လွှတ်ချင်ရင် ထောင်အရင် ချရတဲ့ အဖြစ်နဲ့ ဟားတိုက် ရယ်ချင်စရာ မြန်မာ့တရားစီရင်ရေးလောက
“လွှတ်ချင်ရင် ထောင်အရင်ချရသတဲ့”
ကျနော့်အသိ နိုင်ငံခြားသားတယောက် မြန်မာပြည်မှာ တခါက မတရား အဖမ်းခံရတယ်။ သူက နိုင်ငံခေါင်းဆောင်တွေထံ လွှတ်ပေးဖို့ အသနားခံပန်ကြားတယ်။ အမှုစစ်ဆေးဆဲမှာ တရားခံကို သမ္မတတို့ ဝန်ကြီးချုပ်တို့က လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးလို့ မရဘူးတဲ့။
တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်စွက်ဖက်လို့ မရဘူး။ အဲ တကယ်လို့ တရားရုံးက စီရင်ချက်ချပြီးရင်တော့ သေဒဏ်ပေးထားလည်း သမ္မတ၊ ဝကခ စတဲ့ ထိပ်ဆုံးအာဏာရှိသူက ချက်ခြင်းလွှတ်ပေးလို့ရတယ်တဲ့။
သူ့အမှုက မူးယစ်ဆေးဝါးအမှု။ (တကယ့် သောက်တလွဲအမှုပါ) ဘယ်တော့စစ်လို့ပြီးမှန်းမသိ။ မြင်းခြံထောင်မှာ လူက သေမလိုဖြစ်နေပြီ။ မူးယစ်အမှုဆိုတော့ အာမခံမရနိုင်ဘူးလို့လည်း ပြောတဲ့သူက ပြောပြန်ရော။
ဒါပေမယ့် မြန်မာပြည်မှာ မယုံနိုင်စရာတွေကလည်း များသားကလား။ သိန်း ၈၀၀ လောက် သူအကုန်အကျခံလိုက်တယ်။ အာမခံရတယ်။ ရအောင်လုပ်ပေးသူကပဲ သူ့ကိုပြောတယ်။ မင်းကို ပြန်ဖမ်းမှာ။ အခု အာမခံရတုန်း ပြေးတော့တဲ့။ အဲဒီပွဲစားက ဘယ်လောက်အဆင့်လို့ ထင်လဲ။
ဘာတွေဆက်ဖြစ်လဲ မေးမနေနဲ့။ တနေ့ကျမှ ကျနော်အသေးစိပ်ပြောပြမယ်။ လပိုင်းအကြာ နယ်ခြားဖြတ်ပြီးတော့ သူ ကခုန်နေခဲ့တယ်။ ဟာ ဘယ်ကလာ ခိုးကူးရမှာလဲ။ ပါဂျဲရိုး (SUV) အပေါ်မှာ အခန့်သား ထိုင်ပြီးလိုက်လာတာ။ ဖုန်တောင်မကပ်ဖူး။
ဪ တရားသူကြီးက သူ့ passport သိမ်းထားတာ မဟုတ်လား။ သူ ဘယ်လို တခြားနိုင်ငံထွက်မှာလဲ။ လေကြောင်းခရီးဘယ်လို သွားမှာလဲလို့ ကိုယ့်လူသိချင်သေးလား။ ရီစရာတွေ မမေးပါနဲ့ဗျာ။ ဟား ဟား ဟား ဟား။
Khin Maung Soe