ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးအောက်က လူသိနည်းလှတဲ့ ထူးခြားဆန်းကြယ် ဂူကြီး

ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးအောက်က လူသိနည်းလှတဲ့ ထူးခြားဆန်းကြယ် ဂူကြီး

ပြီးခဲ့တဲ့ရက်ပိုင်းက ဂုတ်ထိပ်တံတားအောက်ကဂူကို သွားဖြစ်ခဲ့တယ်။ ပထမတစ်ခေါက်သွားတုန်းကထက် အခုကတစ်ခေါက်ဟာ ပိုရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ပထမတစ်ခေါက်က ဂူထဲထိ မရောက်ဖြစ်ခဲ့ဘူး။ ခုတစ်ခေါက်တော့ ရောက်အောင်သွားခဲ့တယ်။

ပထမတစ်ခေါက်သွားရတဲ့လမ်းနဲ့ ခုတစ်ခေါက်သွားခဲ့တဲ့ လမ်းဟာ မတူပါဘူး။ ခုတစ်ခေါက်သွားခဲ့တဲ့လမ်းဟာ ပိုမိုက်ပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်။ ရေချောင်းတွေကို ဖြတ်ရတယ်။ ရေချောင်းဘေးက ကျောက်ဆောင်ပေါ်ကနေတွယ်တက်ရတယ်။

သွားနေတဲ့လမ်းမှာ ရေတံခွန်လေးတစ်ခု တွေ့ရတယ်။ သစ်မြစ်တွေကို ခိုပြီး ကျောက်နံရံဘေးကနေ သွားရတယ်။ နောက်ဂုတ်ထိပ်တံတားကြီးကနေ ပျက်စီးပြုတ်ကြနေတဲ့ သံဖရိန်အပိုင်းအစတွေ တွေ့ခဲ့ရတယ်။

ပျက်စီးနေတဲ့ ရထားသံလမ်းအပိုင်းအစ တစ်ခုမှာ 1899 လို့ရေးထားတာ တွေ့ခဲ့ရတယ်။ ဂူထဲရောက်တော့လဲ လင်းနို့ချီးတွေ ကြားထဲက ခြေမချော်အောင် ထိန်းသွားရတယ်။ ဂူကြီးက အကြီးကြီးပဲ။ ဂူထဲကို စီးဝင်နေတဲ့ ရေချောင်းကလဲ တဝေါဝေါနဲ့ ရေစီးအား သိပ်သန်တာပဲ။ ဂူက အဝင်ပေါက်က ကြီးပေမဲ့ အထွက်ပေါက်ကတော့ သိပ်မကြီးဘူး။ ဂူရဲ့ဟိုဘက် အထွက်ထိလဲသွားလို့ မရတော့ဘူး။

ဂူဟာ ဂုတ်ထိပ်တံတားရဲ့ တိုင်အမှတ်၁၂၊၁၃ ရဲ့ အောက်တည့်တည့်မှာ တည်ရှိပါတယ်။ ဒေသခံတွေအခေါ်တော့ ပထမဂူတဲ့။ ဒုတိယဂူ၊ တတိယဂူ ရှိပါသေးတယ်။ ပထမဂူကိုပဲ ရောက်ဖြစ်ခဲ့ပါတယ်။

ဂုတ်ထိပ်တံတားနဲ့ ဂုတ်ထိပ်တံတားအောက်က ဂူအကြောင်းကို တစ်ခါက စာများများနဲ့ ရေးခဲ့ဖူးပါတယ်။ ပထမတစ်ခေါက်သွားခဲ့ပြီးတော့ ဂူနဲ့ပက်သက်တဲ့ ဒဏ္ဍာရီတွေကိုလဲ လာပြောပြတဲ့သူတွေ ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ဂုတ်ထိပ်တံတားဟာ ကမ္ဘာကျော်ပေမဲ့ ဂုတ်ထိပ်တံတားအောက်က ဂူအကြောင်းဟာတော့ လူသိပ်မသိသေးတဲ့ အကြောင်းအရာပါ။

Nan Zay၊

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page