ပြင်ပစာ မဖတ်ကြတော့တဲ့ ဆရာဝန်ကြီးတွေနဲ့ ပညာရေးစနစ်ရဲ့ ချို့ယွင်းချက်များ

ပြင်ပစာ မဖတ်ကြတော့တဲ့ ဆရာဝန်ကြီးတွေနဲ့ ပညာရေးစနစ်ရဲ့ ချို့ယွင့်းချက်များ

ကိုဗစ်ဒုတိယလှိုင်း အစလောက်မှာ ကျွန်တော့်အမျိုးသမီးရဲ့ အမေဟာ ချောင်းဆိုးပါတယ်။ ဒါကြောင့် တာမွေမြို့မှာရှိတဲ့ စူပါဒိတ်ဒိတ်ကြဲ အင်တာနေရှယ်နယ် ဆေးရုံဆိုတာကြီးကို သွားပြပါတယ်။ အဲ့ဒီဆေးရုံက အထူးတကာ့ အထူးပါရဂူကြီးက ဓာတ်မှန်ရိုက်ခိုင်းပါတယ်။ ဓာတ်မှန်ကိုကြည့်ပြီး ဟာ တီဘီပဲဆိုကာ ဒေသန္တရဆေးပေးခန်းမှာ ဆေးထုတ်ပြီး သောက်ခိုင်းပါတယ်။

တီဘီဆေးတွေသောက်လိုက်တဲ့နေ့ကစပြီး ချောင်းဆိုးနေတဲ့ လူမမာဟာ ခေါင်းတောင် မထူနိုင်တော့ဘဲ ဘုန်းဘုန်းလဲပါတော့တယ်။ ဒါနဲ့ အဲ့ဒီအထူးကုဆေးရုံကြီးနဲ့ ဆရာဝန်ကြီးဆီကို ပြန်သွားပြတဲ့အခါ လူမမာကို ဆေးရုံထဲကိုတောင် ပေးမဝင်တော့ပါဘူး။ ကိုဗစ်သံသယရှိတယ်ဆိုပြီး ပြည်သူ့ဆေးရုံကြီးကိုပဲ သွားခိုင်းပါတယ်။

ဒါပေမယ့် အဲ့ဒီအချိန်က ဒုတိယလှိုင်းအစဖြစ်တာကြောင့် ပြည်သူ့ဆေးရုံကြီးဟာ အခုလို စနစ်တကျ သိပ်မရှိသေးဘဲ အတော်လေး ခက်ခက်ခဲခဲရုန်းကန်နေရတာကို သိတဲ့အတွက် ကျွန်တော်တို့တစ်မိသားစုလုံးဟာ လူမမာကို ဆေးရုံကြီးကို သွားမပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ နောက်နေ့ AYA စင်တာမှာ ကိုဗစ်စစ်လိုက်တော့ နက်ဂတစ်ထွက်ပါတယ်။ လူမမာကတော့ အလူးအလဲပါပဲ။ ညလည်း အိပ်မပျော်။ နေ့လည်း မအိပ်။ အားတွေပျက်နဲ့ ခေါင်းကို မထူနိုင်တော့ပါဘူး။

နီးစပ်ရာ မိတ်ဆွေဆရာဝန်တွေကို မေးကြည့်တော့လည်း တီဗီဆေးရဲ့ ဒဏ်တွေလို့ ပြောတဲ့အတွက် ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရတော့တာပေါ့။ ကံကောင်းတာလား ကံဆိုးတာလားမသိဘူး။ လူမမာက ဒီလောက်စောင့်ကြည့်နေတဲ့ကြားကနေ ကုတင်ပေါ်က ပြုတ်ကျပြီး ခေါင်းပေါက်ပါတယ်။ အဲ့တော့ တခြားဆေးရုံကို သွားတဲ့အခါ အဲ့ဒီဆေးရုံက ဓာတ်မှန်ပြန်ရိုက်ကြည့်ပါတယ်။ ဓာတ်မှန်ထဲမှာ အဆုတ်က အတော်ပြန်သန့်နေတာကို တွေ့ရပါတယ်။

