ဂျပန်နိုင်ငံက ကလေးတွေ ထူးချွန်ထက်မြက်နေရတဲ့ အကြောင်းရင်းတခု (ရွှေမြန်မာတွေ အတုယူသင့်ပါတယ်)
“လူလေးကြီးရင် ဘာလုပ်မယ် … မေမေမေးရင်ကွယ် …”
ရေးသားသူ – မင်းမြတ်မောင်
ကျနော် ဂျပန်နိုင်ငံမှာ နေခဲ့စဉ်တုန်းက သတင်းစာထဲမှာ ဖတ်စရာ အတိုအထွာ ကဏ္ဍအဖြစ် ရေးထားတာလေး တစ်ခုကြောင့် စိတ်ထဲမှာ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။ ဂျပန်ထုံးစံအရ မူလတန်းကျောင်းတွေမှာ စာသင်နှစ် တစ်နှစ် ပြီးဆုံးသွားတဲ့အခါ ကိုယ့်ဘဝမှာ ဘာဖြစ်ချင်သလဲဆိုတာကို အားလုံးရှေ့ ထွက်ပြောကြရပါတယ်။ ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမ၊ မိဘတွေ ရှေ့မှောက်မှာ ကလေးလေးတွေ ကိုယ်ဖြစ်ချင်တာ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကိုယ်ပြောချင်တာ ပြောရတာပေါ့။
နှစ်စဉ်နှစ်တိုင်း ယောက်ျားလေးအတော်များများက ယတ်ကယူးဆင်းရှု (ဘေ့စ်ဘောလ်သမား) ဖြစ်ချင်တယ်လို့ ဖြေခဲ့ကြတာ ဒုတိယကမ္ဘာစစ်ပြီးစလောက်တည်းကလို့ ရေးထားပါတယ်။ ဂျပန်ဘာသာနဲ့ ယတ်ကယူးဆိုတဲ့ ဘေ့စ်ဘောလ်ဟာ ဂျပန်နိုင်ငံမှာ လူကြိုက်အများဆုံး နံပါတ်တစ် အားကစားပါ။ ဒါကြောင့် ဘေ့စ်ဘောသမားဆိုတာ တကယ့် ဆူပါစတား မင်းသားတွေလို ပိုက်ဆံတွေအများကြီးရပြီး မိန်းမချောလေးတွေ ဝိုင်းဝိုင်းလယ်နေတာပေါ့။ (ကျနော်တောင် မြန်မာနိုင်ငံမှာ ဘေ့စ်ဘောလ်မရှိတာ နာလိုက်လေခြင်းလို့ တွေးမိသေးတယ်။)
ဒါပေမဲ့၊ အခုနောက်ပိုင်းမှာတော့ ဆာကာဆင်းရှု (ဘောလုံးသမား) ဖြစ်ချင်တဲ့ ယောက်ျားလေးဦးရေက ပိုများလာသတဲ့။ ဖတ်စရာအတိုအထွာလေးထဲမှာ ရေးထားတာကတော့ ဂျပန်လူငယ်တွေထဲမှာ အားကစားအကြိုက် trend ပြောင်းလဲလာတဲ့သဘောကို ဆိုလိုချင်တာပါ။ မိန်းကလေးတွေကတော့ ဟိုအရင်အတိုင်းပဲ ကိတ်ကိယစန် (ကိတ်မုန့်ဆိုင်) လုပ်ချင်တယ်လို့ ဖြေသူ များနေဆဲလို့ ဆိုပါတယ်။
ကလေးလေးတွေ သူတို့ စိတ်ထဲရှိတဲ့အတိုင်း ပြောတာကို မိဘတွေ၊ ဆရာဆရာမတွေက ရယ်ရယ်မောမော လက်ခုပ်တီးကြတာပါပဲ။ ကိုယ့်သား၊ ကိုယ့်သမီး ကြီးလာတဲ့အခါ ဘောလုံးသမား ဖြစ်ချင်မှ ဖြစ်မှာ၊ ကိတ်မုန့်ဆိုင် ဖွင့်ချင်မှ ဖွင့်မှာ သိနေလို့ စိတ်ထဲ အလေးအနက် မထားကြပါဘူး။
