အမတ်ကြီး ဦးပေါ်ဦးနဲ့ ဆင်မဲဖြူတော်ကြီး (သမိုင်းထဲက ဆင်ဖြူတော်ဂျင်းအကြောင်း)

ဘိုးတော်မင်းတရားကြီး အမရပူရ နန်းသစ်မြို့သစ် တည်ထောင်စိုးစံသည့်အတွက်ကြောင့် တရုတ်ပြည်က သံတမန်များ လာရောက်ကာ လက်ဆောင်ပဏ္ဏာများ ဆက်သခြင်း နှစ်ပြည့်တစ်ပြည် ရွှေလမ်း ငွေလမ်းဖောက်ခြင်းမျိုး ရှိသကဲ့သို့ လက်အောက်ခံစော်ဘွားများထံမှလည်း လက်ဆောင်ပဏ္ဏာများ ရောက်ရှိလာလေတော့၏။

မောကိုးပြည်ထောင်အပါအဝင် ရှမ်းပြည်မြောက်ပိုင်း သိန္နီစော်ဘွားများထံမှလည်း ဆင်မဲကြီးတစ်ကောင်ကို ဆက်သရန် ဆင်ထိန်း၊ ဆင်ကိုင်တို့နှင့် စေလွှတ်လိုက်ပါတယ်။ ဘိုးတော်ဦးဝိုင်းမှာ ဆင်ဖြူရှင်ဟု အခေါ်ခံထိုက်သည်ဖြစ်ရာ ဟံသာဝတီအပါအဝင် နိဗ္ဗာန်ရွာမှ ဆက်သသော နိဗ္ဗာန ပစ္စယနာဂရာဇာ အမည်ချီထားသော ဆင်ဖြူတော်အထီးလည်း တစ်စီးရှိလေ၏။ သို့သော် ယခုလာရောက် ဆက်သသော သိန္နီမှ ဆင်မဲကိုလည်း ဆင်ဖြူတော်အဖြစ် လက်ခံထားရှိချင်သည့် ဆန္နရှိနေပြန်ပါတယ်။

အမှန်ကား ဆင်ဖြူတော်လက္ခဏာပါလျှင် ဆင်မဲပင်ဖြစ်သော်လည်း ဆင်ဖြူတော်စာရင်းသို့ သွင်းရသည်။ ထို့ကြောင့် ယခု ဆင်မဲကြီးကို ဆင်အရာရှိ၊ ဆင်ဝန်ထမ်းတို့က ကြည့်ရှုကြသော်လည်း ဆင်ဖြူတော် လက္ခဏာဟူ၍ မတွေ့ရ။ “ဘယ်နှယ့်လဲ ဆင်အရာရှိ အမတ်ကြီး ဆင်ဖြူတော် အင်္ဂါပါရဲ့လား” “အခုထိတော့ တစ်ချက်မှ မတွေ့သေးဘူး”

“ဒါပေမယ့် ဆင်ကတော့ မဲသာမဲတယ်၊ ကြီးတာရယ်၊ လှတာရယ်ကတော့ ထူးလှပါတယ်” “ဒါတော့ ဟုတ်ပါရဲ့ ဆင်ဖြူတော်လက္ခဏာ တစ်စုံတစ်ခုမှ မပါတော့ လျှောက်တင်ရမှာ ခက်နေတယ်” “ဘိုးတော်ဦးဝိုင်းကလည်း ငါ့ရဲ့ဘုန်းသမ္ဘာတော်ကြောင့် ပေါ်လာဆက်သတဲ့ ဆင်ကိုချည်း မိန့်တော်မူနေတော့ ဆင်ဖြူတော်လက္ခဏာ မပါဝင်တော့ မလျှောက်ရဲအောင် ဖြစ်နေတယ်” ဆင်အရာရှိနှင့်တကွ အမတ်များ၊ ဝန်များတို့မှာ အခက်တွေ့၍ နေကြလေ၏။

