ဖုန်းလုတဲ့သူတွေကို ဆိုင်ကယ်ချင်းယှဉ်တိုက်ပြီး ရုပ်ရှင်ဆန်ဆန် အမိဖမ်းလိုက်တဲ့ မန္တလေးသူအာဂအမျိုးသမီး
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၁လမ်းနှင့် ၈၇လမ်းထောင့်အနီးတွင် ဇန်နဝါရီ ၁ရက် ည ၆ နာရီအချိန်က ဆိုင်ကယ်စီးအမျိုးသမီးတဦးရဲ့ ဖုန်းကို ဆိုင်ကယ်စီး အမျိုးသား နှစ်ဦးက လုယူခဲ့တယ်လို့ သိရပါတယ်။
ထိုအမျိုးသမီးသည် ဖုန်းလုယူထွက်ပြေးသွားသည့် ဆိုင်ကယ်ကို ချက်ချင်းနောက်ကလိုက်၍ တိုက်လှဲချကာ အနီးရှိ ပြည်သူများ၏ကူညီမှုဖြင့် လုယက်သူများအား ဖမ်းဆီရမိလိုက်ကြောင်း မျက်မြင်တွေ့သူများက လူမှုကွန်ရက်ပေါ်ရေးသားချက်အရ သိရပါတယ်။
အဆိုပါ အမျိုးသမီးသည် ဆိုင်ကယ်စီးရင်း ဖုန်းပြောနေစဉ် ထရော့ကာအမျိုးအစားဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက သူမ၏ဖုန်းကို လုယူထွက်ပြေးခြင်းဖြစ်ပါတယ်။
“အာဂသတ္တိရှိတဲ့ အမျိုးသမီးပါပဲ။ သူသာ စွန့်စားပြီး ရဲရဲဝံ့ဝံ့နဲ့ အခုလို နောက်ကလိုက်တိုက်ပြီး မဖမ်းဘူးဆိုရင် လုယက်သူတွေ သေချာပေါက်လွတ်သွားမှာ”ဟု ဖြစ်စဉ်ကိုမြင်တွေ့သူ အမျိုးသားက ဆိုပါတယ်။
မန္တလေးမြို့တွင် ဆိုင်ကယ်စီး၍ အုပ်စုဖွဲ့ကာ လုယက်မှုများသည် နေ့ခင်းပိုင်း လူရှင်းသည့်လမ်းမကြီးများပေါ်တွင်ပါ မကြာခဏဆိုသလို ဖြစ်ပွားနေသည်ဟု ကြားသိရပြီး ပစ္စည်းလုခံရသည့်အပြင် အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်ရန်ရှာခံရခြင်းများရှိကြောင်း ကိုယ်တွေ့ကြုံသူများက လူမှုကွန်ရက်ပေါ်သို့ ရေးသားသတိပေးချက်များအရ သိရပါတယ်။
မန္တလေးသတင်းကွန်ရက်