ကလေးလေးတွေကတော့ ဘေ့စ်ဘောလ်သမား၊ ဘောလုံးသမားဆိုတာ လူတွေ လက်ခုပ်တီး အားပေးတယ်၊ ပိုက်ဆံ အများကြီးရတယ်၊ တီဗီတွေ သတင်းစာတွေထဲမှာ ဓာတ်ပုံတွေနဲ့ တွေ့ရတယ်၊ သူဌေးဖြစ်တယ်ဆိုတာလောက်ပဲ သိပြီး အားကျတာပေါ့။ (ကလေးဆိုတော့ ဆော်ကြည်ဘဲ ဖြစ်ဖို့ကိုတောင် သိပ်ဂရုစိုက်မှာ မဟုတ်ဘူး။)
ကိတ်မုန့်ဆိုင် ဖွင့်ချင်တဲ့ ကောင်မလေးတွေလည်း ကိတ်မုန့်လှလှတွေ လုပ်မယ်၊ ကိတ်မုန့်ရောင်းပြီး ပိုက်ဆံတွေရမယ်၊ ကိုယ်ကြိုက်သလောက် ကိတ်မုန့်ကောင်းကောင်းရမယ်ဆိုတာပဲ သိပြီး ကိတ်မုန့်ဆိုင်ဖွင့်ချင်တာပါ။
ကျနော် ပြောချင်တာကတော့ ကလေးတွေကို ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ လေယာဉ်မှူး စတာတွေ ဖြေဖို့ လူကြီးမိဘတွေ၊ ဆရာဆရာမတွေက သင်မပေးကြပါဘူး။ သူတို့ စိတ်ထဲရှိတာ ပြောချင်ရာ ပြောပါစေဆိုပြီး ရယ်နေကြတာပါပဲ။
အသိမိတ်ဆွေ ဂျပန်ဆရာဝန်တစ်ယောက်ကို သူငယ်ငယ်က ဘယ်လို ဖြေခဲ့သလဲ မေးကြည့်တော့ ရထားမောင်းသမား ဖြစ်ချင်တယ်လို့ နှစ်တိုင်း ဖြေခဲ့တာတဲ့။ ဆရာဝန်ဖြစ်ချင်တယ်လို့များ တစ်ခါတလေလေးတောင် မဖြေခဲ့ဘူးလားဆိုတော့ ခေါင်းယမ်းပြီး “ဒိုက်ခိရိုင်းအိ” (အမုန်းဆုံးပဲ) လို့ ပြောတယ်။ သူ့ငယ်စဉ်ဘဝမှာ ဆရာဝန်နဲ့တွေ့ရင် အပ်ကြီးနဲ့ ဆေးထိုးခံရပြီး ငိုရတာချည်းမို့ ဂျူတီကုတ်အဖြူတွေ့ရင် အလိုလို မုန်းနေရောတဲ့။
ဒါဖြင့်၊ ဘယ်လိုကဘယ်လို ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်လာသလဲဆိုတော့ ဆယ်ကျော်သက်ဘဝမှာ သူဖတ်တဲ့ ဝတ္တုတွေ၊ မန်းဂ ရုပ်ပြတွေ၊ ရုပ်ရှင်တွေ၊ တီဗီတွေထဲမှာ ဆရာဝန်တွေ လူသားကောင်းကျိုးပြုတာ၊ မေတ္တာစေတနာထားတာတွေ တွေ့လာတော့ ငါဆရာဝန်လုပ်ရင် ကောင်းမလားဆိုတဲ့ အတွေးဝင်လာတာလို့ ပြောပြတယ်။ ဒါနဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ ပြောဆိုကြည့်တော့လည်း မင်းအပင်ပန်းခံနိုင်ရင် လုပ်ပေါ့ကွာလို့ ပြောကြတယ်။ သူခရပ်ရှ်နေတဲ့ ကောင်မလေးကလည်း အထင်တကြီးနဲ့ ဟယ် နင်တကယ်ပြောတာလား ဆိုတော့ ဒီကောင်လည်း ဆရာဝန် ဖြစ်လာတော့တာပဲ။
ကလေးဘဝတုန်းက ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်တိုင် မြင်တွေ့နေရတာတွေထဲက အထင်ကြီးအားကျစရာ တစ်ခုခုကို ဖြစ်ချင်ကြတာပါ။ ဘောလုံးသမား၊ ဘေ့စ်ဘောလ်သမား၊ ကိတ်မုန့်ဆိုင်ရှင်ဆိုတာတွေ မြင်တွေ့နေရတယ်။ ဟိုဆရာဝန်ဆိုလည်း ရထားစီးတိုင်း အမြဲတွေ့ရတဲ့ ရထားမောင်းသမားကို သူမုန်းတဲ့ ဆရာဝန်ထက် ပိုအထင်ကြီးတာပေါ့။
