စာရွက်ပေါ်မှာ ၂၄ နာရီ မီးလင်းနေပေမယ့် အပြင်မှာတော့ အမှောင်ထဲရောက်နေတဲ့ မြန်မာပြည်

လျှပ်စစ်ဓါတ်အားတွေကို ၂၄ နာရီအပြည့်အဝပေးမယ်လို့ ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားပေမဲ့ ယနေ့အထိ ရန်ကုန်၏ မြို့နယ်အချို့တွင်လျှပ်စစ်မီးတွေ အချိန်ကြာမြင့်စွာပြတ်တောက်နေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့နေ ပြည်သူများထံမှ သိပါတယ်။

“ဒီတစ်ပတ်ထဲပဲ ပြီးခဲ့တဲ့ စနေရုံးပိတ်ရက်က မနက် ၈ နာရီထဲကပျက်တဲ့မီးဟာ ညနေ ၅ နာရီမှပြန်လာပါတယ်။တစ်နေ့လုံးပျက်တယ်၊ အချိန်ပိုင်းခဏလေးတောင်မလာဘူး။ အခုညပိုင်းတွေဆိုလဲ သူတို့က အပြည့်ပေးမယ်ပြောပေမဲ့ ညပိုင်းတွေလဲပျက်နေတာပါပဲ။ ပျက်လိုက် လာလိုက်ပါပဲ။ ကျန်တဲ့မြို့နယ်တွေတော့ မသိဘူး၊ ကျနော်တို့မြို့နယ်တွေမှာတော့ လျှပ်စစ်ဓါတ်အားတွေက ပြတ်တောက်နေဆဲပါပဲ။ တော်တော်လေးအချိန်ကြာကြာပျက်ပါတယ်။ အရင်ကနဲ့ ဘာမှသိပ်မထူးပါဘူး။ လာမယ့်ကာလတွေလဲ သူတို့ဘယ်လိုပေးအုံးမလဲ မသိဘူးပေါ့နော်။”လို့ ရန်ကုန်မြို့ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်နေဆဲဖြစ်သည့် မြို့နယ်များတွင် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံး မြို့နယ်/ရပ်ကွက်များတွင် အများဆုံးဖြစ်ပွားနေပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေကို အဆိုပါ မြို့နယ်/ရပ်ကွက်က ပြည်သူတွေက အများဆုံးခံစားနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

“လျှပ်စစ်မီးကတော့ ထုံးစံအတိုင်းပါပဲ။ ကျနော်တို့လို လျှပ်စစ်နဲ့အလုပ်လုပ်နေရတဲ့သူတွေဆို အချိန်ကြာကြာမီးပျက်ရင်အဆင်မပြေဘူးပေါ့။ မီးစက်ဖိုးနဲ့ဆီဖိုးနဲ့ကျ မလွယ်ဘူးပေါ့။ မီးလာတဲ့အချိန်ပြေးလုပ်လိုက် မီးပျက်တဲ့အချိန်ဆိုရပ်ထားလိုက်နဲ့ ဒီလိုပဲသွားနေရတာပေါ့။ အရင်ကအပိုင်းနဲ့ပေးတော့ဘယ်အချိန်လာမယ်၊ဘယ်အချိန်ပျက်မယ်ဆိုတာကိုမှန်းလို့ရသေးတယ်။ အခုကပေးတဲ့အချိန်ကမမှန်တော့ မှန်းလို့မရတော့ဘူးပေါ့။”လို့ ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ယခုမိုးရာသီ၌ ရရှိမယ့်ရေများကို စနစ်တကျစီမံပြီး လာမည့် နွေရာသီတွင် ဓာတ်အားပြည့်မီအောင် ထုတ်လုပ်ရန်ရှိနေတာ ဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပေးနိုင်ဖို့အတွက် ရေလှောင်တမံအတွင်း စီးဝင်လာသောရေများအား စနစ်တကျစီမံပြီး ဓာတ်အားထုတ်လုပ်နိုင်ရန်ပြင်ဆင်ထားပြီး နေပြည်တော်၊ဇေယျသီရိမြို့နယ်ရှိ ပေါင်းလောင်းရေ အားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်နိုင်ရန် စီစဉ်ထားတာလို့ သိရပါတယ်။

“နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပေးဖို့အတွက် ရေလှောင်တမံအတွင်းကို စီးဝင်လာတဲ့ရေကို စနစ်တကျစီမံပြီး ဓာတ်အားထုတ်လုပ်နိုင်ရပါမယ်”ဟု စကစ လက်အောက်ခံ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ပြောပါတယ်။

“လျှပ်စစ်ဓာတ်အားကို တစ်နှစ်ပတ်လုံးစဉ်ဆက်မပြတ်ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာဖြန့်ဖြူးပေးနိုင်ဖို့အတွက် ရေအားလျှပ်စစ်စက် ရုံတွေ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံတွေ၊ သဘာဝဓာတ်ငွေ့နဲ့အပူစွမ်းအင်သုံးစက်ရုံတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေကို Generation Mix မှာ အရင်းအမြစ်မျိုးစုံပါဝင်ထုတ်လုပ်နိုင်ဖို့ကို ဟန်ချက်ညီညီကြိုးပမ်းဆောင် ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ ၂၄ နာရီ လျှပ်စစ်မီးမရသေးတဲ့ မြို့နယ်တွေမှာ မနက် ၈ နာရီကနေ မွန်းလွဲ တစ်နာရီ တစ်အုပ်စု ၊ မွန်းလွဲတစ်နာရီကနေ ညနေ ၅ နာရီ တစ်အုပ်စု ခွဲတမ်းပေးထားပြီးတော့ ညဘက်မှာတော့ မြို့နယ်တိုင်းကို ညလုံးပေါက် လျှပ်စစ်မီး ပေးနေတာဖြစ်ပြီး စက်မှုဇုန်တွေကိုတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ပဲ လျှပ်စစ် ပေးဝေနေသေးတာဖြစ်တယ်လို့ YESC က ထုတ်ပြန်ထားတာပါ။

စကစက လက်ထဲမှာ ရှိတဲ့ ဒေါ်လာတွေ မကုန်ချင်တာကြောင့် ဓာတ်ငွေ့ဝယ်ယူမှုကို ရပ်တန့်ခဲ့ပြီး ရန်ကုန်မြို့ကို ပေးနေတဲ့ သဘာဝဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံတွေကို ရပ်တန့်စေခဲ့ပါတယ်။ အဲဒါကြောင့် ယခင်က ၂၄ နာရီ လျှပ်စစ်မီး ရတဲ့ ရန်ကုန်ဟာ အခုချိန်မှာ အမှောင်ကျတဲ့ နာရီတွေ အတော်များများ ဖြစ်လာတာကို တွေ့နေရပါတယ်။ လျှပ်စစ်မီး မရရှိမှုကြောင့် စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးတွေ အဖက်ဖက်က ကျဆင်းလျက် ရှိပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page