မြန်မာတွေ ကြိုက်တဲ့ အင်ဒိုနီးရှား မီဆီဒပ်ခေါက်ဆွဲထုပ်တွေမှာ ပိုးသတ်ဆေးတွေ့ရှိ၊ လိုက်လံ သိမ်းဆည်းနေ
စင်ကာပူအစားအစာ ထိန်းသိမ်းရေး အေဂျင်စီက မီဆီဒပ် တံဆိပ် အသင့်စားခေါက်ဆွဲနှစ်မျိုးမှာ အက်သလင်းအောက်ဆိုက် ဆိုတဲ့ ပိုးသတ်ဆေးတစ်မျိုးကို တွေ့ရှိရတဲ့အတွက် အဲဒါတွေကို ပြန်လည်သိမ်းယူဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
မီဆီဒပ် ကိုးရီးယားအစပ် အသင့်စားခေါက်ဆွဲပြုတ်နှင့် မီဆီဒပ် ကိုရီးယားအစပ် ကြက်သား အသင့်စားခေါက်ဆွဲတွေကို ပြန်လည်သိမ်းဆည်းဖို့ စင်ကာပူ အာဏာပိုင်တွေက ရှန်းရှန်း အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းကို ညွှန်ကြားခဲ့တာပါ။ လက်ရှိအချိန်ထိ ဆိုင်တွေမှာ သိမ်းဆည်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ပြန်လည်သိမ်းယူတဲ့ ခေါက်ဆွဲတွေကတော့ မီဆီဒပ် ကိုရီးယား အစပ် အသင့်စားခေါက်ဆွဲပြုတ်အထုတ်တွေမှာ သက်တမ်းကုန်ရက် ၂၀၂၃ မေလ ၁၇ ရက်ရှိတဲ့ အထုတ်တွေနှင့် မီဆီဒပ် ကိုရီးယား အစပ် အသင့်စားခေါက်ဆွဲ သက်တမ်းကုန်ရက် ၂၀၂၃ မေ ၂၁ ရက်ရှိတဲ့အထုတ်တွေ ဖြစ်ပါတယ်။
“အက်သလင်းအောက်ဆိုက်ဟာ ပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး အစားအစာထဲမှာ အသုံးပြုရန် ခွင့်မပြုထားပါဘူး” လို့ စင်ကာပူ အစားအစာ ထိန်းသိမ်းရေး အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။ အဲဒီခေါက်ဆွဲထုပ်တွေကိုတော့ အင်ဒိုနီးရှားက တင်သွင်းတာတွေ ဖြစ်ပါတယ်။
“အက်သလင်းအောက်ဆိုက်ကို ဟင်းခတ်အမွှေးအကြိုင်တွေမှာ ပိုးသတ်ဖို့ခွင့်ပြုထားတာပါ။ အဲဒီအတွက်သတ်မှတ်ချက်က ဟင်းခတ်အမွှေးအကြိုင် တကီလိုဂရမ်မှာ အက်သလင်းအောက်ဆိုက် ၅၀မီ လီဂရမ်အထိပဲခွင့်ပြုတာပါ” လို့ အဖွဲ့က ဆက်ပြောပါတယ်။
တင်သွင်းသူတွေနှင့်အင်ဒိုနီးရှားအာဏာပိုင်တွေကို ဒီလိုဖြစ်ရတာနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နိုင်ရေး အဖွဲ့က ပူးပေါင်းဆောင်ရွက်နေပါတယ်။
အဆိုပါ ခေါက်ဆွဲ အမျိုးအစားများဟာ မြန်မာနိုင်ငံမှာလည်း လူစားများတဲ့အတွက် အထူးသတိပြု စားသုံးသင့်ပါတယ်။ အထုပ်မှာပါတဲ့ သက်တမ်းရက်စွဲကို ကြည့်ရှုပြီး ရွေးချယ်ဝယ်စားဖို့ လိုအပ်တယ်လို့ အကြုံပြုလိုက်ပါရစေ။