ဘတ်၊ယွမ်ပဲ သုံးရမယ်ဆိုတဲ့ စကစရဲ့ ဖောရှောအမိန့် လေထဲပျောက်ကွယ်၊ ဒေါ်လာပဲ သုံးရတော့မည်ဟုဆို

နယ်စပ်ကုန်သွယ်ရေးမှာ ဆန်၊ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံနဲ့ စတဲ့ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချမှုတိုင်းကို အမေရိကန်ဒေါ်လာနဲ့သာ ပေးချေရမယ်လို့ စကစ လက်အောက်ခံ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ပြောင်းလဲသတ်မှတ်လိုက်ပြန်ပါတယ်။

နယ်စပ်ဂိတ်တွေကနေ ကုန်သွယ်မှု​လုပ်တဲ့အခါ ယွမ် ၊ဘတ် တိုက်ရိုက်အသုံးပြုခွင့် ပြုထားရာကနေ အခု ဇူလိုင်လကစပြီး ဒေါ်လာနဲ့သာ ပေးချေဖို့ ပြန်လည် သတ်မှတ်လိုက်တာဖြစ်ပြီး အခုလိုသတ်မှတ်ချက်ကို ပြီးခဲ့တဲ့ ဇွန်၃၀ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ယွမ်ငွေ ၊ ဘတ်ငွေလဲလှယ်မယ့်အစား သတ်မှတ်ကုန်စျေးနှုန်းကို ဒေါ်လာနဲ့သတ်မှတ်မယ်ဆိုပြီး တရားဝင်စာထွက်တယ်။ တရုတ်နိုင်ငံပို့မယ့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲ ၊နှမ်း၊ ရာဘာ စတဲ့ကုန်ပစ္စည်းမျိုးစုံကို အမေရိကန်ဒေါ်လာနဲ့စျေးနှုန်းသတ်မှတ်ပြီးတော့ တရုတ်ကိုတင်ပို့ရမှာဖြစ်ပါတယ်။ ” လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒု-ဥက္ကဋ္ဌ ဦးမင်းသိန်းကပြောပါတယ်။

နယ်စပ်ကုန်သွယ်မှုကနေရတဲ့ ပို့ကုန်ရငွေကို ဗဟိုဘဏ် ကို ၁၈၅၀ ကျပ်နဲ့ပြန်သွင်းရမှာဖြစ်ကြောင်း မသွင်းရင် ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းတာ၊ လိုင်စင်ပိတ်တာတွေလုပ်မယ်လို့လည်း သိရပါတယ်။

ဗဟိုဘဏ်ကို ၁၈၅၀ ကျပ်နဲ့ ဒေါ်လာသွင်းရသလို ကုန်သည်တွေအတွက် လိုအပ်တဲ့ ဒေါ်လာကိုလည်း ဗဟိုဘဏ်ဘက်က အပြည့်ဝအထုတ်ပေးမှသာ ကုန်သည်တွေအတွက် အဆင်ပြေမှာဖြစ်ပြီး အကယ်၍ ဒေါ်လာထုတ်ရောင်းမပေးနိုင်ပါက ကုန်သည်တွေဒုက္ခရောက်ပြီး နယ်စပ်ကုန်သွယ်မှုရပ်တန့်သွားနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

“ဟိုးအရင် ယွမ်/ဘတ်အသုံးပြုခွင့်မပေးခင် ဒေါ်လာနဲ့ပေးချရတုန်းက ပို့ကုန်ရတဲ့ဒေါ်လာကို ဗဟိုဘဏ်မသွင်းရဘူးလေ၊ ရတာကို ကိုင်ထားလည်း ရသလို ကြိုက်စျေးပြန်ရောင်းလည်း ရတယ်။ အခုက ၁၈၅၀ နဲ့ပြန်သွင်းရတယ်။ ဒီစနစ်က ကျနော်တို့ ကုန်သည်တွေအတွက်အဆင်မပြေနိုင်ဘူး။ “လို့ နောက်ထပ်ကုန်သည်တဦးကပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးကို ရေကြောင်းကုန်သွယ်ရေးပုံစံ ပြောင်းလဲလိုက်တာဖြစ်ကြောင်း၊ အခုလို ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေး အခြေအနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ကုန်သည်တွေက ပြောဆိုနေပါတယ်။

ပို့ကုန်ရငွေအနေနဲ့လည်း ပို့ကုန်ပစ္စည်းတွေတင်ပို့ပြီးနောက် ၄၅ ရက်အတွင်း ပို့ကုန်ရငွေ မဖြစ်မနေ ဝင်ရောက်ရမှာဖြစ်ပြီး ပို့ကုန်လိုင်စင်သက်တမ်းကို ၁ လ ခွင့်ပြုပေးဖို့ စကစ လက်အောက်ခံ စီးပွား​ရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

လက်ထဲမှာ ဒေါ်လာ မရှိတော့တဲ့ စကစအနေနဲ့ ရှိသမျှ ဒေါ်လာ ရပေါက် ရလမ်းတွေကနေ မရမက လိုက်လံ ယူနေတာကြောင့် ကုန်သွယ်မှုတွေ ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။ ပြည်တွင်းက တင်ပို့တဲ့ ပစ္စည်းများ ရောင်းရသမျှ ဒေါ်လာတွေကိုတော့ အကုန်ယူပြီး ပြည်ပကနေ ပြန်ဝယ်ဖို့ ဒေါ်လာကိုကျတော့ စကစ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်မပေးတာကြောင့် စက်သုံးဆီ၊ စားသုံးဆီတွေ ပြတ်တောက်ပြီး ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားတာ ဖြစ်ပါတယ်။ အခုလို အရာရာ ကျပ်တည်းသွားအောင် လုပ်နေတဲ့ အဓိက လက်သည်ကတော့ အာဏာလက်မလွှတ်လိုတဲ့ စကစပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page