ဒါနဲ့ နောက်ထပ် တီဗီဆရာဝန်ကြီးဆီကို ထပ်သွားပြပါတယ်။ အဲ့ဒီတော့မှ တီဗီဆရာဝန်ကြီးဟာ ဆေးတွေကို ဆက်မသောက်ဖို့ ပြောပါတယ်။ ဒါပေမယ့် တာမွေက ဆရာဝန်ကြီးက ဆေးမှားပေးတယ်တို့ ဘာတို့တော့ မပြောပါဘူး။ အဲ့ဒီဆရာဝန်ကြီးဟာ သူတို့ရဲ့ ဆရာဖြစ်တာကြောင့် ထပ်တော့ ပြန်သွားပြကြည့်လိုက်ပါလို့ ပြောပါတယ်။ ဒါနဲ့ပဲ ထပ်သွားပြန်ပြတော့ အဆိုပါ ဆရာဝန်ကြီးက ခပ်တည်တည်ပါပဲ။ ဆေးတွေရပ်ဖို့နဲ့ အသည်းထိခိုက်သွားတဲ့အတွက် အသည်းအားဆေးတွေသောက်ဖို့ ပြန်ညွှန်းပါတယ်။

သူဆေးမှားပေးလိုက်တဲ့အတွက် ဆောရီးတစ်ခွန်းတောင် မပြောသလို ဝှီးချဲ နဲ့ လူမမာဟာ သူနဲ့ပြခွင့်ရဖို့ အချိန်အကြာကြီး အခန်းပြင်မှာ စောင့်နေရတယ်။ လူမမာကို ဆေးကုနေတဲ့အချိန်မှာလည်း သူ့သူငယ်ချင်းနဲ့ ဆယ်မိနစ်လောက်ဖုန်းပြောတယ်။ ပြောတဲ့ အကြောင်းကလည်း ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးရင်ကောင်းမယ်။ မကောင်းဘူးနဲ့ နောက်လိုက်ပြောင်လိုက်ပြောနေတာပါ။ ဘာမှ သေရေးရှင်ရေး အရေးတကြီးကိစ္စလည်းမဟုတ်သလို နောက်မှ ဖုန်းပြန်ဆက်ပြောလို့ရတဲ့ ကိစ္စတွေပါ။

ကျွန်တော်ကတော့ အဲ့ဒီလို ကိစ္စတွေကို သိပ်သည်းမခံလိုတဲ့အတွက် ဆေးရုံကို စားသုံးသူအခွင့်အရေးကော်မတီကို တိုင်မယ်။ ဆရာဝန်ကို မြန်မာနိုင်ငံဆေးကောင်စီကို တိုင်မယ်ဆိုပြီး ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ကာယကံရှင်ဖြစ်တဲ့ လူမမာက ဆရာဝန်ကြီးဟာ အသက်အရွယ်အရ အလွန်ကြီးနေတဲ့ အရွယ်ဖြစ်တဲ့အတွက် အခုချိန်မှာမှ အဲ့ဒီလို အတိုင်ခံရပြီး အရှက်တကွဲဖြစ်သွားမှာ စိုးရိမ်ပါတယ်ဆိုပြီး ကျွန်တော့်ကို တိုင်ခွင့် မပြုခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ တနုံ့နုံ့ပါပဲ။

ကိုဗစ်ပြင်းထန်နေတဲ့ ကာလကြီးမှာ ကျွန်တော်တို့တတွေဟာ လူမမာကို ကားပေါ်တင်ပြီး ဘယ်ဆေးရုံကမှ လက်မခံတဲ့အတွက် ရန်ကုန်မြို့ထဲမှာ သုံးလေးညလောက် တိုင်ပတ်ခဲ့ရတာတွေ၊ ဆရာဝန်တွေတောင် ဆေးရုံသွားဖို့ ကြောက်နေတဲ့ကာလမှာ ကျွန်တော်တို့တတွေဟာ ဆေးရုံပေါင်းသောင်းခြောက်ထောင် အပေါက်စေ့အောင် သွားခဲ့ရတာတွေ၊ ဒါတွေအားလုံးဟာ အဲ့ဒီဆရာဝန်ကြီးရဲ့ ပေါ့ပေါ့ဆဆနဲ့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့်ပါပဲ။

