ကျိုက်ဒေးဝိ စေတီတော်ကြီးရဲ့ ဌာပနာထဲက ဘုရားလေးဆူ မီခဲ့တဲ့ ပတ္တမြားကြီး ဘယ်ရောက်သွားပြီလဲ

ကျိုက်ဒေးဝိ စေတီတော်ကြီးနဲ့ ပတ်သက်တဲ့ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်များ အကြောင်း

တချို့သောအဖြစ်အပျက်တွေဟာ တစ်ခါတစ်ရံ စိတ်ကူးယဉ်တာထက် ဆန်းကြယ်နေပါတယ်။ အထူးသဖြင့် မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်တဲ့အခါမျိုးမှာ သာမန်အတွေးနဲ့ ယုံကြည်လက်ခံဖို့ အတော်ခဲယဉ်းနေတတ်ပါတယ် ။

သုဝဏ္ဏ အားကစားရုံ တည်ဆောက်နေစဉ်ကာလ နိုင်ငံခြားပညာရှင်တွေဟာ အားကစားဝင်းမှာ စိုက်ပျိုးမယ့် မြက်အမျိုးအစား ရှာဖွေဖို့ ပဲခူးဘက်ကို ထွက်လာခဲ့ရာက အင်းတိုင်လမ်းဆုံမရောက်ခင် ပုံသဏ္ဌာန်ထူးခြားတဲ့ စေတီတော်တစ်ဆူကို တွေ့တာနဲ့ ဝင်ရောက်ဖူးမြော်ကြပါတယ် ။ ရင်ပြင်တော်ကို လှည့်ပတ်ကြည့်ရာက တနင်္လာဒေါင့်က ကျားနှစ်ကောင်ကိုတွေ့တဲ့ခါ တစ်ကောင်နဲ့တစ်ကောင် နှုတ်ခမ်းမွှေးကစ ခွဲခြားမရအောင်လက်ရာတူညီနေတာကို သဘောကျပီး ပညာရှင်ကို လုပ်ငန်းမှာအသုံးပြုဖို့ ဂေါပကအဖွဲ့ထံ သွားရောက်စုံစမ်းကြပါတယ် ။

စကားပြန်ကတဆင့် အကျိုးအကြောင်းပြောပီး စုံစမ်းတဲ့အခါမှာ ဂေါပက အဖွဲ့ဝင်တွေက.. တနင်္လာဒေါင့်မှာ ကျားတစ်ကောင်တည်းထုလုပ်ထားတာပါလို့ ရှင်းပြပေမယ့် သေချာကြည့်ပြီးစစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား အဖွဲ့ကလည်း ကျားနှစ်ကောင်ကို သေချာမြင်ခဲ့တဲ့အကြောင်း ငြင်းခုံကြရင်း ဂေါပကအဖွဲ့နဲ့အတူ တနင်္လာဒေါင့်ကို ထပ်မံသွားကြည့်တဲ့အခါမှာတော့ အမှန်တကယ် ကျားတစ်ကောင်ထဲသာရှိနေတာကို မြင်ပြီး နိုင်ငံခြားသားတွေ အံ့သြတုံလှုပ်ကုန်ကြပါတယ် ။

နောက်ဖြစ်ရပ် တခုကတော့ သင်္ကန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ တစ်နေ့မှာ ကျိုက်ထီးရိုးစေတီ သွားရောက်ဖူးမြော်ကြပါတယ် ။

စေတီတော်ကိုကန်တော့ပြီး လက်အုပ်ကို ပြန်ကြွလိုက်တဲ့အခါ ဦးသိန်းမောင်ရဲ့လက်အုပ်ထဲမှာ ခိုးလို့ခုလုနဲ့ မာကျောကျောအရာတစ်ခု ပါလာပါတယ်။ အညိုရောင်ခပ်မွဲမွဲနဲ့ ကွမ်းသီးလုံးခန့်ရှိ ကျောက်တစ်လုံးကိုတွေ့တာနဲ့ သူ့စိတ်ထဲမှာ ဒါငါ့ကိုပေးတာဖြစ်မယ်လို့ယူဆပီး ကျောက်ကို အိမ်အပြန်ယူလာခဲ့ပါတယ် ။

