စစ်အာဏာရှင်တို့ လုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ယတြာနဲ့ မြောင်းထဲရောက်သွားတဲ့ ဂျင်းစီမံကိန်းကြီး
ကြက်ဆူပင်က ဒီဇယ်ထွက်ပြီး တနိုင်ငံလုံး စီပွားဖြစ်လိမ့်မည်ဟု စစ်အာဏာရှင်တို့ ဝါဒဖြန့်ကြသည်။ တနိုင်ငံလုံးတွင် စိုက်ပျိုးခိုင်းသည်။ အမိန့်မနာခံလျှင်၊ မိမိခြံတွင်းက ကြက်ဆူပင်ကို ခုတ်လျှင် ထောင်ချသည်အထိ ရက်စက်မိုက်ကန်းကြသည်။
ပြည်သူအများက ကြောက်လန့်၍ အမိန့်နာခံရသော်လည်း ကြက်ဆူ နှင့် စုကြည် တနင်္လာနံနှင့် အင်္ဂါနံ အပြန်အလှန် ကက်ကင်း သဘော ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ဆင်ဓာတ်ရိုက်လုပ်သည်ဟု ထင်မြင်ကြပြီး မကျေမနပ် ဖြစ်ကြသည်။ သို့သော် ကြက်ဆူမှ လောင်စာဆီထွက်လာပြီး တပြည်လုံးချမ်းသာအံ့နိုးနိုး ထင်ကြသေးသည်။
သတင်းစာများတွင် အလိုတော်ရိ အင်ဂျင်နီယာများက သိပ္ပံနည်းကျ မည်သို့ မည်ပုံ ထုတ်လုပ်မည်ဟု မစားရဝခမန်း ရေးသားကြသည်။ ကြက်ဆူမှ ထွက်သောဆီသည် ပမာဏနည်းပါးသည်။ လောင်စာဆီကို အစားမထိုးနိုင်သည်ကို သူတို့ သိကြပါသည်။ သို့သော် မင်းလိုလိုက် မင်းကြိုက်ဆောင်ကာ ပညာနှင့် ကျင့်ဝတ်ကို သစ္စာဖောက်ကာ ပြည်သူကို လိမ်လည်ခဲ့ကြသည်။
လူအများ မသိသော အချက် တချက် ရှိသည်။ ထိုကြက်ဆူဆီ စီမံကိန်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားသို့ သူခိုးဈေးနှင့် ရောင်းနေချိန်တွင် ပြည်သူကို မျှော်လင့်ချက်ပေးပြီး ချွေးသိမ့်သည့် ပရိယာယ် ဖြစ်သည်။ ပြည်သူများ၏ မကျေနပ်ချက်က အုံကြွပေါက်ကွဲလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
တဖက်ကလည်း ပြည်သူများအပေါ် အပြစ်ပုံချခြင်း ဖြစ်သည်။ အမိန့်အတိုင်း မစိုက်ကြသောကြောင့် စီမံကိန်း မအောင်မြင်၍ လောင်စာဆီ ရှားပါးကာ ဈေးကြီးရသည်ဟု အပြစ်ပုံချသည့် နည်းလမ်းကို သုံးခဲ့ခြင်း ဖြစ်သည်။
အဆိုးဝါးဆုံးက ပင်ပျိုကျွန်းတောတွေ ရှင်းလင်းပြီး ကြက်ဆူစိုက်ပစ်တဲ့ စိတ်ကူးဟာ ကမ္ဘာ့အံ့ဖွယ်ပါပဲ။
(အုတ်လှငဲ)