သူသာ တီဘီရောဂါကို ဓာတ်မှန်လေးထောင်ကြည့်ရုံလောက်နဲ့ မဆုံးဖြတ်ဘဲ တခြားစစ်ဆေးချက်များနဲ့ တိုက်ဆိုင်ဆုံးဖြတ်ခဲ့မယ်ဆိုရင် အဲ့ဒီလို ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒီလိုပဲ ဒီအကြောင်းကို မိတ်ဆွေတွေနဲ့ ဆက်စပ်ပြီး ပြောဖြစ်တဲ့အခါ အဲ့ဒီလို တီဘီဆေးတွေမှားတိုက်မိလို့ ဒုက္ခရောက်ခဲ့တဲ့သူတွေ အံသြစရာကောင်းလောက်အောင် အများကြီးတွေ့ရပါတယ်။ တီဘီဆေးကြောင့် ဘဝနာခဲ့ရသူတွေ အများကြီးပါလားဆိုတာကို သိခဲ့ရပါတယ်။

ဒါတွေအားလုံးဟာ ဆရာဝန်ကြီးတွေရဲ့ ငါကတော့ အတွေ့အကြုံတွေအများကြီးရှိတဲ့ ဆရာကြီးပဲ။ ဓာတ်မှန်လေးထောင်ကြည့်လိုက်ရုံနဲ့ တီဗီ ဟုတ်မဟုတ် သိတယ်ဆိုတဲ့ တလွဲပညာမာနတွေကြောင့်ပါပဲ။ ဟုတ်ပါတယ်လိမ့်မယ်။ အဆိုပါ ဆရာဝန်ကြီးတွေကယ်တင်လိုက်တဲ့ လူမမာတွေ အများကြီးရှိနိုင်ပါတယ်။ မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်သစ်တွေအများကြီး ရှိနိုင်ပါတယ်။ ဒါပေမယ့် လူမမာတွေကို ဆက်ဆံတဲ့နေရာမှာတော့ မြန်မာပြည်က ဆရာဝန်ကြီးတွေက မယုံကြည်နိုင်လောက်အောင် ပရောဖက်ရှင်နယ် မပီသပါဘူး။ ပညာရှင် မပီသပါဘူး။

ကျွန်တော့်အမေပြလေ့ရှိတဲ့ နှလုံးအထူးကုဆရာဝန်ကြီးဆိုရင် လူမမာ ငါးယောက်လောက်ကို သူ့အခန်းထဲမှာ ခေါ်ထားပါတယ်။ လူမမာတစ်ယောက်ကို တိုက်ရမယ့်ဆေးစာ ရေးနေတဲ့အချိန်မှာ သူ့တပည့်တစ်ယောက်က နောက်လူမမာကို စစ်ဆေးနေပါတယ်။ သူက လူမမာဆီသွားတဲ့အချိန် နောက်ထပ်သူ့တပည့်က နောက်လူမမာကို ရောဂါ ရာဇဝင်မေးပါတယ်။ လူမမာနဲ့ စကားပြောချိန်လုံး၀ မရှိပါဘူး။ သူမေးတာဖြေ။ သူကုတာခံ။သူပြောတဲ့ဆေးဝယ်သောက်။ ပြီးရင် ပြန်။ မကောင်းရင် ကိုယ့်ထိုက်နဲ့ကိုယ်ကံဆိုတဲ့ အပေါက်ပါပဲ။

