မြန်မာပြည် စီမံကိန်းတွေရဲ့ ကန့်လန့်ကာ နောက်ကွယ်က ဖြစ်ရပ်မှန်များ (ဘယ်သူ့မှာ အာဏာ အရှိဆုံးလဲ)

အခန်း(၁)

ကြို့ကုန်းနည်းပညာတက္ကသိုလ်၏ ဆရာများနားနေဆောင် အတွင်း ဖြစ်သည်။ ဆရာဦးရေအေး၏ မျက်နှာသည်၊ကျေနပ်ပီတိဖြစ်နေ၏။

” သာဓု သာဓု သာဓု….. ငါ့တပည့်ကြီး ညာဏ်ထက် ကျန်းမာချမ်းသာ ဘုန်ကြီးသက်ရှည် ပါစေကွာ… ” ” ပေးတဲ့ဆုနဲ့ ပြည့်ပါစေဆရာ။ ကျနော်လည်း မြန်မာပြည်ပြန်ရောက်ကတည်းက ကိုယ့်ဆရာ၊ ဆရာမတွေကိုပြန်တွေ့ပြီးကန်တော့ချင်နေတာ ဆရာရဲ့…။

” အေးလေ… မင်းက ကျောင်းပြီး က တည်းက နိုင်ငံခြားထွက်သွားတာမဟုတ်လား…၊ ခုမှပဲ တွေ့ရတော့တာကိုး။” ” ဟုတ်ပါတယ် ဆရာ”

” ဒါနဲ့ ငါ့တပည့်က နိုင်ငံခြားမှာ မဟာဘွဲ့အတွက် ကျောင်း ဆက် တက်တာရော၊ အလုပ် လုပ်တာရော ဘယ်လောက်များကြာခဲ့တုန်းကွဲ့။” “၁၀ နှစ်နီးနီးပါပဲ ဆရာ။ ”

“အေး..အေး… ကောင်းတယ်ကွာ။ အခုတော့ ဒီမှာပဲပြန်ပြီး အခြေချတယ် ဆိုပါတော့။” “ဟုတ်ပါတယ်ဆရာ။ အချိန်တန်တော့လည်း၊ ကိုယ့်နိုင်ငံကိုယ်ပဲ ကောင်းမယ်ထင်လို့ပါ။”

“အေးပေါ့ကွာ…။ ဒါနဲ့ အခုအလုပ်က ဘယ်မှာတုန်း။ ရာထူးကကော။ လစာကကော။ ညာဏ်ထက်က နိုင်ငံခြားအတွေ့အကြုံကလည်းရှိ၊ ဘွဲ့တွေကလည်း တစ်သီတစ်တန်းဆိုတော့… လစာကတော့ ကောင်းမယ်ထင်ပါတယ်ကွာ..။”

“အလုပ်ကတော့.. ဇောတိကဆောက်လုပ်ရေးမှာပါ ဆရာ။ ရာထူးကတော့ Chief Engineer ပါဆရာ။ လစာလည်း မဆိုးပါဘူး။ ဆရာတပည့်ချင်းမို့ မကွယ်မဝှက်ပြောရရင်… အင်း… သိန်း သုံး ဆယ်… အဲ.. အဲသလောက်တော့ ရပါတယ် ဆရာ..။”

“အားပါးပါး သိန်းသုံးဆယ်ကြီး… ၊ ဟေ..။ တကယ်ကြီးလားဟ။ ” “ဟာ.. ဆရာရယ်.. တိုးတိုးလုပ်ပါ။”

“အေး.. အေးပါကွာ..။ ရုတ်တရက်ဆိုတော့.. ဝမ်းသာသွားတာပါကွာ..။ ဂုဏ်ယူတယ် ငါ့တပည့်ရာ တကယ်။ခုလိုလစာမျိုးဆိုတာ လူတိုင်းမရနိုင်ဘူးကွ..။ ဆရာ့ တပည့်တွေထဲ ဒီလို ထွန်းထွန်းပေါက်ပေါက်လူတွေ ရှိတာ ဝမ်းသာတယ်ဟေ့…။”

“ဟုတ်ကဲ့ပါဆရာ…။ ကျနော် နောက်ထပ်ချိန်းထားတာလေးတွေ ရှိလို့ ခွင့်ပြုပါဦးဆရာ။ ဒါက ကျနော့ Business Card ပါ။ လိုအပ်တာရှိရင် ဆက်သွယ်ပါဆရာ။”

“အေး…အေး… ငါတပည့်ကြီး ဒီထက်မက ရာထူး လစာတွေ တိုးတက်ပါစေကွာ..။ နောက်လည်း အားတဲ့အခါ ဝင်ခဲ့ဦးဟေ့..။” “ဟုတ်ကဲ့ပါဆရာ…။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ သွားပါဦးမယ် ဆရာ…။”

