ကေပေးတွေကို ဗဟိုဘဏ်က ပိတ်ခိုင်းဟု ကမ္ဘောဇဘဏ် ထုတ်ပြန် (အသနားခံစာတင်မှ ပြန်ဖွင့်ပေးမည်)

ကေပေးအကောင့်တွေ မှားယွင်းစွာ ယာယီအသုံးပြုခွင့် တားမြစ်ခံရပါက ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြနိုင်တယ်လို့ ကေပေးက ထုတ်ပြန်လိုက်ပါတယ်။ စကစ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ညွှန်ကြားမှုကြောင့် ကေပေးအကောင့်တချို့ကို ပိတ်ရခြင်း ဖြစ်ပြီး သုံးစွဲသူတွေ အဆင်မပြေမှုကို တောင်းပန်ပါတယ်လို့ ပါရှိပါတယ်။

သုံးစွဲသူတွေအနေနဲ့ ကေပေးအကောင့်တွေ မှားယွင်းစွာ အပိတ်ခံရတယ်လို့ ယုံကြည်ပါက စကစ လက်အောက်ခံ ဗဟိုဘဏ်သို့ တိုက်ရိုက် အကျိုးအကြောင်း တင်ပြပြီး အသနားခံစာ သဘောမျိုး တင်ရမယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနှင့်အညီ ဘဏ်လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းမဟုတ်သော ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများအားလုံးသည် ဗဟိုဘဏ်က ခွင့်ပြုပေးထားသည့် လိုင်စင်ရယူပြီး ကေပေးကို ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။

လိုင်စင်ရဘဏ်အားလုံးဟာ ဗဟိုဘဏ်က လိုအပ်သလို အခါအားလျော်စွာ ညွှန်ကြားလာသည့် ၂၀၁၅ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများအပါအဝင် အမိန့်ထုတ်ပြန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို အပြည့်အဝလိုက်နာ ကျင့်သုံးရတယ်လို့ ကေပေးက ကြေညာပါတယ်။

မိုဘိုင်းငွေပေးချေမှုများကို အဆင့် ၂ သို့ မတိုးမြှင့်ထားပါက ပိတ်သိမ်းမည်ဖြစ်ကြောင်း ကြေညာပြီး ရက်အနည်းငယ်အကြာမှာ ကြိုတင်ကြေညာမှု မရှိဘဲ ကေပေးအကောင့်တချို့ကို ဗဟိုဘဏ်က ပိတ်သိမ်းခိုင်းလိုက်တာ ဖြစ်ပါတယ်။ အကောင့်ပိတ်သိမ်းခံရမှုကြောင့် အကောင့်ထဲမှာ ငွေသားပမာဏ အမြောက်အမြား ကျန်နေခဲ့သူများအနေနဲ့ ဆုံးရှုံးသွားမှာကို စိုးရိမ်နေကြလျက် ရှိပါတယ်။

လက်ရှိအချိန်မှာ ပြည်သူများအနေနဲ့ ကေပေးအကောင့်ထဲက ပိုက်ဆံတွေကို အလျင်အမြန် ရွှေ့ပြောင်း ထုတ်ယူမှုများ ဖြစ်ပွားနေပြီး ဘယ်အချိန် အကောင့်ပိတ်ကျသွားမလဲဆိုတာကို စိုးရိမ်ပူပန်နေကြပါတယ်။ အကောင့်တွေ ပိတ်သွားရခြင်းရဲ့ အကြောင်းရင်းကို ကမ္ဘောဇဘဏ်ဖက်က ရေရေလည်လည် မရှင်းပြနိုင်ဘဲ အလွှဲအပြောင်းများတဲ့ အကောင်တွေသာမက နည်းတဲ့အကောင့်တွေပါ အပိတ်ခံနေရတယ်လို့ သိရပါတယ်။

ကေပေး အကောင့်အပိတ်ခံလိုက်ရတဲ့ အရောင်းဆိုင် ဝန်ထမ်းတဦးရဲ့ ရင်ဖွင့်သံကို ဖော်ပြပေးလိုက်ပါတယ်။ “လစာကို ကေပေးနဲ့ ရတာ ဖြစ်ကြောင်း၊ လက်ထဲ ပိုက်ဆံအများကြီး ကိုင်ထားစရာမလိုတာကြောင့် သဘောကျမိကြောင်း၊ ငွေအလွှဲအပြောင်း အများကြီး မလုပ်ရဘဲ အခုလို အပိတ်ခံရတော့ လက်ထဲ သုံးစရာ မရှိတော့ကြောင်း၊ အခက်အခဲတွေ အများကြီး ဖြစ်နေကြောင်း” သိရပါတယ်။

အဆင်ပြေနေတဲ့ စနစ်တခုကို ကသောင်းကနင်း ဖြစ်အောင် လုပ်လိုက်တာဟာ နဂိုကတည်းက ယုံကြည်မှု လျော့နည်းတဲ့ ဒဏ်ခံနေရတဲ့ ဘဏ်တွေအပေါ် ယုံကြည်မှုတွေ လုံးဝ ပျောက်သွားနိုင်ကြောင်း၊ ကြေညာချက်တွေ အရင် မထုတ်ဘဲနဲ့ ရုတ်တရက် လုပ်ချလိုက်ပြီး အဆင်မပြေ ဖြစ်တော့မှ တာဝန်ရှိသူတွေ တယောက်နဲ့ တယောက် လက်ညှိုးထိုး တာဝန်ခံခိုင်းနေတာ အင်မတန် ရှက်ဖို့ကောင်းကြောင်း၊ မြန်မာပြည် မိုဘိုင်းငွေပေးချေမှု လုပ်ငန်းတွေရဲ့ ဇာတ်သိမ်းလို့တောင် ပြောလို့ရကြောင်း” စီးပွားရေး ပညာရှင်တဦးက မှတ်ချက်ချပါတယ်။

လက်ရှိအချိန်မှာ ကေပေးတင်မက အခြား မိုဘိုင်းငွေပေးချေမှု လုပ်ငန်းတွေလည်း အခက်အခဲတွေ ဖြစ်ပေါ်နေပြီး ပြည်သူများအနေနဲ့ စိုးရိမ်သောကရောက်မှုတွေ အချိန်နဲ့အမျှ ပိုများလာတာကို တွေ့နေရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page