ထပ်ပြောရရင်တော့ ဒါတွေအားလုံးဟာ ပညာရေးစနစ်က ဆင်းသက်လာတာပါပဲ။ ဒီဆရာဝန်ကြီးတွေဟာ မဆလခေတ်မှာ ဘွဲ့ရမယ်။ နဝတခေတ်မှာ ဆရာဝန်ကြီးတွေဖြစ်မယ်။ ဒီတော့ သူတို့ကိုကျောင်းတွေကနေ ဆေးပညာ တစ်ခုပဲသင်ပေးလိုက်မယ်။ ဆရာကြီးတွေဟာ ဆေးပညာမှာ တော်ကောင်းတော်ပါလိမ့်မယ်။ ဒါပေမယ့် ပြင်ပ စာပေဗဟုသုတကို လေ့လာလိုက်စားဖို့ စိတ်မဝင်စားဘူး။ သူတို့ ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ ပညာရေးစနစ်မှာ ပြင်ပစာပေတွေဟာ လိုလည်း မလိုအပ်ခဲ့ဘူးလေ။

သင်ခန်းစာတွေ ကျက်လိုက်ရင် ပြီးသွားတာကိုး။ အမှတ်ကောင်းရင် ဆရာဝန်ဖြစ်သွားတာကိုး။ အထူးသဖြင့် ရသစာပေတွေနဲ့ဝေးကွာခဲ့ကြတယ်။ ရသခေါင်းပါးတဲ့အခါ လူသားဆန်တဲ့ စိတ်တွေ နည်းပါးပြီး ကိုယ်လူနာများများ ကြည့်ရဖို့နဲ့ ကိုယ့်စကားကိုပဲ လူမမာတွေ နားထောင်ဖို့ပဲ ကြိုးစားတော့ပါတယ်။ တစ်ဖက်သား စကားကို နားထောင်ဖို့ အပြန်အလှန်ဆွေးနွေးဖို့ စာနာဖေးမဖို့ဆိုတဲ့ ကျင့်ဝတ်တွေကို မသိတော့သလို မလိုအပ်ဘူးလို့ပါ ထင်သွားကြပါတယ်။

ဒီလိုပါပဲ အဲ့ဒီမျိုးဆက်ကြီး အဲ.. ကျွန်တော်တို့မျိုးဆက်လည်းပါပါတယ်။ လက်နက်တွေရသွားတဲ့အခါ လုပ်ပိုင်ခွင့်တွေရသွားတဲ့အခါ စိတ်တွေ ပြောင်းသွားတယ်။ ရသနှလုံးသားအခံမရှိဘဲ ပညာအခံပဲ ရှိတဲ့အခါ ကိုယ်လုပ်မှ အမှန်ဆိုပြီး အစွန်းရောက်သွားတော့တာပါပဲ။

အခုလည်း ဆယ်တန်းအောင်လို့ တက္ကသိုလ်ဝင်ခွင့် အမှတ်တွေထုတ်ပြန်တဲ့အခါ ရသစာပေဟာ ၂၄၂ မှတ်တဲ့လေ.. စာကြည့်တိုက်နဲ့ သုတပညာက ၂၄၅ မှတ်တဲ့လေ.. တကယ်တော့ အမှတ်နဲ့ မေဂျာတွေခွဲနေတာဟာ မှန်ကန်တဲ့ စနစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်ဗျာ ရသစာပေကို ချောင်ထဲထည့်ပြီး ဒီပုံစံအတိုင်းသွားနေရင်တော့ နှလုံးသားမပါတဲ့ ဆရာဝန်ကြီးတွေ စည်းချက်မညီတဲ့ စစ်ဗိုလ်ကြီးတွေ တစ်ယူသန် ပညာရှင်ကြီးတွေ အစွန်းရောက် နိုင်ငံရေးသမားကြီးတွေနဲ့ ကျွန်တော်တို့တတွေ ဆင်းရဲတွင်းက ရုန်းဖို့ လွယ်ပါ့မလားဗျာ။

မြေမှုန်လွင်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page