မြန်မာ့ရိုးရာ စားစရာ ဖြစ်တဲ့ ထန်းလျက်ကို အတုပြုလုပ်ရခြင်း နောက်ကွယ်က အကြောင်းရင်း

မြန်မာတို့ရဲ့ ရိုးရာဓလေ့စားစရာတစ်ခုဖြစ်တဲ့ ထန်းလျက်ဟာ အခုဆိုရင်အတုတွေ ပေါ်ထွက်လာပြီတဲ့ဗျာ။

မြန်မာနိုင်ငံ၏ ထန်းလျက်အများဆုံးထွက်ရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ရှိသော ရေစကြိုမြို့တွင် ထန်းတတ်သူ အလွန်နည်းပါးလာသောကြောင့် ယခုနှစ်အတွင်းတွင် ထန်းလျက်အတုများကို ချက်လုပ်ရောင်းချလာလျက်ရှိသည်ဟု သိရပါတယ်။ ထန်းလျက်အတုများကို ထန်းလျက်အစစ်များနှင့် ရော၍သော်လည်းကောင်း ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။

ထန်းလျက်အစစ် ချက်လုပ်ရာတွင် ထန်းရည်ချိုကို ချက်လုပ်သည်ဖြစ်သော်လည်း ထန်းလျက်အတု ချက်လုပ်ရာတွင် ကြံသကာအရည်(အကျရည်) ကိုထည့်ကာ ကြံသကာရည်ကို ၃ ပိသာလောက်ထည့် သက်သက်ကြိုပြီးရင် ထန်းရည်ချို အုန်းမှုတ်တစ်မှုတ်ထည့် ဂျုံမှုန့် ၅၀ သားလောက်ထည့် ထန်းလျက်အစို ၂ ပိသာလောက်ထည့် ထက်ဝက်ရောပစ်လိုက်တဲ့ သဘောပေါ့။ ဆီဟင်းစားဇွန်းနဲ့တစ်ဇွန်းလောက်ထည့် တချို့ကဆန်မှုန့်လည်းထည့်ကြတယ်။

ဘာလို့လဲဆိုတော့ မြန်မြန်ခြောက်လွယ်အောင်လို့ စိုနေတဲ့ဓါတ်ကို စုပ်အောင်လို့ထည့်ကြတာ နောက်ပြီးတော့ ချွတ်ဆေးထည့် (လက်ဖက်ရည်ဇွန်း နှစ်ဖွန်းသုံးဇွန်းလောက်ထည့်) ပြီးတော့ ဖိုပေါ်မှာတင် မီးနဲ့ထိုးချက်မွှေပြီးတော့ အောက်ချပြီးတော့ လုံးရတာပါတယ်” ဟု အမည်မဖော်လိုသူ ထန်းလျက် အတုချက်သူ တစ်ဦးထံက သိရပါတယ်။

“မွှေပြီးတော့ချ ကောင်းပြီဆိုရင်ချ ပြတ်ပြီဆိုရင်လုံးရတာ တို့ဟူးကျိုသလိုပေါ့ ဖိုပေါ်မှာတင် ‘ရင့်’တော့မှ အောက်ချပြီးတော့ လုံးရတာ ရိုးရိုးထန်းလျက်တစ်ချော့ (ထန်းလျက်တစ်ချော့လျှင် ပျမ်းမျှ ၁နာရီခွဲကြာသည်) လောက်ဆိုရင် ဟိုထန်းလျက်အတုက ၄ ခါလောက် ချနေရပြီ။ အချိန်သိပ်လည်းမကြာဘူး တစ်ဒယ်ကို ဖျာတစ်ဖျာလောက်ရတယ် ဖျာတွေပေါ် လုံးတင်တာဆိုတော့ အားလုံးပေါင်း ၆ပိသာလောက်တော့ရှိမှာပေါ့ “ ဟု ထန်းလျက်အတုချက်လုပ်သူ အလုပ်သမားတစ်ဦးက ပြောပြပါတယ်။

