မြန်မာပြည်က ထွက်သမျှ သကြားမျိုးစုံ အကုန်ဝယ်မယ်လို့ ပေါက်ဖော်ကုမ္ပဏီ ကမ်းလှမ်း

မြန်မာနိုင်ငံမှာ စိုက်ပျိုးထွက်ရှိတဲ့ သကြားအမျိုးမျိုးကို တရုတ် အထွေထွေပစ္စည်း ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုက ဝယ်ယူလိုကြောင်း ဖိတ်ခေါ်ကမ်းလှမ်းမှုကို လက်ခံရရှိထားတယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

ဟဲပေပြည်နယ်အခြေစိုက် တရုတ်ကုမ္ပဏီ ဝယ်ယူလိုတဲ့ အမျိုးအစားတွေထဲမှာ သန့်စင်ပြီးသားဖြစ်တဲ့ သကြား၊ သကြားရည်၊ သကြားဖြူ၊ သကြားညို အစရှိတဲ့ အမျိုးအစားတွေ ပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်ကုမ္ပဏီအနေနဲ့ နှစ်စဉ် သကြားတန်ချိန် ၃ သောင်းကနေ ၅ သောင်းအထိ ဝယ်ယူလိုပြီး လစဉ်တန်ချိန် ၃ ထောင်ခန့် ဝယ်ယူတင်သွင်းဖို့ ကမ်းလှမ်းထားကာ နှစ်ဖက်ဈေးနှုန်းသတ်မှတ်ချက် ညှိနှိုင်းမှု ပြေလည်ရင်တော့ တင်ပို့ရောင်းချဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြည်တွင်းလုပ်ငန်းရှင်တွေကတော့ တရုတ်က ကမ်းလှမ်းတဲ့ တရားဝင် သကြားတင်ပို့မှု ခွဲတမ်းကို ပိုမိုလိုအပ်ပြီး လာအိုနဲ့ ကမ္ဘောဒီးယားတို့ ခွဲတမ်းရသလို မြန်မာကိုလည်း ပေးအပ်ဖို့ နှစ်နိုင်ငံအစိုးရအကြား သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။

အစောပိုင်းကာလတွေကဆိုရင် ပိုလျှံသကြားတွေကိုသာ ပြည်နယ်အဆင့် နှစ်ဖက်နားလည်မှုနဲ့ ရောင်းချတဲ့ ပုံစံမျိုးသာရှိခဲ့ပြီး လက်ရှိမှာ ကိုဗစ် ကန့်သတ်မှုကြောင့် နယ်စပ်ကတစ်ဆင့် သကြားတင်ပို့မှု ရပ်တန့်နေကာ ဗီယက်နမ်နိုင်ငံ တစ်ခုတည်းကို ပင်လယ်ရေကြောင်းကနေ တင်ပို့ရောင်းချနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ် သကြားတန်ချိန် ၄၅၀,၀၀၀ ခန့် ထုတ်လုပ်နိုင်စွမ်းရှိပြီး လာမယ့် ၂၀၂၂-၂၀၂၃ ကြံရာသီအတွက် ပြည်တွင်းကုမ္ပဏီအချို့က (၁)တန်ကို ကျပ် ၉ သောင်းခန့် ပေးဝယ်မယ်လို့ ဖိတ်ခေါ်ထားပါတယ်။

ကြံစိုက်တောင်သူများအနေနဲ့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် စိုက်ပျိုးမှု တချို့ ရပ်နားထားနေရပြီး ယခုလို တရုတ်ကုမ္ပဏီက ထွက်သမျှ သကြားမျိုးစုံ ဝယ်ယူမှုကြောင့် ဈေးကွက်အတွင်း သကြား ဈေးနှုန်း ကမောက်ကမ ဖြစ်မှာ စိုးရိမ်ရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ စိုက်ပျိုးရေး စရိတ်အပါအဝင် အထွေထွေစရိတ်တွေ ကြီးမြင့်လာမှုဟာ တောင်သူများအတွက် အကြီးမားဆုံး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page