ဘာသာရေးဆရာ ဂုရုကြီးနဲ့ ဘုရားအဆူဆူ ဖူးပြီးတာတောင် ခါးမြဲ ခါးနေတဲ့ ကြက်ဟင်းခါးသီး
အိန္ဒိယနိုင်ငံ မြို့ငယ်လေးတစ်မြို့မှာ ဘာသာရေးဂိုဏ်းဆရာ ဂုရုကြီး တစ်ယောက် ရှိပါတယ်။ သူ့မှာ တပည့်များစွာလည်းရှိပါတယ်။ မကြာခဏ ဆရာကြီးကို လာတွေ့ပြီး တရားဆွေးနွေးကြပါတယ်။
တစ်နေ့မှာတော့ တပည့်တချို့ လာတွေ့ပြီး သူတို့ ဘုရားဖူးသွားမည့်အကြောင်း လာပြောကြပါတယ်။ ဂုရုကြီးက သူတို့ကို ပြုံးပြုံးကြီးကြည့်ပြီး မေးလိုက်ပါတယ်။ “ဘာဖြစ်လို့ ဘုရားဖူးသွားချင်ကြတာလဲ”…?
“ဘုရားပေါ် ယုံကြည်မှုတွေ ပိုတိုး လာအောင်လို့ပါ”
“ဒါဆို ငါ့အတွက်တစ်ခုလောက် လုပ်ပေးလို့ရမလား”
“ရပါတယ် ဆရာကြီး”
“ဟော့ဒီ ကြက်ဟင်းခါးသီးတစ်လုံးကို မင်းတို့နဲ့ အတူ ယူသွားပေးပါ” “ဘယ်ဘုရားဖူးဖူး အဲ့ဒီ ကြက်ဟင်းခါးသီး ပါပါစေမင်းတို့ ပြန်လာတဲ့အခါ ငါ့ဆီကို ပြန်ယူလာပေးပါလို့ပြောပြီး.. အနားမှာ ရှိတဲ့ကြက်ဟင်းခါးသီးတစ်လုံး ကိုတပည့်တွေပေးလိုက်ပါတယ်”
ဒီလိုနဲ့ တပည့်တွေလည်း ဆရာကြီး မှာတဲ့အတိုင်း ကြက်ဟင်းခါးသီးနဲ့ အတူဘုရားအဆူဆူဖူးပါသတဲ့။ ပြန်ရောက်တော့ ဆရာကြီးဆီ သွားပြီး ဘုရားဖူးလာတဲ့ ကြက်ဟင်းခါးသီးကို ပြန်ပေးလိုက်ပါတယ်။
“အတော်ပဲ မင်းတို့ရောက်တုန်း အဲ့ဒီ ကြက်ဟင်းခါးသီးနဲ့ ငါ့ကို ဟင်းတစ်ခွက် ချက်ကျွေးကြပါလား” လို့ ဆရာကြီးက ခိုင်းလိုက်ပါတယ်။ တပည့်တွေကလည်း ဆရာကြီးခိုင်း တဲ့အတိုင်းချက်ကျွေးကြပါတယ်။ ဂုရုဆရာကြီးက ကြက်ဟင်းခါးသီး ဟင်းကိုတစ်ဇွန်းလောက် ခပ်စားပြီး တဲ့အခါ “အံ့သြဖို့ကောင်းလိုက်တာ” လို့ ပြောလိုက်ပါသတဲ့။
တပည့်တွေကလည်း စိုးထိတ်သွားပြီး “ဘာများဖြစ်လို့ပါလဲ ဆရာကြီး” လို့ ပြန်မေးလိုက်ပါတယ်။
“ဒီကြက်ဟင်းခါးသီးက ဘုရားအဆူဆူ ဖူးပြီးတာတောင် ခါးနေတုန်းပဲကိုး”
“ဒါကတော့ ကြက်ဟင်းခါးသီးရဲ့ ပင်ကိုယ်သဘာဝပဲကိုး ဆရာကြီး”
“အေး.. ငါပြောချင်တာ.. အဲ့ဒါပဲ” “ကြက်ဟင်းခါးသီးဟာ ဘုရားအဆူဆူ ဖူးခဲ့ပေမဲ့လည်း သူရဲ့ပင်ကိုယ် အခါး သဘာဝကိုမပြောင်းနိုင်တော့ ခါးမြဲ ခါးဆဲပဲ မဟုတ်လား..” “အိမ်း.. ဒီလိုပဲ.. မင်းတို့ရဲ့ ပင်ကိုယ် အကျင့်စရိုက်ကို မပြောင်းလဲဘဲ ဘယ်ဘုရားသွားဖူးဖူး ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး” “မင်းတို့ရဲ့ ပင်ကိုယ် သဘာဝထဲမှာ ရှိနေတဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေ လောဘ ဒေါသ မာန်မာနတွေ လွှမ်းမိုးနေတဲ့ စိတ်နေစိတ်ထားတွေ” “သူတစ်ပါးအပေါ် မကောင်းမြင် မကောင်းထင်ပြီး အထင် သေး အပြစ်တင်ချင်တဲ့ စိတ်တွေကို မပြုပြင်ဘဲ ဘယ်ဘုရားသွားဖူးဖူး အကျိုးထူးလိမ့်မယ်လို့ ငါမထင်ဘူး…”
“ဒါ့ကြောင့်.. နောင်ကို ဘုရားသွားဖူးရင် ကိုယ့်ရဲ့မကောင်းတဲ့အမူအကျင့်တွေ ၊ စိတ်နေသဘောထားတွေကို ပြုပြင်ပြောင်းလဲနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပြီးမှ သွားဖူးသင့်တယ်” “ဒါမှလည်း အဓိပ္ပါယ်ရှိပြီး ကုသိုလ်ရမှာပေါ့..”