“သြော်… ညာဏ်ထက်၊ ညာဏ်ထက်။ ကျောင်းတုန်းက အတန်းထဲမှာ အမြဲတမ်း Roll No. 1 တို့ 2 တို့ ရခဲ့တဲ့ကလေး။ အခုလည်း၊ နိုင်ငံခြားမှာ ဘွဲ့တွေ တစ်သီကြီး ယူလာခဲ့တဲ့ကောင် ဆိုတော့… ထိုက်ထိုက်တန်တန် ရရှာတာပေါ့လေ…။ ”

ရွှတ်ကနဲနေအောင် မောင်းထွက်သွားသော ဦးညာဏ်ထက်၏ ၂၀၀၇ မော်ဒယ်၊ ဟွန်ဒါဖစ် ကားကလေးကို မျက်စိတစ်ဆုံးကြည့်ရင်း… ဆရာဦးရေအေး တစ်ယောက် ရေရွတ်နေမိသည်..။

အခန်း(၂)

ဇောတိကဆောက်လုပ်ရေး၏ မန်းနေဂျင်းဒါရိုက်တာ(MD) ရုံးခန်း အတွင်းတွင်ဖြစ်သည်။ ဆောက်လုပ်ရေးပိုင်ရှင် ဦးချန်းလိုင်၏ မျက်နှာသည် စူပွပွ ဖြစ်နေ၏။

” ဒီမှာ ညာဏ်ထက်၊ နေရာတိုင်းမှာ မင်းပြောတဲ့ International standard ဆိုတာကြီးကို လုပ်နေလို့မရဘူးကွ…။ ဒါက မြန်မာပြည်။ ငါတို့ တစ်သက်လုံး စီးပွားရေးလုပ်လာတာ၊ ဘာ စတင်းဒက်မှ မလိုဘူး၊ ဘာ အင်တာနေရှင်မှလည်း မနယ်ဘူး။ ငါလည်း ဘယ်နိုင်ငံမှ မသွားဘူး။”

” ချန်းလိုင်ရာ… ငါက ရေရှည်ကောင်းအောင် စဉ်းစားလိုက်လို့ပါ။ အင်ဂျင်နီယာဆိုတာ ပညာရှင်တွေမဟုတ်လား.. ဒါ့ကြောင့်….”

“ဒါ့ကြောင့်… ပညာရှင်စိတ်ထားရမယ်၊ အင်တာနေရှင်နယ် စတင်းဒက်တွေအတိုင်း ရေရှည်ကောင်းအောင် စဉ်းစားရမယ်..၊ ဒါတွေပဲ ပြောဦးမှာ မဟုတ်လား.. ညာဏ်ထက်ရာ..။ တော်ပါတော့ကွာ..။ ငါက စီးပွားရေး လုပ်နေတာလေကွာ။ အလှူလုပ်နေတာမဟုတ်ဘူး..။ ကျော်သင့်ရင် ကျော်၊ ခွသင့်ရင် ခွ.. ဒါပဲ။

ဒီနိုင်ငံမှာ အလုပ် လုပ်ရင်၊ ဒီက ပုံစံတွေကို မင်းနားလည်မှဖြစ်မယ်။ လက်ခံမှ ဖြစ်မယ်..။ အေး….. မင်းသင်ခဲ့တဲ့ သင်ရိုးတွေအတိုင်း၊ မင်းလုပ်ခဲ့တဲ့ နိုင်ငံက ပုံစံအတိုင်း ဆက်လုပ်မယ်ဆိုရင်တော့….၊ မင်းဒီကို ပြန်မလာသင့်ဘူး..။ မင်းဒီအတိုင်းသာလုပ်နေရင် ငါ ခွက်လက်ဆွဲရလိမ့်မယ်.. သဘောပေါက်လား။ ကဲ.. နောက်ဆုံးပြောမယ်ကွာ…။ ဒီနေ့ကစပြီး၊ Final decision ကို၊ငါ လက်မှတ် ထိုးမယ် ငါ့လက်မှတ်မပါပဲ၊ ဘယ်ကောင်မှ Project design တွေကို အတည် မပြုရဘူး။ မင်းအောက်က ကောင်တွေကိုလည်း ပြောပြထား..။ မင်းသွားလို့ ရပြီ။ ”