နောက်တစ်နေ့ နံနက်တွင် မြေနန်းပြသာဒ်တွင် ဆင်တော်အပ်နှံရတော့မည်ဖြစ်ရာ ဆင်အရာရှိတို့ အကြံရကျပ်၍ နေကြလေတော့သည်။ “ငါရဲ့ ဘုန်းတော်ကံတော်ကြောင့် ပေါ်ပေါက်ဆင်းသက်လာတဲ့ ဒီဆင်ဖြူတော်မှာ ဆင်ဖြူတော်လက္ခဏာပါရဲ့ မဟုတ်လား၊ မောင်မင်းများ” ဟု ရေလာမြောင်းပေး မေးမြန်းတော် မူပေသည်။ အကယ်၍ အမှန်အတိုင်း (မပါပါဘုရား) ဟု လျှောက်ချေသော်လည်း ရွှေသဘောတော် မကျပဲရှိလိမ့်မည်။ (ပါပါသည်ဘုရား) ဟု လျှောက်လျှင်လည်း တကယ်မပါသောကြောင့် မည့်သည့်အချက်သည် အင်္ဂါညီပါသည်ဟု လျှောက်တင်ခြင်း မပြုနိုင်ကြသဖြင့် တစ်ယောက်တစ်မျက်နှာ တစ်ယောက်ကြည့်ကာ ငေးငိုင်၍နေကြလေ၏။

မိမိတို့၏မှူးကြီးမတ်ရာတို့ အကြပ်ရိုက်နေသည်ကို ဘိုးတော်မင်းတရားကြီး မြင်သောအခါလိမ္မာပါးနပ်စွာ လျှောက်တင်တတ်သော အမတ်ဦးပေါ်ဦးကို ရှာသောအခါ မတွေ့ပဲနေလေသောကြောင့် “ဟဲ့ ပေါ်ဦးကို မမြင်ပါလား ဟဲ့” “မှန်လှပါ ဗြဲတိုက်တော်မှာပါဘုရား” “ခစားစေလေကွယ့်” ဦးပေါ်ဦး အခစားရောက်သည့်အခါ ဘိုးတော်ဦးဝိုင်းက “ဟဲ့ ပေါ်ဦး ငါရဲ့ ဘုန်းတော်ကံတော်ကြောင့် ပေါ်ပေါက်ဆင်းသက်လာတဲ့ ဒီဆင်ဖြူတော်မှာ ဆင်ဖြူတော်လက္ခဏာ ပါ မပါကို အသေအချာ လျှောက်စမ်း မောင်မင်း”

“မှန်လှပါ ဆင်ဖြူတော် အမျိုးအစား ၁၀ မျိုးရှိပါတယ်ဘုရား၊ အခု ဆက်သရောက်ရှိလာသော ဆင်မှာ (ဟေမဆင်) မျိုး အပါအဝင်အင်္ဂါနှင့် ညီသဖြင့် နောင်အနှစ်ခြောက်ဆယ် ကြာသောအခါတွင် တစ်ကိုယ်လုံး ဖြူသောဆင်ဖြူတော် ဖြစ်လာပါလိမ့်မည်ဘုရား” ဟု လျှောက်ထားလိုက်လေတော့သည်။ ဒီတော့မှ ဆင်ဖြူတော် ပြသာနာမှာလည်း ဖြေရှင်းသွားပြီး ဘိုးတော်ဦးဝိုင်း ကျေနပ်တော်မူကာ ဆင်ဝန်ဆင်ထိန်းက သင့်လျော်သော တင်းကုပ်၌ ထားစေ ဆင်ဆက်သလောသူများအားလည်း ရွှေတိုက်စာရင်းတွင် သွင်းကြစေဟု မိန့်ကြားကာ အတွင်းတော်သို့ ဝင်ကြွသွားလေသည်။

မြတ်ထင်နှင့်တကွ ဝန်ကြီးများသည် ဗြဲတိုက်တော်သို့ ပြန်လာကြရင်း၊ ဦးပေါ်ဦးအား ဦးမြတ်ထင်က မေးမြန်းလေသည်။ “ဟုတ်တယ်လေ၊ ဒီလိုမှ မလျှောက်တော့ မဖြစ်တော့ဘူး၊ ကိုယ်တော်တိုင်က လိုလားနေပြီကိုး” “အဲ့ဒါကတော့ ဟုတ်ပါပြီ၊ နောင်အနှစ်ခြောက်ဆယ်ကြာတဲ့အခါ၊ ဒီဆင်က တကယ်ဖြူမှာလား”

“သြော်…ဦးမြတ်ထင်ရယ်၊ လူကြားပါ့မယ်၊ နောက်အနှစ်ခြောက်ဆယ်ကြာရင် ဘုရင်ကြီးရော၊ ဆင်ရော၊ ငါရော၊ မင်းရော ရှိတော့မှာလားကွယ့်၊ ဖြူတာမှမဖြူတာ ဘယ်သူလာပြီး ထိဦးမှာလဲ၊ ဟု ရယ်သွမ်းသွေးကာ ပြောလိုက်မှ “အယ် ဟုတ်ပေသားမို့” ဟုပြောဆိုရယ်မောကာ ဗြဲတိုက်ပေါ်သို့ တက်ရောက်သွားကြလေတော့သည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page