နွားလို မတွေးတတ်တဲ့လူနဲ့ လူလို မတွေးတတ်တဲ့ နွား (အခုခေတ်နဲ့တော့ ကွက်တိပါပဲဗျာ)
တခါက လူတစ်ယောက်က အိမ်နောက်ဘက်ကွက်လပ်မှာ နွားတစ်ကောင်နဲ့ ဆီဆုံလှည့်နေရင်း ခဏထားခဲ့ပြီး အိမ်ရှေ့မှာ ရေနွေးကြမ်းငှဲ့ သောက်နေ သတဲ့။
အဲဒီတုန်းလမ်းပေါ်မှာ လူစိမ်းဧည့်တစ်ယောက် ဖြတ်လာတာမြင်လို့ ရေနွေးကြမ်း သောက်လှမ်း ဖိတ်လိုက်သတဲ့။
သူ့အရပ် ကိုယ့်ဒေသမိုးလေဝသအကြောင်း စိုက်ရေးပျိုးရေး အကြောင်းအလ္လာပ သလ္လာပတွေ ပြောနေကြရင်း အိမ်ရှင်ကကြမ်းပြင်ကို နှင်တံ(နွားကန်)နဲ့ “ဗြန်းကနဲ” ရိုက်လိုက်တယ်။ ပြီးတော့စကားဆက်ပြောကြပြန်တယ်။
တအောင့်လောက် အကြာ ကြမ်းပြင်ကို ရိုက်လိုက်ပြန်ရော ဧည့်လူစိမ်းလည်း အိမ်ရှင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့် အကြောင်းရင်းကို မေးကြည့်မိသတဲ့။
“မေးစမ်းပါရစေဦး နောင်ကြီးရယ်။ စကားပြောနေရင်း နောင်ကြီးက ကြမ်းပြင်ကို ခဏခဏ ‘တဗြန်းဗြန်း’ရိုက်နေတာ ဘာသဘောလဲဗျ”
အိမ်ရှင်က ” ဒီလိုဗျ ကျုပ်က အိမ်နောက်ဖေးမှာ နွားနဲ့ဆီပွတ်နေတာလေ။ ခလောက်သံက တိတ်သွားတော့ ဒီနွားက ဆုံမလှည့်ပဲ ရပ်နေလို့ ကျုပ်က နှင်တံရိုက် အသံပေးနေရတာ.။ ကိုင်း… အခု ကျုပ်နွားရဲ့ ခလောက်သံကို မိတ်ဆွေကြားရဲ့ မဟုတ်လား၊ သူဆုံလှည့်နေပြီလေ”
လူစိမ်းကဘဝင်မကျသလိုနဲ့ “ဒီလိုဖြင့် နောင်ကြီးရယ်။ ခင်ဗျားရဲ့ နွားက ဆုံကို ဆွဲချင်ဟန်ဆောင်ပြီး ခြေစုံရပ်နေရင်းက ခေါင်းကို လှုပ်ရမ်းပြီး ခလောက်သံ ပေးနေရင်ရောဗျာ”
ဒီအခါမှာ အိမ်ရှင်က အခုလို ပြန်ပြောလိုက် ပါတယ်။ “ဒါကတော့ မိတ်ဆွေက လူဆိုတော့ လူလိုတွေးတာကိုးဗျ။ သူက နွားလေဗျာ၊ နွားလိုပဲတွေးတော့မှာပေါ့တဲ့။
လူထုဦးလှ
မြန်မာ့ရိုးရာပုံပြင်များမှ