ဆောင်းရာသီအေးအေးလေးမှာ ပွင့်ထွက်သွားမယ့် ချဉ်ငံစပ် အထောင်းဟင်းလျာများ ပြုလုပ်နည်း

ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ ပွင့်ထွက်ပြီး ထမင်းမြိန်စေဖို့အတွက် အထောင်းဟင်းလျာများ ပြုလုပ်နည်းကို ဖော်ပြလိုက်ပါတယ်-

(၁) ကလားအော်သီးကြက်သွန်ဖြူထောင်း

ကလားအော်သီး ၅တောင့် ကြက်သွန်ဖြူ ၁၀မွှာ တို့ကို လှော်ထားပါ။ ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း ၁ ဇွန်းသံပုရာသီး ၂ လုံး အရည်ညှစ်ထားပါ။ ဆားနည်းနည်း၊ ငါးပိစိမ်းစားကင် ထမင်းစားဇွန်း ၁ဇွန်း၊ ကြက်သွန်နီ တလုံ းပါးပါးလှီးတို့ကို ရောထောင်းထားပါတယ်ရှင့်။

(၂) သရက်သီးအာဗြဲခြောက်ကင်ထောင်း

ပါဝင်ပစ္စည်းများကတော့ သရက်သီးစိမ်း အနေတော် ၁ခြမ်း သေးသေး ပေါက်ထားပါ။ အာဗြဲခြောက် ၅ ကောင် ကင်ပြီး ထုထားပါ။ ငရုတ်သီးစိမ်း ၂၀ တောင့်ရယ်၊ ကြက်သွန်နီရယ်ကို လှော်ထားပါ။ ငါးပိစိမ်းစား ထမင်းစားဇွန်း ၂ဇွန်းကို မီးကင်ထားပါ။

အားလုံး အဆင်သင့်ဖြစ်ရင်တော့ ပထမဆုံး ငရုတ်သီးစိမ်းကြက်သွန်နီလှော်ထားတာ ထည့်ထောင်းပါ။ သရက်သီးပေါက်ထားတာ ထည့်ထောင်းပါ။ အာဗြဲခြောက်ကင် ညှပ်ထည့်ထောင်းပါ။ ငါးပိစိမ်းစားကင် ထည့်ထောင်းပါ။

အချိုမှုန့်၊ ဆားနည်းနည်း ထည့်ထောင်းပြီး ရှမ်းနံနံပါးပါး ညှပ်ထည့်ပြီး နှံ့အာင်မွှေပေးပြီးရင်တော့ ချဉ်ချဉ်ငန်ငန် စပ်စပ် သရက်သီးစိမ်း အာဗြဲခြောက်ကင်ထောင်း မွှေးမွှေးလေးရပါပြီရှင်။

(၃) ပဲပြားချဉ်စပ်ပေါင်း

ပဲပြားတတုံးကို ငရုတ်သီးစိမ်း ၁၅ တောင့်၊ ကြက်သွန်ဖြူ ၅ မွှာ၊ သံပုရာသီး တလုံး၊ ကြက်ပြုတ်ရည် စတီးဇွန်းနဲ့ ၁၀ဇွန်း၊ ကြက်သားမှုန့် နည်းနည်း၊ သကြားနည်းနည်း၊ ဂျင်းအရည်နည်းနည်း၊ ပဲငံပြာရည် အကြည် စတီး ဇွန်းနဲ့ ၃ ဇွန်း၊ နံနံပင် ၅ ပင် ခန့်လိုပါတယ်။

ပထမဆုံး ပဲပြားကို ရေဆေးပြီး အနေတော်တုံးပြီးသားကို ကြက်သားမှုန့် နည်းနည်း၊ သကြားနည်းနည်း၊ ကြက်ပြုတ်ရည် ၂ ဇွန်းတို့နဲ့ ဖွဖွနယ်ပြီး ပန်းကန်ထဲ စီထည့်ပြီး မီးအပူ ၁၆၀’ နဲ့ ၃ မိနစ်ခန့် ထည့်ပေါင်းထားပါ။

ပြီးရင်တော့ ကြက်သွန်ဖြူရယ်၊ ဂျင်းရယ်၊ နံနံပင်ရယ်ကို ခပ်ကြမ်းကြမ်း ထောင်းပါ။ ထောင်းပြီးသားထဲကို သံပုရာရည်၊ ဂျင်းရည်၊ ပဲငံပြာရည်၊ ကြက်သားမှုန့်၊ ကြက်ပြုတ်ရည် ရောဖျော်ထားပြီး ခုနက ပေါင်းထားတဲ့ ပဲပြားပန်ကန်ထဲ အပေါ်မှဆမ်းပေးပြီး ၃ မိနစ်ခန့် ထပ်ပေါင်းပေးပြီးရင်တော့ ပဲပြားချဉ်စပ်ပေါင်း ရပါပြီ။

(၄) မရမ်းသီးပုဇွန်ဆိတ်ထောင်း

ပါဝင်ပစ္စည်းက မရမ်းသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငါးပိစိမ်းစားကင်၊ ပုဇွန်ဆိတ် အခွံ့ခွာထားတာ လှော်ထားတာရယ်၊ ငရုတ်သီးစိမ်းမီးကင်ရယ် ပါရှင်။

ပထမဆုံး ဆုံထဲမှာ ကြက်သွန်ဖြူနီ ထောင်းပါတယ်။ ငရုတ်သီးစိမ်းလှော် ထည့်ထောင်းပါ။ မရမ်းသီး ထည့်ထောင်းပါ။ ငါးပိကင် ထည့်ထောင်းပါ။

တဆင့်ချင်း ထောင်းနော်။ နောက်ဆုံးမှ ပုဇွန်ဆိတ်လှော် ထည့်ထောင်းပြီး အပေါ့အငန် စိတ်ကြိုက်ပြင်ရင်း မွှေပြီးရင်တော့ ချဉ်ငန်ချိုစိမ့် မရမ်းသီးပုဇွန်ဆိတ်ထောင်းလေးကို ဘူးသီးဟင်းခါးလေးနဲ့ ဟင်းလွတ်စားလိုက်ကြစို့လေ…

KyiKyiPpK

Leave a Reply

Your email address will not be published.

x

You cannot copy content of this page