ဦးညာဏ်ထက် MD ရုံးခန်းမှ ထွက်လာခဲ့သည်။ ” တောက်.. ချန်းလိုင်.. ချန်းလိုင်..၊ ဘီအီးဘွဲ့တောင်ကျပ်မပြည့်ပဲ ချူချူခြာခြာရခဲ့တဲ့ကောင်။ အေးပေါ့လေ.. ငွေရင်းနိုင်ရင်၊ လုပ်ငန်းရှင်ဖြစ်တဲ့ခေတ်၊ ကျော်တတ် ခွတတ်ရင် စီးပွားရေးပညာရှင်လို့ ထင်တဲ့ခေတ်၊ ပညာရှင်ဆိုတာ ပေးနိုင်ရင် ခေါ်ခိုင်းလို့ရတဲ့ခေတ် ဆိုတော့.. မင်းပြောသမျှပဲပေါ့ ချန်းလိုင်..။”

ရုံးပေါ်မှ ဆင်းပြီးဝူးကနဲနေအောင်မောင်းထွက်သွားသော ဦးချန်းလိုင်၏ ၂၀၀၈ မော်ဒယ်၊ ပါဂျရို ကားကြီးကို အံကြိတ်လျှက်ကြည့်ရင်း… ဦးညာဏ်ထက် တစ်ယောက် ရေရွတ်နေမိသည်..။

အခန်း(၃)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့နယ်ရုံး၊ ညွှန်ကြားရေးမှုးရုံးခန်းတွင်ဖြစ်သည်။ ညွှန်ကြားရေးမှုး ဦးဌေးအောင်နိုင်၏ မျက်နှာသည်၊ ရှစ်ခေါက်မက၊ ကိုးခေါက်၊ ဆယ်ခေါက် ချိုး၍နေ၏။

” ဟ.. ချန်းလိုင်ရ၊ မင်းတို့ဟာက ဘောင်မဝင်လို့ပြောနေတာကွ။ ငါတို့ကဘောင်ဝင်ရင်ဘာမဆို လုပ်ပေးတယ်။ မင်းလည်း သိပါတယ်။ ”

” အေး… အေးပါ သူငယ်ချင်းရာ..။ ငါ့ဘက်မှာလည်း မြေရှင်ကို လိုက်လျောရတာတွေ များသွားလို့၊ တစ်ထပ်လောက်ပိုဆောက်မိတာပါ။ မင်းဘက်က လုပ်ပေးရတာ ခက်ခဲမယ်ဆိုတာသိပါတယ် ဌေးအောင်နိုင်ရာ.. ဒါ.. ဒါပေမယ်.. ဟို.. မင်းလုပ် ပေးရင် ရပါတယ်ကွာ သူငယ်ချင်းကလည်း..။ ”

” အေး.. လုပ်ပေးရင် ရတယ် ဆိုပေမယ့်၊ ဘောင်တော့ သိပ်ကျော်နေလို့မရဘူးဟ..။ ငါတို့က လူကြီးအနားနေရတာကွ။ မင်းရိပ် မင်းကဲဆိုတာ ရှိတယ်၊ မင်းတို့ စီးပွားရေးသမားတွေက ဒါတွေလည်း နားလည် မထင်ပါဘူးကွာ..။”

” လုပ်ပါ ဌေးအောင်နိုင်ရာ…၊ မင်းတို့ငါတို့ဆိုတာ၊ တစ်ကျောင်းထဲဆင်းတဲ့သူတွေပဲ၊ အဆင်ပြေအောင်လုပ်လိုက်ပါကွာ…။ ငါလည်းမင်းအိမ်ကိုလာခဲ့ပါဦးမယ်။”

” ဟေ့ကောင် ချန်းလိုင်၊ မင်းကိုငါ ပြောခဲ့တာများပြီနော်။ အေး.. ဒီတစ်ခါတော့ ငါလုပ်ပေးလိုက်မယ်။ နောက်ဒါမျိုးထပ်မဖြစ်စေနဲ့ကွာ..။ မင်းတို့ စီးပွားရေးလုပ်နေတာပဲ.. ဒါလောက်တော့အကင်းပါးမယ်လို့ငါယူဆတယ်
ကွာ.. ဟုတ်ပြီလား..။ ”

” ဌေးအောင်.. ဌေးအောင်..။ လခွီး.. တဲ့မှ…။ သူ့လည်း လုပ်ကျွေးရသေး၊ အဟိန်း၊ အဟောက်လည်းခံရသေးကွာ..။ ကျောင်းတုန်းက Re-exam ကို သုံးခါလောက်ဖြေလို့မှ မအောင်၊ ဆရာတွေ သနားလို့ ဘီအီးဘွဲ့ကို ခနော်ခနဲ့ရတဲ့ခဲ့ကောင်၊ အခုတော့ မင်းတို့ လက်ညှိုးညွှန်ရာမှ ကန်ထရိုက်တိုက် ဖြစ်ရတဲ့ခေတ်ဆိုတော့.. လုပ်ထားဦးပေါ့ကွာ..။ ”

