ရဲဝန်ထမ်းများပြောပြသော ရန်ကုန် လှိုင်သာယာမြို့နယ်က ခိုးဆိုးလုနှိုက်အမှုများ နောက်ကွယ်
“ရဲဝန်ထမ်းများပြောပြသော ခိုးဆိုးလုနှိုက် ပြဿနာ”
လှိုင်သာယာမြို့နယ်ထဲမှာ ခိုးဆိုးလုနှိုက်တွေ များပြားနေတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်အချို့နဲ့ စကားပြောကြည့်မိတဲ့အခါ သူတို့ရဲ့ရင်ဖွင့်ချက်လေးတွေကို အများသိရှိပြီး ဝေဖန်အကြံပြု နိုင်အောင် တင်ပြပေးလိုက်ပါတယ်။
ခိုးဆိုးလုနှိုက်တွေဘာ့ကြောင့်များနေရတာလဲ?
လှိုင်သာယာမှာ လူဦးရေ အရမ်းထူထပ်များပြားလာကြောင်း။ ယခင်က ရပ်ကွက်အလိုက် ကောက်တိုတွေ ရဲ့စာရင်းကို ပြုစုရကြောင်း၊ ခိုးဆိုးလုနှိုက် ကျူးလွန်ဖူးသူတွေရဲ့ စာရင်းတွေပါ သူတို့စီမှာရှိကြောင်း၊ ဒါပေမယ့် အခုလက်ရှိ ကျူးလွန်နေသူတွေဟာ ကျော်ကြားစာရင်းဝင်သူတွေမဟုတ်ဘဲ လူငယ်၊လူသစ်တွေဖြစ်နေကြောင်း၊ ယခင်လို ပုံစံကျူးလွန်တာမျိုးမဟုတ်ဘဲ ကြုံရင်ကြုံသလို နယ်မရှောင် နေရာမရှောင် ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်နေခြင်းကြောင့် အမှုတွေများလာရခြင်းဖြစ်ကြောင်း၊
လုယက်သူတစ်ယောက်ကိုဖမ်းမိရင် အမှုက ၄မှုမှ ၁၀မှုထိ ပေါ်ပေါက်ကြောင်း၊ ထိုလူမျိုး ၁၀ယောက်ဆိုရင်ပင် အမှု ရာကျော်သွားနိုင်ကြောင်း၊ ဧည့်စာရင်းဥပဒေမရှိတော့တဲ့အတွက် ဧည့်စာရင်းစစ်လို့မရတော့ကြောင်း ပြောင်းရွှေလုပ်သားတွေနှင့်အတူ ပြစ်မှုကျူးလွန်သူတွေပါ ပါလာတတ်ကြောင်း၊ မည်သူမည်ဝါ ခွဲခြားရန်ခက်လာကြောင်း၊တချို့ဆိုရင် မထင်ရလောက်အောင်ရုပ်ရည်သန့်ပြန့်တတ်ကြောင်း၊ ရဲဝန်ထမ်းအင်အားမှာလည်းမလုံလောက်ကြောင်း၊ ကျူးလွန်သူအများစု ဟာ မိသားစု စားဝတ်နေရေးကိုဖြေရှင်းဖို့ထက် အလုပ်လက်မဲ့ လွယ်လွယ်ရ၊ လွယ်လွယ်သုံးဖြုံးချင်သောကြောင့်ဖြစ်ကြောင်း
