ရုရှားကို ဆက်လက်ပိတ်ဆို့နေပါက နိုင်ငံတကာအာကာသစခန်းကို ထိခိုက်နိုင်တယ်လို့ ရုရှား သတိပေး
ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကြောင့် ကမ္ဘာပတ်လမ်းကြောင်းထဲက နိုင်ငံတကာ အာကာသစခန်း ပျက်ကျနိုင်တယ်လို့ ရုရှားအာကာသအေဂျင်စီ Roscosmos အကြီးအကဲက သတိပေးခဲ့ပြီး ပြစ်ဒဏ်ခတ်အရေးယူမှုတွေ ပြန်ရုပ်သိမ်းဖို့ တောင်းဆိုလိုက်ပါတယ်။
Roscosmos အကြီးအကဲ ဒီမီထရီ ရိုဂိုဇင်က ပိတ်ဆို့အရေးယူမှုတွေက နိုင်ငံတကာ အာကာသစခန်း ISS မှာ ဝန်ဆောင်မှုပေးနေတဲ့ ရုရှားဒုံးယာဉ်တွေရဲ့ လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်၊ ရလဒ်အနေနဲ့ ပတ်လမ်းကြောင်းကို ပြုပြင်ဖို့ ကူညီပေးနေတဲ့ အာကာသစခန်းရဲ့ ရုရှားအပိုင်းကို ထိခိုက်နိုင်ပြီး တန် ၅၀၀ အလေးချိန်ရှိတဲ့ အဆောက်အအုံဟာ ပျက်ကျသွားနိုင်ပြီး ပင်လယ်ထဲ ဒါမှမဟုတ် ကမ္ဘာ့ကုန်းမြေပေါ် ပြုတ်ကျသွားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာအာကာသစခန်း ISS ဆိုတာက ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းမှာ ရှိပါတယ်။ အမေရိကန်က NASA ၊ ရုရှားက Roscosmos၊ ဂျပန်က JAXA ၊ ဥရောပက ESA နဲ့ ကနေဒါက CSA အာကာသအေဂျင်စီငါးခု ပါဝင်ထားတဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတစ်ခုပါ။
အာကာသစခန်းရဲ့ ပိုင်ဆိုင်မှုနဲ့ အသုံးပြုမှုကို အစိုးရအချင်းချင်း သဘောတူစာချုပ်တွေနဲ့ ထူထောင်ထားပါတယ်။
နိုင်ငံတကာအာကာသစခန်းကို ၂၀၃၀ ခုနှစ်အထိ ဆက် လက်လည်ပတ်လုပ်ကိုင်မည်ဟု စီစဉ်ထားပြီး ၂၀၃၀ ခုနှစ်ကျော်ပါက ပစိဖိတ် သမုဒ္ဒရာထဲသို့ ထိုးချ ဖျက်ဆီးပစ်မယ်လို့ နာဆာက ထုတ်ပြန် ကြေညာထားပါတယ်။
နိုင်ငံတကာ အာကာသစခန်းရဲ့ စီမံကိန်းမှာ အဓိက နေရာက ပါဝင်တဲ့ ရုရှားနိုင်ငံကလည်း ၂၀၂၅ ခုနှစ်မှာ စီမံကိန်းကနေ နုတ်ထွက်မှာ ဖြစ်ပြီး ကိုယ်ပိုင် အာကာသစခန်းကို ၂၀၃၀ ခုနှစ်မှာ လွှတ်တင် တည်ဆောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ အစောပိုင်းက ကြေညာထားပါတယ်။