ပုဂံကို ချစ်တဲ့ အင်္ဂလန်ရောက် ဆယ်လီလေး မယ်ပိုးတစ်ခါတုန်းက အားမလို အားမရ ရေးတဲ့ ပို့စ်တစ်ခု ဖတ်လိုက်ရတယ်။ ပုဂံဘုရားတွေမှာ လက်မှုပစ္စည်းလေးတွေ၊ ပို့စ်ကဒ်လေးတွေ ရောင်းတဲ့ ကလေးသူငယ်တွေကို ကြီးလာရင် ဘာဖြစ်ချင်သလဲ မေးကြည့်တော့ အားလုံးလိုလို တိုးရစ်ဂိုက် ဧည့်လမ်းညွှန် ဖြစ်ချင်တယ်လို့ ဖြေကြသတဲ့။ သူကတော့ ဧည့်လမ်းညွှန်အလုပ်ကို မကောင်းဘူးလို့ မဆိုလိုပေမဲ့ အဲဒီထက် ပိုပြီး ဘဝရည်မှန်းချက် ကြီးကြီးထားစေချင်တာပေါ့။
ပုဂံမှာ ဈေးရောင်းတဲ့ ကလေးတွေရဲ့ အသိအမြင်မှာတော့ အဝတ်အစား သပ်သပ်ရပ်ရပ်၊ လည်ပင်းမှာ ဧည့်လမ်းညွှန်တံဆိပ်ကို ဆွဲပြီး လူမျိုးခြားတွေကို ကျွမ်းကျင်တဲ့ နိုင်ငံခြားဘာသာစကားနဲ့ မွှတ်နေအောင် ပြောတတ်သူတွေကို အထင်ကြီး အားကျတာ မဆန်းပါဘူး။
ကျနော်က မယ်ပိုးထက် ဆိုးတဲ့ အဖြေနဲ့ ကြုံခဲ့ရတော့ ဒီသဘောတရားကို နားလည်တယ်။ ကျနော် ကမ္ဘောဒီးယားကို သွားတုန်းက ဘီယာဆိုင်မှာ ပင့်ကူကြော်လာရောင်းတဲ့ ၁၀ နှစ်လောက် ကောင်မလေးကို မေးကြည့်မိတာ ပက်လက်လန်တာပဲ။ စကားစပ်လို့ ပြောရရင် ကမ္ဘောဒီးယားမှာ လက်တစ်ဝါးလောက် ပင့်ကူမည်းမည်းကြီးတွေကို ဆီနဲ့ ကြွတ်ကြွတ်ကြော်စားကြတယ်။
အဲဒီက ဘီယာဆိုင်ဆိုတာ အပျိုအရွယ် ကောင်မလေးတွေ ဘီယာရောင်း စားပွဲထိုးလုပ်ကြတယ်။ မိတ်ကပ်ဆံပင် လှလှပပ ပြင်ဆင်ခြယ်သပြီး ဆိုင်ရာဆိုင်ရာ ဘီယာအမှတ်တံဆိပ် အရောင်နဲ့ ဝတ်စုံကို ဝတ်ပြီး ဘီယာရောင်းလို့ရတဲ့ ပိုက်ဆံထဲက ကော်မရှင်ရကြတယ်။ ဥပမာ၊ ဟိုင်နီကင်ဘီယာဝတ်စုံ အစိမ်းနဲ့ ကြယ်အနီ၊ ထိုင်းက ဆင်ဂါဘီယာမယ်ဆိုရင် ရွှေဝါရောင်မှာ ခြင်္သေ့တံဆိပ် အဲဒီလို ကိုယ်လုံးအလှ ပေါ်လွင်တဲ့ ဝတ်စုံကျပ်ကျပ်နဲ့ ကောင်မလေးတွေက ဘီယာသောက်သူ ကျားပရိသတ်ကို သူတို့ဆီက များများဝယ်သောက်အောင် ချော့ရ မြှူရတယ်။ ဝိုင်းမှာ ဝင်ထိုင်ပြီး အမြည်းခွံ့ကျွေး ဘီယာငှဲ့တိုက် လုပ်ကြရတယ်။ ဆိုင်သိမ်းရင် အော်ဒါခေါ်လည်း လိုက်တဲ့သူတွေ ရှိသတဲ့။
