အိုးဘဲဥအတု လိမ်ရောင်းနေတဲ့ မုန့်ဟင်းခါးဆိုင်တွေနဲ့ အိုးဘဲဥ အတုအစစ်ခွဲခြားနည်း
မုန့်ဟင်းခါးထဲက အိုးဘဲဥဆိုတာ ဆိုင်စဖွင့်ကတည်းက ဟင်းရည် အိုးထဲကို ပြုတ်ပြီးသားတွေထည့်ရတာ။ ထည့်တဲ့ အခါမှာလဲ ဒါးနဲ့ စနစ်တကျလေး ပါးပါးလေး ဟက်ပြီးထည့်တတ်မှ ဒါမှ ဘဲဥဟာ အရည်ဆူတဲ့အခါ အနှစ်တွေထွက်ပြီး မကြေအောင်ရယ်၊ ဟင်းရည်အနှစ် ဝနေတဲ့ ကိုက်လိုက်ရင် မာတောက်တောက် နဲ့ ညက်ညက်လေး ဝါးလို့ကောင်းတဲ့ ဟင်းရည်အနှစ်ပြည့်ဝနေတဲ့ အိုးဘဲဥကောင်း တစ်လုံးရတာ။
ဆိုတော့ မုန့်ဟင်းခါးထဲ အခွံမခွာဘဲ ထည့်ပြုတ်တာတွေ။ ပြုတ်ပြီးသား ဘဲဥကို အိုးထဲပစ်ထည့်လိုက်တာတို့ ကို အိုးဘဲဥ မခေါ်ထိုက်ဘူး။ အမြင်အကပ်ဆုံးက ဘဲဥပြုတ်ကို အခွံခွာပြီး မုန့်ဖတ်ထည့်တော့မှ ထည့်ပြီး အပေါ်က အရည်ဆမ်းပေးလိုက်တာ။
ဘဲဥပြုတ်ကာလာ အဖြူရောင်နဲ့တင် ဖီးလ်က မလာတော့ဘူး။ အဲ့ဒါကို အိုးဘဲဥပြောရင် စိတ်ကပါ လိမ်လိုက်တယ်လို့ ခံစားရတယ်။ ဒီကြားထဲ ပြုတ်ထားတဲ့ ဘဲဥပြုတ်က အနှစ်က မကျက်တကျက်နဲ့ ဟက်ဖရိုက်ပုံစံ အနှစ်ပျော့ပျော့ဆို ဒေါသထွက်မဆုံးတော့ဘူး။
စိတ်တနုံနုံဖြစ်တဲ့အခါ ချက်ထားတဲ့ မုန့်ဟင်းခါးအရည်ကိုပါ ခံစားမှုက ဖီးကျဲကုန်ရော။ ဆိုတော့ မုန့်ဟင်းခါး အိုးဘဲဉနဲ့လို့ မှာတဲ့အခါ အမှန်အမှန်အတိုင်း မောင်လေးရေ အိုးဘဲဥတော့ မရှိဘူး။ ရွေးချယ်မှုအနေနဲ့ ဘဲဥပြုတ်ပဲ ရှိတယ်လို့ ပြောရောင်းကြစမ်းဘာ။
ဒါဆို ကျနော်တို့က မကြိုက်ရင် ပဲကပ်ကြော် ဖြစ်ဖြစ် ငါးဖယ်ဖြစ်ဖြစ်ရွေးစားမယ်။ ဒီတိုင်းပြည် ဒီလို ဖြစ်တာလဲမပြောနဲ့ အိုးဘဲဥက အစလိမ်ရောင်းချင်နေမှတော့ ဘယ်လာအရေးကောင်းမတုန်း (Phyo Aung)