၅ ရက် ယနေ့တွင် ကျောက်မျက်ရတနာပြတိုက် ခန်းမဆောင်တွင် စတင်ရောင်းချပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

“ညနေ ၄ နာရီခွဲထိ ရောင်းပေးမှာပါ။ ရန်ကုန်မှာတော့ မနက်ဖြန်လောက်မှ ရောင်းပေးဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီနေ့က နေပြည်တော်မှာ ရောင်းပေးတာပါ”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

တကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများရှိ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတွင် လွတ်လွတ်လပ်လပ် ရောင်းချပေးမည်ဟု စကစ က စက်တင်ဘာလ ၁ ရက် နေ့ ညပိုင်းမှာ ကြေညာထားပါတယ်။ ရွှေဒင်္ဂါးပြားပုံစံမှာ ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ဒင်္ဂါးပြားဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါ ရွှေဒင်္ဂါး ရောင်းချမယ်လို့ စတင်ကြေညာကတည်းက ဈေးကွက်အတွင်း လှုပ်ခတ်မှု အမျိုးမျိုး ဖြစ်ခဲ့ပြီး ရွှေဈေးများ မတည်မငြိမ် ဖြစ်လျက် ရှိပါတယ်။ ယခုလို ရွှေဒင်္ဂါး တကျပ်သားကို ၂၉ သိန်းခွဲနဲ့ ရောင်းချပေးလိုက်တာဟာ စကစအနေနဲ့ ရွှေဈေးနှုန်း အရင်ကထက် မြင့်တက်လာတာကို တဖက်လှည့်နဲ့ ဝန်ခံလိုက်တာလို့ ရွှေဈေးကွက်နဲ့ နီးစပ်သူတဦးက သုံးသပ် ပြောကြားပါတယ်။

ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရွှေဈေးမှာ သိန်း ၂၀ ဝန်းကျင်သာ ရှိသေးတာကြောင့် ဟာသ သဖွယ် ဖြစ်နေပြီး ဖြစ်နိုင်ပါက ထိုဈေးနှုန်းကို ဆက်ပြီး မထုတ်ပြန်သင့်ကြောင်းလည်း အဆိုပါ ရွှေဈေးကွက်နဲ့ နီးစပ်သူက ပြောပါတယ်။ လက်ရှိအချိန် ပြင်ပဈေးကွက် ပေါက်ဈေးမှာ ၃၁ သိန်း ဝန်းကျင်ခန့်ရှိနေပြီး ရွှေဒင်္ဂါး ဆေးမြီးတိုဂယက် အရှိန်ကုန်သွားရင် ရွှေဈေး ပြန်လည် မြင့်တက်လာနိုင်တယ်လို့ ဈေးကွက်သုံးသပ်သူများက ခန့်မှန်းထားကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page