ခေါင်းပေါ်မှာ ဗန်းကလေးရွက်ပြီး ပင့်ကူကြော်တွေ လည်ရောင်းနေတဲ့ အဝတ်အစားနွမ်းနွမ်း ကောင်မလေးကို ကျနော် မေးကြည့်တယ်။ ကျောင်းမနေဘူလားဆိုတော့ နေတယ်တဲ့။ ကြီးလာရင် ဘာဖြစ်ချင်သလဲ မေးလိုက်တော့ အဲဟို ဘီယာမယ် ဖြစ်ချင်တာတဲ့ဗျာ။ သူ့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာက ဘီယာမယ်လေးတွေ မိတ်ကပ်နှုတ်ခမ်းနီနဲ့ အဝတ်အစားလှလှပပ ဝတ်ဆင်ပြီး ပြုံးရယ်အလုပ်လုပ်ရင်း ပိုက်ဆံတွေ ရတယ်လို့သာ သူသိတာကိုး။
ဒီတော့ ကျနော် သဘောပေါက်လာတာက ကလေးတွေ၊ လူငယ်တွေအတွက် သူတို့ရဲ့ အတွေးအခေါ် အယူအဆကို ရင့်သန်စေတဲ့ ရုပ်ပြ၊ ဝတ္ထု၊ စာပေ၊ ရုပ်ရှင်တွေ အလွန်အရေးကြီးတဲ့ ကိစ္စပါပဲ။ ငယ်ငယ်တုန်းက ဆရာဝန်ဆို အလွန်မုန်းတဲ့ ဂျပန်ကောင်လေးတောင် ဆယ်ကျော်သက်မှာ ဆရာဝန်ဖြစ်ချင်စိတ်ပေါက်လာတာ မဟုတ်လား။
ကလေးဘဝမှာ သူတို့ မြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်ထက် ကျော်လွန်ပြီး မြင်တတ်အောင် စဉ်းစားတတ်အောင် အခြေအနေတစ်ရပ် ဖန်တီးပေးဖို့ အနုပညာဟာ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ အညာကျေးလက် ဝါခင်းထဲမှာ ကြီးပြင်းခဲ့တဲ့ ကျနော့ အဒေါ်တစ်ယောက်ဆိုရင် တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေကို အသည်းစွဲပြီး တက္ကသိုလ်ဆရာမ လုပ်ချင်တာတဲ့။ သူဖြစ်ချင်သလို ကြိုးစားလို့ ဖြစ်လည်း ဖြစ်ခဲ့ပါတယ်။ ဘာစာမှမဖတ်ရင် ဝါတောင်သူအဒေါ်ကြီး အဖြစ်နဲ့ တောမှာပဲ တစ်သက်လုံး နေသွားရမယ် ထင်တယ်။ ကျနော်တို့ အညာက ဆွေမျိုးအတော်များများ ဒီလမ်းပဲ လိုက်ရတဲ့အကြောင်းပါ။ ဘယ်သူ့ကိုမှ နှိမ်နေတာ မဟုတ်ပါဘူး။
လူငယ်တွေ စာကောင်းပေမွန် ဖတ်စေချင်တယ်ဆိုတော့ မင်းငယ်ငယ်တုန်းက ဘာတွေ ဖတ်ခဲ့သလဲ မေးကြည့်ချင်မှာပေါ့။ အစုံပဲ၊ တရုတ်သိုင်းဝတ္ထုတွေ အတွဲလိုက် ဖတ်ခဲ့တယ်။ တာရာမင်းဝေ ဇာတ်လိုက်တွေ အားကျတယ်။ မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင် ကြောင်းကျိုး စဉ်းစားတွေးခေါ်ပုံတွေ အတုခိုးတယ်။ ဆရာကြီး ရွှေဥဒေါင်း၊ သော်တာဆွေ၊ မြသန်းတင့် စတဲ့ ဂန္ထဝင်ဆရာကြီးတွေရဲ့ စာတွေလည်း ရသမျှ ဖတ်တာပဲ။
တရုတ်သိုင်းဝတ္ထုတွေ စွဲစွဲလန်းလန်း ဖတ်ပြီး ကြိုက်လည်း ကြိုက်တယ်ဆိုတော့ အပြစ်မတင်ကြနဲ့ဦး။ ဘာများကောင်းလို့လဲ၊ ဘာများ လေ့လာမှတ်သားစရာ ရှိလို့လဲလို့ မေးငေါ့ချင်ကြမှာပဲ။ ဆရာကြီး သော်တာဆွေ ရေးတာတစ်ခုကို သဘောကျလွန်းလို့ ခုထက်ထိ မှတ်မိနေသေးတယ်။