ဆိုးသွမ်းရမ်းကားသူများကိုဖမ်းဆီးရာမှာ တပ်ဖွဲ့ဝင်တွေအတွက် အန္တရာယ်များပါကြောင်း၊ တစ်ခါတစ်လေမှာ ယူနီဖောင်းဝတ်ထားသည့်တိုင် ဓားနဲ့အထိုးခံရတာလည်းရှိတတ်ကြောင်း ခုနောက်ပိုင်း ပြစ်ခတ်ဖမ်းဆီးတာမျိုးတွေရှိလာတဲ့အတွက် လူဆိုးလူမိုက်များကိုဖမ်းဆီးလို့ရပေမယ့် အပြစ်ပေးတဲ့အလုပ်ဟာတရားရုံးကဆုံးဖြတ်တာဖြစ်ကြောင်း၊ မကြာသေးခင်က အောင်မင်္ဂလာဈေးရှေ့မှာ သိမ်သမုတ်ပွဲစောင့်ရှောက်နေတဲ့ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ မူးယစ်ရမ်းကားသူများအားတားဆီးရာတွင် တပ်ဖွဲ့ဝင်တစ်ဦးဓားထိုးခံရကြောင်း၊
ထိုအမှုကို တရားခံဘက်မှ နာမည်ကျော်ရှေ့နေများငှါးရမ်းပြီး လိုက်နေတဲ့အတွက် ထိုရှေ့နေမှ ရဲတပ်ဖွဲ့ဝင်တွေကိုပင် တရားစွဲမည့်သဘောမျိုးတရားခွင်မှာပြောဆိုခြိမ်းခြောက်နေကြောင်း၊ တချို့သောတရားစီရင်ရေးမှာ အံ့သြစရာကောင်းကြောင်း၊ ရဲတွေက လုံးထွေးဖမ်းဆီးပြီးမှ မိတဲ့တရားခံတွေဟာ တရားခွင်ကနေ ပြန်လွတ်လာကြကြောင်း၊ ပြန်လွတ်လာတာနဲ့ဖမ်းတဲ့ရဲကို အသက်အန္တရာယ်ဖြစ်အောင်ရန်ပြုတတ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှာလည်း လူသားများဖြစ်၍ သေမည်ကိုတော့စိုးရိမ်ကြကြောင်း၊
သေမှမကြောက် ခပ်မိုက်မိုက်ရဲတပ်ဖွဲ့ဝင်များကိုတော့ အဝေးကိုရောက်အောင်နည်းအမျိုးမျိုးနဲ့လုပ်ဆောင်တတ်ကြောင်း၊ တချို့ဆိုရင် ကုံးသီးတွေနဲ့ ဝိုင်းဝန်းချောင်းမြောင်းပစ်ခတ်ပြီးထွက်ပြေးသွားတတ်ကြောင်း၊ ကြာလာတော့လည်း တပ်ဖွဲ့ဝင်တွေဟာ မသိသလိုဆောင်လာရတော့ကြောင်း၊ ဖြစ်မှ ထပြီးအရေးယူရတာတွေလုပ်ရတော့ကြောင်း၊
မှုခင်းတွေများရင်သာ ရဲတွေကိုအပြစ်တင်ကြပေမယ့် ရဲတပ်ဖွဲ့ဝင်ပြီး မှုခင်းနှိမ်နင်းဖို့ တိုက်တွန်းတဲ့သူ ရှားပါးကြောင်း၊ ကောက်တိုတွေကို တွေ့တာနဲ့ ပထမအကြိမ်သတိပေးပြီး ဒုတိယအကြိမ်မှာ ဖမ်းဆီးအရေးယူကြောင်း၊ သို့သော် လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ရန်ကိုလည်းရှောင်ရှားရသဖြင့် ထင်သလောက်မလွယ်ကူပါကြောင်း၊ နဝလီရွှေဝယ်သူများကို ချိတ်ဆက်အကူအညီတောင်းပြီး မှုခင်းကျဆင်းရေးအတွက် ရွှေတိုရွှေစ လာရောင်းရင်သတင်းပေးဖို့ စည်းရုံးပေမယ့် မိမိအကျိုးကို လက်လွှတ်ခံပြီး တရားဥပဒေစိုးမိုးရေး ဦးစားပေးကာ သတင်းပေးတဲ့သူမှာ အင်မတန်ရှားပါးကြောင်း၊