“ထည့်တဲ့ပစ္စည်းတွေက ထန်းရည်ချိုလိုမှ အရည်ချည်းတိုင်းမဟုတ်တော့ တော်တော်လေးနံတယ် အနှစ်ချည်းတိုင်းမွှေရတော့ ကျွမ်းစော်တွေ တူးစော်တွေနံတာပေါ့ အဲ့အနံ့တွေနဲ့ ရောဂါရတယ်။ သတ္တုဒယ်ဆိုရင် မရဘူး တစ်ချော့ထဲနဲ့ ဖင်ံကျတယ် သံဒယ်မှရတာ” ဟု ထန်းလျက်အတု ချက်လုပ်သူတစ်ဦးက ဆိုပါတယ်။

ထန်းလျက်ချက်သည့် ထန်းတက်မည့်သူများ မရှိတော့သောကြောင့် ထန်းသမားတို့သည် ထိုင်းနိုင်ငံ မလေးရှားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြပြီး ထန်းလျက်စျေးမှာ ယခင်က တစ်ပိသာလုံးလျှင် ၄၀၀ ကျပ် စျေးနှုန်းရှိခဲ့သော်လည်း ယခုက ထန်းတတ်မယ့် ထန်းသမားက ရှားပါးနေပြီး တစ်ပိသာ နှစ်ထောင်လောက် အနည်းဆုံးသည် ဖြစ်နေသည်ဟု သိရပါတယ်။

“လက်ဖဝါးတွေ လက်ဖမိုးတွေတွေကို အဖုတွေ အရည်ကြည်တွေကို ပေါက်လို့ တူးခါးပြီးတော့ အငွေ့တစ်ထောင်ထောင်းနဲ့ ချက်ရတာ ချက်တာက ပိုက်ဆံလည်း သုံးရပါတယ် ဆေးကလည်း နေ့တိုင်းထိုးရပါတယ် ညှော်တွေကလည်း တအားနံတာလေ ဒီနေ့ချက်လိုက်လို့ ၄ထောင်ကျော် ၅ထောင် ရတယ်ဆိုရင် ညနေဆို ဆေးကအမြဲတမ်းဝယ်သောက်ရတယ် ခုနောက်ပိုင်းခေါ်လည်း သွားမချက်ဖြစ်တော့ဘူး “ ထန်းလျက်အတု ချက်လုပ်ခဲ့ဖူးသူ တစ်ဦးကပြောပါတယ်။

တပို့တွဲနှင့် တပေါင်းလတွင် အနု နုရစ်ဟုခေါ်ပြီး တန်ခူး ကဆုန်နယုံတွင် ထန်းဖို ညှက်ရိုးဟု ခေါ်သည်။ ဝါဆို ဝါခေါင် တော်သလင်းတွင် ထန်းမ သီးရစ် ဟုခေါ်ပြီး ထန်းဖိုသည် ထန်းရည်ယိုသည့်လများပြီး ထန်းမသည် ထန်းရည်ယိုသည့်လနည်းသည်ဟု ထန်းတတ်သူ တစ်ဦးထံက သိရပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်ခန့် ကတည်းကပင် ထန်းပင်ထန်းတောများ ပေါများသဖြင့် မြန်မာနိုင်ငံအတွင်း လူသိများထင်ရှားသော ဦးမင်းကျော်(ကိုကြီးကျော်) ၏ ထန်းရည်သောက်ရာ အရပ်ဒေသအဖြစ် နာမယ်ကြီးလျက်ရှိသော ရေစကြိုမြို့နယ်၏ ထန်းတောကြီးများတွင် ထန်းပေါ်ချိန်များတွင် ထန်းလျက်အစစ်များ ချက်လုပ်ရောင်းချနေကြသော်လည်း ယခုအခါအချိန်မရွေး ချက်လုပ်နိုင်သည့် ထန်းလျက်အတုများကို ထန်းသမားမဟုတ်သည့် အချို့သောသူများမှ ချက်လုပ်ရောင်းချ လာကြလျက်ရှိကြောင်းသိရပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိထန်းလျက် စျေးကွက်အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page