ပြည်ထောင်စု သမ္မတ မီးစက်နိုင်ငံတော်နဲ့ အမြဲတမ်း မလင်းပေမယ့် (၂၄) နာရီ မှောင်နေဆဲ နေ့ရက်များ

မြန်မာတနိုင်ငံလုံး လာမယ့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်လုံး လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မှာ ဖြစ်တယ်လို့ စကစက ကြေညာထားပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းတွေမှာ ထပ်မံ တွေ့ရှိရတဲ့ သဘာ၀ဓာတ်ငွေ့တွင်း သစ် ၂ ခုကနေ ဓာတ်ငွေ့များကို ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးတွေကို ပြုလပ်မယ်လို့ သိရပါတယ်။

ထိုသို့ ပိုက်လိုင်းအသစ် ဆက်သွယ်ရေး ဆောင်ရွက်နေတုန်းမှာ သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုကို ရပ်ဆိုင်းမယ်လို့ သိရပါတယ်။ အဲဒါကြောင့် မတ်လ ၁၂ ရက်နေ ၁၈ ရက်အတွင်းမှာ တနိုင်ငံလုံး လျှပ်စစ်မီး ပိုမို ပြတ်တောက်မှာ ဖြစ်ပြီး အချို့နေရာတွေမှာ ၂၄ နာရီလုံး မီးပြတ်မယ်လို့ သိရပါတယ်။

နိုင်ငံတခုကို အုပ်ချုပ်ရတာ ထင်သလောက် မလွယ်ပါဘူး။ ကိုယ်ထင်ရာ ကိုယ်လုပ်ပြီး လက်တည့်စမ်းနေတာဟာ သင့်တော်မှန်ကန်တဲ့ အုပ်ချုပ်နည်း မဟုတ်ပါဘူး။

အခုဆိုရင် မြန်မာပြည်ဟာ မီးပြတ်သံသရာစက်ဝန်းထဲကို တကျော့ပြန်ရောက်လာပြီ ဖြစ်ပါတယ်။ အခုချိန်မှာ အသက် ၃၀ ကျော် ပြည်သူတယောက်ဟာ ငယ်စဉ်ဘဝက ကြုံခဲ့ရတဲ့ ဆိုးရွားလှတဲ့ မီးပြတ်ညတွေကို မှတ်မိနေဦးမှာပါပဲ။

အရင်နှစ်တွေတုန်းက ဘာကြောင့် မီးမပြတ်လဲ အခုမှ ဘာဖြစ်လို့ မီးပြတ်ရလဲ အဖြေက ရှင်းရှင်းလေးပါ။ ၂ မိနစ်လောက် စဉ်းစားရုံနဲ့ ရမှာပါပဲ။

အရင်အစိုးရခေတ်တုန်းက သဘာဝဓာတ်ငွေ့ဈေးတွေ အခုလို ထိုးတက်သွားရင် ဘာလုပ်မယ် ထင်ပါသလဲ။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေထဲကနေ ထုတ်နုတ်သုံးစွဲပြီး ကျားကန်ပါလိမ့်မယ်။ အဲဒါနဲ့မှ မရရင် နိုင်ငံတကာ ချေးငွေ ရယူပြီး ပြည်သူတွေကို မီးလင်းအောင် လုပ်ပေးပါလိမ့်မယ်။

အနည်းဆုံးတော့ ဝင်ငွေ မရှိတဲ့ ပြည်သူဟာ ခလုတ်နှိပ်လိုက်ရင် ရေလာပါမယ်။ မီးလာပါမယ်။ ထမင်းချက်လို့ ရပါမယ်။ ရာသီဥတု ပူရင် ပန်ကာဖွင့်လို့ ရပါမယ်။

အခုတော့ အခြေအနေတွေက အားလုံး ပြောင်းပြန်ဖြစ်သွားပါပြီ။ နွေရာသီ ဝင်လာမယ့်အချိန်၊ မီးပြတ်လို့ ဖယောင်းတိုင် ထွန်းရမယ့် အခြေအနေနဲ့ ရန်ကုန်တနေ့တည်း (၁၀) ကြိမ် မီးလောင်တဲ့ စံချိန်ကို ချိုးသွားမှာ အသေအချာပါပဲ။

အခုတော့ နိုင်ငံတကာမှာလည်း ငွေချေးလို့ မရ၊ တိုင်းပြည်ဘဏ္ဍာလည်း တက်တက်ပြောင်သလောက် ဖြစ်နေတဲ့ အချိန်မှာ ပြည်သူတွေကတော့ ၁၉ ရာစုကို ပြန်ရောက်သွားခဲ့ပါပြီ။ မီးပြတ်သွားရင် လက်ထဲမှာ ဖုန်းရှိနေတာကလွဲလို့ ကျန်တာက ၁၉ ရာစုနဲ့ အခြေအနေ အတူတူပဲ ဖြစ်ပါတယ်။

ဆေးမြီးတိုနဲ့ ကုရင် အနာဟာ ပိုရင်းသွားတတ်သလိုမျိုးပဲ မီးပြတ်တဲ့ ကိစ္စကို ရေတိုနည်းနဲ့ ဖြေရှင်းနေတဲ့ ပုံတပုံကို ဒီနေ့ အွန်လိုင်းပေါ်မှာ တွေ့လိုက်ပါတယ်။ မီးတွေ ပြတ်နေတော့ မီးပွိုင့်တွေ အလုပ်မလုပ်ကြလို့ ပါရမီလမ်းက မီးပွိုင့်ကို မီးစက်နဲ့ ပေးနေတဲ့ပုံ ဖြစ်ပါတယ်။

ရေတိုနည်းနဲ့ လုပ်နေတာဟာ ခဏတာ အဆင်ပြေကောင်း ပြေနိုင်ပေမယ့် ရေရှည်မှာ သေချာပေါက် ဒုက္ခရောက်မယ့် အခြေအနေပါ။ ပြီးတော့လည်း ဒီလို အိုးနင်းခွက်နင်း ဖြစ်နေတာ အင်မတန် ရှက်ဖို့ ကောင်းပါတယ်။ (ပြောသာ ပြောရတာပါ။ အရှက် လုံးဝမရှိလို့ ဒီလိုတွေ ဖြစ်နေတာပေါ့)

ပြည်သူတွေ အနေနဲ့ကတော့ မျက်ဝါးထင်ထင် တွေ့မြင်နေရတဲ့ အခြေအနေတွေကို ကြည့်ပြီး ဉာဏ်အလင်းဖွင့်ကြပါ။ သက်တောင့်သက်သာ နေနိုင်အောင် နည်းလမ်းတွေ မရှာကြံပါနဲ့။ တခါတည်း အမြစ်ပြုတ်အောင် လုပ်မယ့် နည်းလေးတွေ ကြံဆကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page