တချို့ရွှေဆိုင်ကြီးများမှာ ပြင်ပရွှေမဝယ်ပါဟု ဆိုင်းဘုတ်တပ်ထားသော်လည်း နောက်ကွယ်တွေ ပြင်ပရွှေဝယ်သူများကို ငွေထုတ်ပေးနေသူများလည်းရှိတတ်ကြောင်း၊ ထိုသူများမှာ ပါတီတစ်ခုခုရဲ့ အရှိအဝါကို အမိအရဆုတ်ကိုင်ထားတတ်ကြောင်း၊ မိမိတို့မှာ သူခိုးလက်ခံမှန်း သိသိကြီးနဲ့ ဖော်ထုတ်မရတာမျိုးတွေလည်းရှိတတ်ကြောင်း၊ သိန်းရာကျော်တန်ပစ္စည်းကို ၅သိန်းလောက်နဲ့ ရောင်းသွားတဲ့ ဖြစ်စဉ်က တရားခံများ မိလို့ သူရောင်းတဲ့နေရာလိုက်ပြတဲ့အခါ ရွှေဝယ်တဲ့ နဝလီရွှေဝင်ဆိုင်တွေဟာ မရှိတော့ကြောင်း၊
ရဲတပ်ဖွဲ့နဲ့မလုံလောက်တဲ့အတွက်ကြောင့် မြို့နယ်ထဲမှာ CCTV အကူအညီ ယူရာမှာလည်း ထိုCCTVများ ဖျက်ဆီး၊ပျောက်ရှမှု မဖြစ်စေရေး ပြည်သူတွေကိုပဲအကူအညီတောင်းခံရမှာဖြစ်ပါကြောင်း၊
တပ်ဖွဲ့ဝင်တွေဟာ ၂၄နာရီတာဝန်ထမ်းနေရတဲ့အပြင် နေ့စဉ် ပြဿ နာပေါင်းများစွာနဲ့ ကြုံတွေ့နေရတဲ့အတွက် စိတ်ဖိစီးမှုများကာ ပြည်သူတွေနဲ့ဆက်ဆံတဲ့နေရာ၌ နားဝင်ချိုအောင်စိတ်ရှည်လက်ရှည်ပြောပြဖို့ အတော်အားနည်းသည်ကိုလည်း ဝန်ခံပါကြောင်း၊ ထို့အတွက်နားလည်ပေးစေလိုကြောင်း၊
အိပ်ရေးမဝတဲ့သူများဟာ စိတ်ဖိစီးမှုများပြီးစိတ်မရှည်တတ်တဲ့ရောဂါ ဖြစ်တတ်ပါကြောင်း ပြည်သူထဲက ပေါက်ဖွားတဲ့ တပ်ဖွဲ့ဝင်တွေဟာလည်း လူသားတွေပင်ဖြစ်လို့ မှားတဲ့အခါမျိုးတွေမှာ ဝိုင်းဝန်းဆဲဆိုကြသလို မှန်ကန်တဲ့လုပ်ရပ်တွေအတွက်လည်း အားပေးကြစေလိုကြောင်း။
မိမိပယောဂကြောင့် မှန်ကန်သောတပ်ဖွဲ့ဝင်များ မိမိမြို့နယ်အတွက် မဆုံးရှုံးစေလိုကြောင်း။ ပြောပြ သိရှိရပါသည်။
ပြည်သူအနေနဲ့ တပ်ဖွဲ့ဝင်တွေကို မှားရင်လည်းထောက်ပြ ဝေဖန်ပြီး တည့်မတ်ပေးကြဖို့၊ ကိုယ်ချင်းစာကြဖို့၊ မှန်ကန်တဲ့တပ်ဖွဲ့ဝင်တွေကိုလည်း အားပေးကူညီကြဖို့ ဒါမှသာ မိမိမြို့နယ်အတွက် မှုခင်းကျဆင်းရေးတွင် ကူညီရာအမှန်ရောက်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
လှိုင်သာယာမြို့နယ်သတင်းများ