လက်ဖက်နဲ့ ထန်းလျက်ကိုပါ မှောင်ခိုကူးခဲ့ရတဲ့ မြန်မာ့ဆိုရှယ်လစ်ခေတ် အမှောင်ဖက်ခြမ်း

၁၉၆၂ ခုနှစ် တစ်ဝိုက်က လက်ဖက်တို့ ဆီတို့ ထန်းလျက်တို့ကို ဘာလို့မှောင်ခို ကုန်ကူးရတာလည်းဗျ။ နောက်ပြီးတော့ လက်ဖက်တို့ ဆီတို့ ထန်းလျက် တို့ပဲလား တခြားဘာပစ္စည်း တွေရော မှောင်ခိုကုန်ကူးကြရသေးလဲ?

၁၉၆၄ ခုနှစ် အစိုးရက ပြည်သူပိုင်ပြုလုပ်ပြီးအကုန်သိမ်းပါတယ်။ လက်လုပ်မုန့် (ဥပမာ ) ပဲပြုတ် မုန့်ပြားသလက် မီးခြစ် ဆေးပေါ့လိပ် မြန်မာဆေး လျက်ဆား ကလွဲရင်ကျန်တာ အစိုးရ ပဲရောင်းခွင့်ရှိပါတယ်။ ဆန် ဆီ ဆား ငရုတ် ကြက်သွန် အာလူး အသား ငါး ကအစ ကုန်စည်အားလုံးအစိုးရပဲ ရောင်းရပါတယ်။

ဆစတက ခေါ်တဲ့ ဆိုရှယ်လစ်စီးပွားရေးစံနစ် တည်ဆောက်မှု ကော်မီတီဆိုတာက ထိန်းချုပ်ထားပါတယ်။ ပပက လို့ခေါ်တဲ့ပြည်သူ့ဆိုင်မှာ ခွဲတမ်းစံနစ်နဲ့ တန်းစီဝယ်ရပါတယ်။ နောက်တော့ အစိုးရက သမဝါယမ ဆိုတာဖွဲ့ပါတယ်။ ပြည်သူကအရင်းထည့်ဝင်ပြီး စာအုပ်နဲ့ ခွဲတမ်း တန်းစီတိုးစံနစ်ပါ။ ရှုံးရင်ပြည်သူပဲခံပေါ့။ စာရင်းအရတော့ရှုံးတာပါ။

ရပ်ကွက်သမဆိုင်တွေ ဖျက်သိမ်းတော့ ပြည်သူ့အရင်းအနှီးငွေကြေး ဆိုင် အဆောက်အဦ ပြည်သူထံပြန်မဝင်လာတော့ပါ။ ပပက သမဆိုင်ဝန်ထမ်း မသမာသူတွေ နဲ့ မလိုပဲတန်းစီတိုးစားသူ‌တွေ ပြန်ရောင်းတဲ့အခါဈေး၂ ဆ၃ဆ နဲ့မှောင်ခိုဈေးကွက်ကြီး ပေါ်လာပါတယ်။

နောက်ပိုင်းမှာ ပြောင်ပြောင် တင်းတင်းပဲ အကြီးအကျယ်ဖြစ်လာပါတယ်။ ပပက သမ ဆိုင်ဝန်ထမ်းတွေ လူကြီးတွေလည်း ချမ်းသာလာကြပါတယ်။ ပြည်သူက ပိုမွဲလာပါတယ်။ ဆန်ဝယ်ဖို့ ပိုက်ဆံမရှိလို့ မိမိစားတဲ့ကြွေပန်းကန် ၆ ချပ်ရောင်းမိသူထောင် ၆ လ ကျပါတယ်။ ဆိုရှယ်လစ်စီးပွားရေးစံနစ် စောင့်ရှောက်‌ ကာကွယ်ရေးဥပဒေ အရဆိုပါတယ်။

လက်ဖက်စို ကကင်းလွတ်ပါတယ်။ ၁၉၆၆ ခုနှစ် နွေကျောင်းပိတ်ရက်မှာအဖေက သား‌တွေ ရှင်ပြုရင် ရေနွေးကြမ်းခပ်ဖို့ လက်ဖက်အစို၂၅ ကျပ်သား ကိုနေလှမ်းမိလို့ ညကို လာသိမ်းပါတယ်။ လက်ဖက်‌‌ခြောက်က ရောင်းခွင့်မရှိပါ။ မရောင်းပဲ အလှူလုပ်ဖို့ နေလှမ်း ခြောက်သွားတာတောင် အသိမ်းခံရပါတယ်။ ကိုယ်တွေ့ပါ။

