ဂျပန်စစ်ဗိုလ်နဲ့ စစ်သားတွေကို ရဲရင့်မှုနဲ့ နှလုံးရည်သုံးပြီး ရင်ဆိုင်ခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး

ဖိနပ်ပုံပြင်

“တနေ့တော့ ဂျပန်စစ်သားတယောက်က ကျောင်းသူတစ်ဦးကို ကျောင်းရှေ့မှာ ဆွဲလားရမ်းလား လုပ်တယ်။ ကျောင်းသူလေးက ငိုယိုပြီး ဂျပန်စစ်သားကို တွန်းပစ်လိုက်တယ်။ နောက် ကျောင်းထဲကို ၀င်ပြေးတယ်။ ဂျပန်စစ်သားက နောက်က လိုက်လာတယ်။

အဲဒီအချိန်မှာ အရာတခုက အရှိန်ပြင်းပြင်းနဲ့ ဂျပန်စစ်သားရဲ့ ရင်ဘတ်ကို ဗုန်းခနဲ လာမှန်တယ်။ ကြည့်လိုက်တော့ ယောင်္ကျားစီး သားရေဖိနပ် တဖက်။ ဂျပန်စစ်သားကလည်း ဒေါပွပြီး ကျောင်းထဲ၀င်မယ်လုပ်တယ်။ ကျောင်းသားတွေက ဝိုင်းလာတယ်။ ဟန်ပုံမရတော့ အဲဒီဂျပန် ပြန်ပြေးသွားတယ်”

စာရေးဆရာ ဆရာနတ်မှူး ၏ ‘ဖိနပ်ပုံပြင်’ ၀တ္ထုတိုထဲက ဇာတ်ရှိန်တက် အခန်းတစ်ခန်း ဖြစ်ပါသည်။ ဂျပန်ခေတ်က ကျောင်းတစ်ကျောင်းတွင် ကျောင်းသူကို၀င်ဆွဲသည့် ဂျပန်စစ်သားကို ဖိနပ်တဖက်နှင့် ပေါက်လိုက်သော ဇာတ်လိုက် ကျောင်းသားလေးကြောင့် ဂျပန်ဗိုလ် အပါအ၀င် ဂျစ်ကားနှင့် ချီတက်လာသော ဂျပန်အဖွဲ့ကို နှလုံးရည်ပြည့် တုံ့ပြန်ခဲ့သူက ‘ဆရာကြီးဦးရာဇတ်’ ဟု ဆိုပါသည်။

ဂျပန်ဗိုလ် နာကာတာ က ရှူးရှူးရှားရှားနှင့် ကျောင်းအုပ်ကြီးရုံးခန်းထဲကို ၀င်သွားတယ်။ သူ့စစ်သားကို ဖိနပ်နဲ့ပေါက်တဲ့ ကျောင်းသားကို ထုတ်ပေးဖို့ စကားပြန်ကတဆင့် ကျောင်းအုပ်ကြီးကို ပြောပါတယ်။

”ဖိနပ်ပေါက်တဲ့ကိစ္စဟာ မာစတာတို့ ဂျပန်စစ်သားရဲ့ မြန်မာကျောင်းသူလေးတစ်ဦးအပေါ် ရမ်းကားမှုကြောင့် ဖြစ်လာတာပါ”

ဘယ်လိုလူမျိုးမဆို ကိုယ့်ရှေ့မှာတင် ကိုယ့်လူမျိုးကျောင်းသူတစ်ဦးကို လူမျိုးခြားက စော်ကားတာ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ရမ်းကားလို့ ဖိနပ်နဲ့ပေါက်တာ။ ဆရာကြီးဦးရာဇတ်၏ ပြတ်သားသော စကားတွေက ၀တ္ထုဇာတ်လမ်းအပြင်ကို ထွက်လာပြီး ကျွန်တော်တို့ကို သွေးမြှင့်ပေးလိုက်သကဲ့သို့ ရှိပါသည်။

ဇာတ်လမ်းထဲက သတ္တိခဲ မောင်ကျောင်းသားလေးရဲ့ ဖိနပ်ကိုလည်း ကျွန်တော် မြင်ယောင်မိလာသည်။ ဆရာကြီးက ဂျပန်စစ်ဗိုလ် ကျေနပ်အောင် ညနေ ကျောင်းဆင်းလျှင် ဖိနပ်နှင့်ပေါက်သည့် ကျောင်းသားကို စောင့်ခေါ်ပါဟု ပြောပြီး ဖိနပ်တဖက်ထဲ စီးထားသည့် ကျောင်းသားသည် မာစတာလိုချင်သည့် တရားခံပါပဲဟု ပြောပြီး နှစ်သိမ့်ထား၍ ညနေ ကျောင်းဆင်းသည့်အချိန်၌မူ ကျောင်းသူကျောင်းသားအားလုံး ခြေဗလာနှင့် ဆင်းလာသည်ကို တွေ့လိုက်ရသည့် မာစတာတို့သည် .. .. မာစတာကြီး ပထမတော့ ဒေါသ ငယ်ထိပ်တက်သွား၏ ..

နောက်တော့ ဆရာကြီးဦးရာဇတ်၏ နှလုံးရည်ကို လေးစားလွန်း၍ လက်ဆွဲနှုတ်ဆက် ပြန်သွားကြသည်။ ဇာတ်လမ်းကား မဆုံးသေး .. ဂျပန်စစ်သားကို ဖိနပ်နှင့်ပေါက်သည့် မောင်ကျောင်းသားနှင့် ဂျပန်ရမ်းကားမှုကို ကြုံရလေသည့် ကျောင်းသူလေးတို့ မေတ္တာမျှသွားကြပြီး သူတို့နှစ်ဦး၏ ဖူးစာရေးနတ် “ဖိနပ်ပြတ်” (ဂျပန်စစ်သားက ဓားနှင့်ခုတ်သွားသည်) ကို အမြဲ အမြတ်တနိုး သိမ်းထားဖို့ တိုင်ပင်ကြသည်။

သူတို့၏ သားဖြစ်သူက အဖေအမေတို့၏ သမိုင်း၀င် ဖိနပ်ပြတ်လေးကို မှန်ကောင်တာနှင့်ထည့်ပြီး ထိန်းသိမ်းထားသည်တဲ့။ တကယ်တော့ ဖိနပ်ကလေးဟာ ဖိနပ်လေး မဟုတ်တော့ဘူး။ “ရဲဝံ့မှု ၊ မဟုတ်မခံမှု ၊ ဉာဏ်အမြော်အမြင်ကြီးမှု တို့ရဲ့ သင်္ကေတ” အဖြစ် ..။

Michael Maung Maung

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page