အမှတ်မဲ့နေရာက တစ်နေ့မှာတော့ သိမ်းထားတဲ့ကျောက်ကို မဂိုလမ်းသွားပြကြည့်တဲ့ခါ (ထိုခေတ်က) ရှစ်ကျပ်ပေးပါတယ် ။ မကျေနပ်လို့ထပ်ပီး ဗိုလ်ချုပ်ဈေး ကျောက်ပွဲစားတန်းကို သွားပြပြန်ပါတယ် ။ ကျောက်ကိုသေချာစစ်ဆေးပီး ၉၀ ကျပ်တန်ဖိုးဖြတ်တာနဲ့ မရောင်းပဲ ပြန်သိမ်းထားလိုက်ပါတယ် ။

တစ်ညမှာတော့ ကျိုက်ထီးရိုးဘိုးဘိုးကြီးက.. ဒါ မင်းပစ္စည်းမဟုတ်ဘူး အင်းတိုင်လမ်းဆုံနားမှာ ဘုရားတည်နေတယ်.. လပြည့်နေ့ နေ့လည်တစ်နာရီအရောက်သွား အဲသည်ဘုရားမှာ ဌာပနာထည့်လိုက်လို့ အိပ်မက်ပေးပါတယ် ။

ထိုအချိန်က ပါရမီရှင် အမေကြည်ဆိုသူဟာ အထက်ပုဂ္ဂိုလ်တွေရဲ့ ဓါတ်မိန့်ကိုနာခံပြီး ကျိုက်ဒေးဝိစေတီတော်ကို ဦးစီးပီး ပြုပြင်နေတဲ့အချိန်ဖြစ်ပါတယ် ။ စေတီတော်ကို ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးလို့ လပြည့်နေ့မှာ ထီးတော်တင်မင်္ဂလာနဲ့ ဌာပနာတော်သွင်းမင်္ဂလာ တပြိုင်တည်းကျင်းပမှာဖြစ်ပီး အထက်ပုဂ္ဂိုလ်ကြီးများက.. ဘုရားလေးဆူကိုမီခဲ့တဲ့ ပတ္တမြားကြီး ရောက်လာလိမ့်မယ်လို့ ညွှန်ကြားထားပြီးဖြစ်ပါတယ် ။

အမေကြည်ရဲ့ပြောကြားချက်ကို မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ ဟုတ်မှဟုတ်ပါ့မလားဆိုသူတွေလည်းရှိပါတယ် ။ ဘယ်လိုပဲထင်ထင် အထက်ပုဂ္ဂိုလ်တွေရဲ့အမိန့်ဟာ ဘယ်ခါမှ မလွဲမှားတဲ့အတွက် အမေကြည်က ပတ္တမြားကြီးတင်ဖို့ ကလာပ်တစ်ခုပေါ်မှာ ဆွတ်ဆွတ်ဖြူတဲ့ ဂွမ်းတွေတင်ထားပီးပါပြီ။

ပတ္တမြားကြီးရောက်လာမှာတဲ့ဆိုပီး တစ်ဆင့်စကား တစ်ဆင့်နားနဲ့လာကြတဲ့သူတွေကလည်း တိုးမပေါက်အောင်ပြည့်ကျပ်နေပါတယ် ။ တဖြေးဖြေးနဲ့ အစီအစဉ်တွေ တစ်ခုပီးတစ်ခုကျင်းပနေရာက ဌာပနာတော်သွင်းမင်္ဂလာချိန်ရောက်ဖို့ မိနစ်အနည်းငယ်သာကျန်ပါတော့တယ် ။ လူတွေအားလုံးဟာ ဂွမ်းဆိုင်ပုံကြီးကိုတစ်လှည့် အမေကြည်ကို တစ်လှည့် ကြည့်ပီးသို့လော သို့လောနဲ့စောင့်ဆိုင်းနေကြပါတယ်။

အမေကြည်ကတော့ ယုံကြည်ချက်အပြည့်နဲ့ ပတ္တမြားကြီးရောက်လာမယ့်လမ်းကို စောင့်နေရာက ဟော လာပြီ ပတ္တမြားကြီးရောက်လာပါပြီလို့ ကြွေးကြော်လိုက်ပါတယ် ။ ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးဘိုးဘိုးကြီးအိပ်မက်အရ ဌာပနာထည့်သွင်းဖို့ လပြည့်နေ့မှာ ကျောက်ကို ယူဆောင်လာခဲ့ပါတယ် ။