အဖိုးအဖွား မိဘ က အကုန် ကုန်သည် ဈေးသည်မို့ အသိမ်းခံရပါတယ်။ အိမ်လည်းဆင်းရဲပြီး ဆေးပေါ့လိပ်ပဲ ရောင်းစားရပါတယ်။ ရှိတာအကုန်ပြုတ်တာပါပဲ။ ၁၉၆၈ မှာ ကမ္ဘာ့ဆန်အထွက်ဆုံး တင်ပို့မှု အများဆုံး နိုင်ငံ က ပြောင်းဖူးပြုတ်စားရတဲ့ အဆင့်ရောက်ပါတယ်။ ဆန်နဲ့ပြောင်းကြမ်းရော စားရပါတယ်။ တချို့ဝဥ ကန်စွန်းဥ စားရတယ်။

ဆန်တစ်တင်း တစ်ရာကျပ် ဖြစ်လာပါတယ်။ ပြည်သူပိုင်မသိမ်းခင်က အကောင်းစားဆန်တစ်အိတ် ၁၆ ကျပ်ပါ။ လူတစ်ယောက်လုပ်ခ ၃ ကျပ်၁၅ပြားပဲရတဲ့ကာလမှာ တစ်ရာဆိုတာ တစ်လစာရှိလာပါတယ်။ နှစ်ချို့ရေစို ပျက်စီး ငစိန်ဆန်ကြမ်းကို တစ်ဦး ၄ ပြည်ခွဲတမ်းနဲ့ပဲရောင်းလို့ အာဟာရ ချို့တဲ့ပြီး မြန်မာတွေ အရပ် ၂ လက်မ ပုသွားပါတယ်။

၁၉၆၄ကနေ ၁၉၈၀ ဝန်းကျင်အတွင်းမွေးဖွားသူ အများစု သတိထားကြည့်ပါ။ ဆန်နီ‌ကြောင် စပါးလုံး ကျောက်ခဲအပြည့်ပါပဲ။ ပြန်ဖွတ်စားရပါတယ်။ လူကြီး အိမ်တွေတော့ကောင်းတဲ့ဆန်ပို့ပေးကြပါတယ်။ ဆန်ပြဿနာကို တရုတ်ဗမာ အရေးအခင်းနဲ့ ဖုံးလွှမ်းအာရုံပြောင်းပေးလိုက်ပါတယ်။ လူကြီးသဘောကျတဲ့ ဆန်စက်တွေ ရွှေဖြစ်တဲ့ခေတ်ပါ။

အဲဒီလို အလကား ရတဲ့ ပစ္စည်းတွေ စက်ရုံ အလုပ်ရုံ သယံဇာတ‌တွေကို ပြည်သူပိုင်ဆိုပြီး အစိုးရသိမ်းကာ လုပ်ကိုင်လိုက်တဲ့အခါ ခွက်ခွက်လန်အောင်ရှုံးပြီး တိုင်းပြည် ငမွဲစာရင်း LDC Least Developed Country ခံသွားရတာပါပဲ။ စီးပွားရေးမလုပ်တတ်ပဲ ငွေလိုလာတော့ငွေစက္ကူအသစ်တွေရိုက်ထုတ်တယ်။ ငွေဖောင်းပွမြင့်မားလွန်းတော့ ထုတ်ထားတဲ့ငွေစက္ကူတွေ တရားမဝင်ကြေငြာတယ်။ မှတ်မိပါတယ် လစာထုတ်ပြီးစ ကြေငြာလို့ တစ်လစာအကြွေး ခံပြီး စားခဲ့ရတယ်။ ငိုသူငို ကြရတယ်။

တိုင်းပြည်သာ မွဲသွားပြီး အများပြည်သူ ဆင်းရဲပေမဲ့ ဆိုရှယ်လစ်စံနစ်ကြောင့် သားစဉ်မြေးဆက်ချမ်းသာနေသွားကြသူ‌တွေကို မြင်ကြတွေ့ကြမှာပါ။ အဲဒါ ဆိုရှယ်လစ် လူ့ဘောင်သစ် ကြီးဆိုတာပါပဲ။ ကိုယ်တွေ့ ဘဝ ပါပဲ။ (Paung Kuu Tatar)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page