ရုံးအောက်ထပ်တွင် ရပ်ထားသော၊ ဦးဌေးအောင်နိုင်၏ ၂၀၁၀ မော်ဒယ် တိုရိုတာခရောင်းကားသည်ကား စတစ်ကာအနက်ရောင် အပြည့်ကပ်၍ထားလေ၏။

အခန်း(၄)

ဗေဒင်နက္ခတ် အခါပေးဆရာမင်္ဂလာဦးမောင်မောင်တင့်၏ ဓါတ်ခန်းအတွင်းတွင် ဖြစ်သည်။ ဦးမောင်မောင်တင့်၏ မျက်နှာသည် ရှုတည်တည် ဖြစ်၍နေ၏။

” ဒီမှာ ဦးဌေးအောင်နိုင်၊ ခင်ဗျား ဒီပုတီးပတ်ကလေးမှ ပြည့်အောင် မစိတ်နိုင်ရင်၊ ကျုပ်ဘက်က ဘာမှ ကူညီနိုင်မယ် မထင်ဘူးဗျ။ ခင်းဗျားကို လက်ရှိအနေအထားရောက်လာအောင်၊ ဒီနေရာမှာ တည်မြဲအောင်၊ လူကြီးက ချစ်အောင်… ကျုပ်ရဲ့ ဂမ္ဘီရပညာနဲ့ အမြဲကူညီခဲ့တယ်နော်..။ ဟိတ်တစ်လုံးနဲ့ ထိပ်ဆုံးက နေရအောင် ကျုပ်လုပ်ပေးခဲ့တာ။ အေး အခုလည်း အမြန်ဆုံး ရာထူးတက်အောင် လုပ်ရမယ့် ကျုပ်ရဲ့ယတြာတွေကို ခင်ဗျားက ခုလိုပေါ့ပေါ့ဆဆ သဘောထားရင်တော့ ခင်ဗျားထိုက်နဲ့ ခင်ဗျားကံပဲ..။”

” ဒီလိုပါ ဆရာရယ်.. ကျနော့မှာ ရုံးအလုပ်ကတစ်ဖက်၊ လူကြီးလမ်းကြောင်းက တစ်ဖက်၊ အိမ်ပြန်ရောက်တော့လည်း မောမောပန်းပန်းနဲ့….. ”

” တော်.. တန်… တိတ်။ ခုလိုအောင်မြင်လာတော့မှ၊ ခင်ဗျားက ဒီစကားပြောသလား။ ကျုပ်စကားနားထောင်ခဲ့လို့ ခင်ဗျားမှာ ဘာများ အကျိုးယုတ်ဖူးသလဲ။ ပြောစမ်းပါ။ ပြောလိုက်စမ်းပါ။ ခင်ဗျားကို ငယ်သူငယ်
ချင်းမို့ ကျုပ်က ဒီလောက်ပြောနေ ဆိုနေ လုပ်ပေးနေရတာ။ ကဲ..ကဲ. တော်ပြီဗျာ..။ ခင်ဗျားကို ကျုပ်ဘာမှ ထပ်မပြောချင်တော့ဘူး။ အေး.. နောက်ကျတော့မှ ကူပါ၊ကယ်ပါဦးဆိုပြီး ကျုပ်ဓါတ်ခန်းကိုရောက်မလာနဲ့
.. ကျုပ်လှည့်မကြည့်တော့ဘူး ဟုတ်ပြီလား..။ ခင်ဗျားပြန်တော့..။ ”

” ချီးတဲ့မှကွာ.. ဟိန်းလိုက်၊ ဟောက်လိုက်တာလဲ သူ့လုပ်စာစားနေရသလိုပါလား..။ မောင်မောင်တင့်၊ မောင်မောင်တင့်…၊ ဆယ်တန်းကို ဘယ်လိုဖြေဖြေ မအောင်တဲ့ကောင်..။ အခုတော့ ဂမ္ဘီရလိုလို၊ ဝိဇ္ဖာလိုလိုနဲ့ ဆရာထဖြစ်နေတော့တာကိုး။ သူ့မှ အားကိုးမိတာဆိုတော့ ခံထားပေဦးတော့ကွာ..။ ”

ဓါတ်ခန်းရှေ့ရပ်ထားသော ဦးမောင်မောင်တင့်၏ ၂၀၁၁ မော်ဒယ်၊ လန်ခရူဆာကားကြီးမှာ ပြောင်လက်တောက်ပလျှက်၊ ကားဦးတွင်ကား သာသနာ့အလံကို စိုက်၍ထားလေ၏။

(Bob Thwin Naung Soe)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page