ကြက်ပျံမကျ ကြိတ်ကြိတ်တိုးနေတဲ့လူတွေကိုဖြတ်ကျော်ပီး လက်ထဲက ညိုမွဲမွဲ ၉၀ တန်ကျောက်ကို အမေကြည့်လက်ထဲ အချိန်မီပေးအပ်လိုက်ပါတယ် ။ အမေကြည်က ကျောက်ကို လက်နှစ်ဘက်နဲ့ တရိုတသေလှမ်းယူလိုက်ပီး နေရောင်မှာကိုင်မြှောက်ပြလိုက်တဲ့ခါ လူတွေအားလုံး အမေ့လက်ထဲကကျောက်ကိုစုပြုံကြည့်ရင်း သာမန်ကျောက်ခဲလိုဘာမှလည်းမထူးခြားပဲ အထင်နဲ့အမြင်တက်တက်စင်လွဲနေတာမို့ စိတ်ပျက်သွားကြပါတယ် ။

အမေကြည်ကအပြုံးမပျက်ပဲ ကျောက်ကိုဂွမ်းဆိုင်ပေါ်တင်လိုက်တဲ့အချိန်မှာတော့.. အရောင်အဆင်းမရှိတဲ့ကျောက်ခဲဟာ မျက်လှည့်ပြလိုက်သလို နေရောင်အောက်မှာ ရွှန်းစိုလာပီး တဖြေးဖြေး နီရဲနေတဲ့အရောင်တွေတဖိတ်ဖိတ် တလက်လက်ယှက်ဖြာလာရင်း ဂွမ်းဆိုင်ထုတစ်ခုလုံး အနီရောင်တွေကူးစက်သွားပီး ပတ္တမြားရည်တွေ စီးကျနေသလိုချင်းချင်း နီရဲသွားပါတယ် ။

ပတ္တမြားကြီးရဲ့အရောင်တွေဟာ နေရောင်ခတဲ့အချိန်မှာ ပြိုးပြိုးပြက်ပြက် အလင်းတန်းတွေဖြာပီး လူတွေဆီပါ အရောင်တွေဟပ်နေပါတော့တယ်။ အောင်ပြီပတ္တမြားကြီးကို ဌာပနာသွင်းပီးချိန်မှာတော့ အမေကြည်နဲ့အတူ ပရိတ်သတ်ကြီးအားလုံးအောင်ပြီ.. အောင်ပြီ.. အောင်ပြီ.. ဆိုပြီး တခဲနက်ကြွေးကြော်လိုက်ကြပါတော့တယ်။

ဘုရားရဲ့ဘွဲ့တော်က ကျိုက်ဒေးဝိ ဖြစ်ပါတယ်။ တော်ရုံသမာဓိနဲ့ အဓိဌာန်မဝင်သင့်တဲ့နေရာပါ။ ကုက္ကိုသစ်ကွင်းပင်တစ်ပင်ရှိပီး နတ်ကျားတစ်ကောင် စောင့်ရှောက်နေပါတယ် ။ တစ်ခါတစ်ခေါက် လာရောက်ဖူးမြော်ပါလို့ တိုက်တွန်းလိုက်ပါရစေ..။ မုခ်ဦးအဝင်မှာ ကိုယ်တိုင် ကျားဟိန်းသံကြားခဲ့ဖူးပါတယ်။ ယုံကြည်ဖို့မည်သူ့ကိုမျှ မတိုက်တွန်းပါ။

ယခုကာလနောက်ပိုင်းတွင် ကျိုက်ဒေးဝိ စေတီတော်ကြီးကို ပြန်လည် ပြုပြင်မွမ်းမံမှုများ ရှိခဲ့ပြီး စေတီတော်ထဲကို အမေကြည် ဌာပနာခဲ့တဲ့ ဘုရားလေးဆူ မီခဲ့တဲ့ ပတ္တမြားကြီးရဲ့ သတင်းကတော့ ပျောက်ခြင်း မလှ ပျောက်ဆုံး ခဲ့ရပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page