တရုတ်သိုင်းဝတ္ထု ဇာတ်လမ်းတိုင်းဟာ လူကောင်းနဲ့ လူဆိုး၊ ဓမ္မနဲ့ အဓမ္မ အားပြိုင်တဲ့ တိုက်ပွဲတွေကို အခန်းဆက်ရေးတာတဲ့။ ဇာတ်လိုက်ဟာ ဘယ်တော့မှ မကောင်းမှု ဒုစရိုက်မလုပ်ဘူး၊ အမှန်တရားဘက်က ရပ်တည်တယ်၊ အားနွဲ့တဲ့ မိန်းမချောလေးတွေကို ကယ်တင်ပြီး ချစ်ကြိုက်သွားတဲ့ ဇာတ်လမ်းမျိုးတွေတဲ့။ (သိုင်းစာအုပ် ဖတ်ရင်းဖတ်ရင်း၊ ကျနော့မှာ ဒုက္ခရောက်နေတဲ့ ကောင်မလေးချောချောတွေကို ကယ်တင်ချင်လွန်းလို့ ကရာတေးတောင် သင်လိုက်သေးတယ်။ ကိုယ့်ရှေ့မှာ ဘယ်ကောင်မလေးကိုမှ လူဆိုးတွေ မနှောင့်ယှက်တာနဲ့ ထုတ်ကို မသုံးရသေးဘူး။)
ဆရာကြီး သော်တာဆွေ ရေးပြတာကတော့ တရုတ်သိုင်းဝတ္ထုတွေ ဖတ်တာ အရေမရ အဖတ်မရ မဟုတ်ဘူး၊ ယူတတ်ဖို့ပဲ အရေးကြီးတယ်။ သိုင်းဝတ္ထုထဲက ဇာတ်လိုက်ဆိုရင် စိတ်ဓာတ်တည်ကြည်တယ်၊ ရဲရင့်သတ္တိရှိတယ်၊ အကျင့်စာရိတ္တ ကောင်းတယ်၊ ကတိသစ္စာတည်တယ်၊ သနားကြင်နာတတ်တယ် (အထူးသဖြင့် မိန်းကလေးချောချောတွေကိုပေါ့ ) သူများတွေတော့ မသိဘူး၊ ကျနော်တော့ အဲဒီလို အရည်အချင်းတွေကို အထင်ကြီး အားကျတာ အမှန်ပါပဲ။ အဲဒီလို အရည်အချင်းကောင်းတွေ ပြည့်စုံတဲ့ ဇာတ်လိုက်ဆိုရင် ကောင်မလေး ချောချော သုံးယောက်လောက်က ဝိုင်းကြိုက်လို့ သူ့ခမျာ ဗျာများနေရတာ သနားစရာတောင် ကောင်းသေးဟေးဟေး။
နည်းနည်းအသက်ကြီးပြီး တက္ကသိုလ်ရောက်တဲ့အခါ နိုင်ငံခြားပညာသင်သွားတဲ့ စာအုပ်၊ ဝတ္ထုတွေ တအားဖတ်ပြီး သွားချင်လိုက်တာ မပြောပါနဲ့တော့။ သိပ္ပံမောင်ဝရဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ် ခရီးသွားမှတ်တမ်းကစလို့ ဒေါက်တာမျိုးသန့်တင်၊ ကိုရင်မောင် (ဒေါက်တာ တိုင်းအုပ်) စတဲ့ ဆရာကြီးတွေ ရေးတာ ဖတ်ပြီး အင်္ဂလန်တို့ ဂျပန်တို့ သွားချင်တာပေါ့နော်။ သွားချင်လို့ ကြိုးစားတော့ ရောက်ကရော။
အတိုချုပ်ပြောရရင်တော့ စာပေ၊ ရုပ်ရှင်၊ အနုပညာတို့ရဲ့ ဩဇာသက်ရောက်မှု (influence) ဟာ လူငယ်တွေအတွက် အရေးကြီးတယ်။ လူလေးကြီးရင် ဘာဖြစ်ချင်သလဲလို့ အတင်းသင်ပေးလို့ မရဘူး။ အားကောင်းတဲ့ အနုပညာလှုံ့ဆော်မှု ရှိရင် သူ့ဖာသာ ကြိုးစားအားထုတ်လိမ့်မယ်။ ဘာမှမပူနဲ့။
မင်းမြတ်မောင်