၂၀၃၁ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်းကြီး ကမ္ဘာမြေပေါ်သို့ ထိုးကျ ပျက်စီးတော့မည်

နိုင်ငံတကာအာကာသစခန်းကို ၂၀၃၀ ခုနှစ်အထိ ဆက် လက်လည်ပတ်လုပ်ကိုင်မည်ဟု စီစဉ်ထားပြီး ၂၀၃၀ ခုနှစ်ကျော်ပါက ပစိဖိတ် သမုဒ္ဒရာထဲသို့ ထိုးချ ဖျက်ဆီးပစ်မယ်လို့ နာဆာက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ အာကာသစခန်းကို ၂၀၀၀ ခုနှစ်တွင်လွှတ်တင်ခဲ့ပြီး ကမ္ဘာမြေပြင်အထက် ရေမိုင် ၂၂၇ မိုင် (၄၂၀ ကီလိုမီတာ / မိုင် ၂၆၁ မိုင်) အကွာမှ ကမ္ဘာကို လှည့်ပတ်နေတာ ဖြစ်ပါတယ်။ အာကာသစခန်းပေါ်တွင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အာကာသယာဉ်မှူး ၂၀၀ ကျော်ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ပါတယ်။

နာဆာရဲ့ အဆိုအရ နိုင်ငံတကာ အာကာသ စခန်းအစား ပုဂ္ဂလိက အာကာသ စခန်းယာဉ် တွေကို အစားထိုးပြီးသိပ္ပံပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သုသေသနဌာနအဖြစ် အစားထိုး လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာအာကာသ စခန်းကို ပစိဖိတ် သမုဒ္ဒရာတောင်ပိုင်းက လူသူနေထိုင်ခြင်း မရှိတဲ့ ပွိုင့်နီမို ဆိုတဲ့ အရပ် ဒေသကို ပျက်ကျစေမယ် လို့ ဆိုပါတယ်။ နာဆာရဲ့ ခန့်မှန်းချက် အရ ဒီ ပျက်ကျမှုဟာ ၂၀၃၁ ဇန်နဝါရီ လအတွင်းမှာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အဆိုပါ ဒေသကို အာကာသထဲက သက်တမ်းကုန် သွားတဲ့ ဂြိုဟ်တုတွေ ပျက်ကျတဲ့ “ဂြိုဟ်တု သင်္ချိုင်း” အဖြစ် အသုံးပြုခဲ့ကြတာ အတော်ကြာခဲ့ပြီလို့ သိရပါတယ်။ ယင်းဒေသဟာ အနီးဆုံး နယူးဇီလန် ကျွန်းကနေ မိုင် ၃,၀၀၀ လောက် ဝေးပြီး အန္တာတိက တိုက် ကမ်းရိုးတန်းကနေ မိုင် ၂,၀၀၀ လောက် ဝေးပါတယ်။ ခန့်မှန်းချက် အရ ဒီနေရာမှာ အခုထိ သက်တမ်းကုန် ဂြိုဟ်တုပေါင်း ၂၆၃ စင်း ပျက်ကျခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ အာကာသ စခန်းကြီးကို အနားမပေးမီ ၂၀၃၀ မတိုင်မီ ကြားကာလမှာတော့ လက်ရှိစခန်းပေါ်မှာ သိပ္ပံ သုတေသနတွေ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အနာဂတ် အာကာသခရီးတွေမှာ ရိက္ခာအတွက် စိုက်ပျိုးမှုကို အထောက်အကူ ဖြစ်စေဖို့ ဆလတ်ရွက်နဲ့ အခြား သီးနှံများ အာကာသထဲမှာ စမ်းသပ်စိုက်ပျိုးမယ့် နည်းလမ်းတွေကို ဆက်လက်သုတေသန လုပ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ အာကာသစခန်း စီမံကိန်း စတင်ကတည်းက တရုတ်နိုင်ငံက မပါဝင်ခဲ့ဘဲ တရုတ်နိုင်ငံပိုင် ကိုယ်ပိုင် အာကာသ စခန်းရဲ့ ပထမဆုံး အစိတ်အပိုင်းကို ပြီးခဲ့တဲ့ နှစ်က လွှတ်တင်ခဲ့ပါတယ်။ အဆိုပါ တရုတ် အာကာသ စခန်းဟာ ဒီနှစ် မကုန်မီမှာ စတင် တာဝန်ထမ်းဆောင် နိုင်လိမ့်မယ်လို့ သိရပါတယ်။

နိုင်ငံတကာ အာကာသစခန်းရဲ့ စီမံကိန်းမှာ အဓိက နေရာက ပါဝင်တဲ့ ရုရှားနိုင်ငံကလည်း ၂၀၂၅ ခုနှစ်မှာ စီမံကိန်းကနေ နုတ်ထွက်မှာ ဖြစ်ပြီး ကိုယ်ပိုင် အာကာသစခန်းကို ၂၀၃၀ ခုနှစ်မှာ လွှတ်တင် တည်ဆောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page