ဆူရီနမ် ဖားပြုပ်ရဲ့ ထူးခြားတဲ့ မျိုးပွားမှု သဘာဝအကြောင်း (လောကကြီးရဲ့ ထူးခြားဆန်းကြယ်မှုများ)

ဆူရီနမ်ဖားပြုပ်ဟာ ထူးခြားတဲ့ နေထိုင်မှုဓလေ့ ရှိတဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သတ္တဝါ တမျိုးဖြစ်ပါတယ်။ သေးငယ်တဲ့ မျက်လုံး၊ ခပ်ပြားပြား ခန္ဓာကိုယ်၊ တြိဂံပုံစံ ဦးခေါင်းနဲ့ မွဲခြောက်ခြောက် အရေပြားတို့ကြောင့် ရေထဲမှာ မျောနေတဲ့ သစ်ရွက်နဲ့ မှားလေ့ ရှိကြပါတယ်။

ဆူရီနမ်ဖားပြုပ်များကို တောင်အမေရိကတိုက် ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ဘရာဇီး၊ ဂိုင်ယာနာ၊ အီကွေဒေါတို့တွင် တွေ့ရှိရသော်လည်း မူလတွေ့ရှိခဲ့တဲ့ ဆူရီနမ်နိုင်ငံကို အစွဲပြု၍ ဆူရီနမ်ဖားပြုပ်ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းဖားပြုပ်များသည် ပူအိုက်စွတ်စိုသော မိုးသစ်တောများနဲ့ စိမ့်မြေဒေသများတွင် အများဆုံး တွေ့ရတဲ့ ကုန်းတပိုင်း ရေတပိုင်းနေ သတ္တဝါ တမျိုးဖြစ်ပါတယ်။

ဆူရီနမ်ဖားပြုပ်၏ လက်ချောင်းများသည် ချွန်ထက်သည့် ပုံစံမျိုး ရှိပြီး အဆိုပါ လက်ချောင်းထိပ်ဖျားတွင် အာရုံခံနိုင်တဲ့ အစိတ်အပိုင်းများ ရှိပါတယ်။ ချွန်ထက်သော လက်ချောင်းများဖြင့် သားကောင်ကို အာရုံခံပြီး ပါးစပ်ဖြင့် စုပ်၍ ဖမ်းယူ စားသောက်လေ့ ရှိပါတယ်။

ဆူရီနမ် ဖားပြုပ်များသည် ငါးသေးလေးများ၊ တီကောင်များ၊ ပုစွန်နဲ့ ခရုငယ်လေးကဲ့သို့ အခွံမာ သတ္တဝါ အသေးစားများကို အဓိက ဖမ်းယူစားသောက်ပြီး တခါတရံတွင် အသေကောင်တချို့ကို စားသောက်တတ်ပါတယ်။

ဆူရီနမ်ဖားပြုပ်တွင် လျှာနဲ့ သွားများ မရှိကြပါဘူး။ ညအချိန်မှာ အစာရှာထွက်လေ့ ရှိပါတယ်။ ယင်းဖားပြုပ်များသည် ရေအောက်တွင်သာ အနေများလေ့ရှိပြီး တခါတလေမှသာ ရေပေါ်ကို တက်လာလေ့ ရှိပါတယ်။ အများအားဖြင့် ငြိမ်သက်စွာ နေတတ်သော မျိုးစိတ်ဖြစ်ပြီး လူကို အန္တရာယ် မပေးနိုင်ပါဘူး။

ဆူရီနမ်ဖားပြုပ်များရဲ့ သက်တမ်းကတော့ ၈ နှစ်မှ ၁၂ နှစ်ကြားမှာ ရှိပြီး ကြည်လင်သန့်ရှင်းသောရေနဲ့ အစာရေစာပေါများတဲ့ စိမ့်စမ်းဒေသများတွင် အချိန်ကြာကြာ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ ဆူရီနမ် ဖားပြုတ်များရဲ့ အထူးဆန်းဆုံး ဓလေ့ကတော့ မျိုးပွားတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ သတ္တဝါတွေထဲမှာ အထူးခြားဆုံးလို့တောင် ပြောလို့ရပါတယ်။

မိတ်လိုက်ချိန်ရောက်လာရင် ရေအောက်ထဲမှ ဖားထီးက အသံထွက်အောင် ပြုလုပ်ပြီး ဖားမ သိအောင် ပြုလုပ်လိုက်ပါတယ်။ မိတ်လိုက်ပြီးနောက် ဖားမဟာ ဥရေ ၆၀ ကနေ ၁၀၀ ဝန်းကျင်ခန့် ဥချပါတယ်။ ဥများကို မျိုးအောင်စေရန် ဖားထီးက သုတ်ရည် ဖြန်းပေးပြီးနောက် ဖားမရဲ့ နောက်ကျောကို ကပ်ပေးလိုက်ပါတယ်။

နှစ်ရက်ခန့်ကြာတဲ့ အခါ ဖားမရဲ့ ကျောပေါ်က ဥများကို အကာအကွယ်ပေးရန် ဖားမရဲ့ ကျောအရေပြားများ ပြည့်လာပြီး ပျားလပို့ ပုံစံကဲ့သို့ ဖြစ်သွားပါတယ်။

ဥများသည် ဖားမကျောပေါ်တွင် သားလောင်းနှင့် ဖားလောင်း အဆင့်များ အလိုက် ကပ်တွယ်နေပြီး ဖားလောင်းအဆင့်မှ ဖားငယ်အဖြစ်သို့ ကူးပြောင်းမှသာ ဖားမရဲ့ ကျောပေါ်ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

ဖားငယ်များ အားလုံး ထွက်ခွာပြီးရင်‌တော့ ဖားမက ကျောပေါ်တွင် တွယ်ကပ်နေတဲ့ သားလောင်းအုံ အရေပြားကို ဖယ်ရှားပစ်ကာ နောက်ထပ် မိတ်လိုက်ဖို့အတွက် ထပ်မံကြိုးပမ်းလေ့ ရှိပါတယ်။

သဘာဝရဲ့ ထူးခြားဆန်းပြားမှုတွေကတော့ အံ့ဩဖို့ အလွန်ကောင်းပါတယ်။ ယခု ဆူရီနမ်ဖားပြုပ်ရဲ့ သဘာဝက အသည်းယားစရာလည်း ကောင်းသလို ဘဝဖြစ်တည်ဖို့အတွက် ထူးခြားတဲ့ ပုံစံတခုဖြစ်လို့ ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page