ယနေ့ အသက်အစိတ်ရောက်နေတဲ့ လူငယ်တွေ မြင်ဖူးမှာ မဟုတ်တော့တဲ့ ပြား ၅၀ တန် အကြောင်း

မြန်မာနိုင်ငံ အစိုးရအဆက်ဆက် ငွေစက္ကူ အမျိုးမျိုးကို ရိုက်နှိပ်ထုတ်ဝေခဲ့ကြရာမှာ ထူးဆန်းတဲ့ ငွေစက္ကူ အမျိုးအစား တခု ရှိခဲ့ပါတယ်။ အဲဒါကတော့ ပြား ၅၀ တန်ပဲ ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ ပြားဂဏန်း အရေအတွက်များကို ငွေအကြွေစေ့များနဲ့သာ ထုတ်ဝေခဲ့ပေမယ့်လည်း အဆိုပါ ပြား ၅၀ အရေအတွက်ကို ငွေစက္ကူနဲ့ ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးပါတယ်။

အဆိုပါ ပြား ၅၀ တန် ငွေစက္ကူကို စစ်အစိုးရက ၁၉၉၄ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ပြား ၅၀ တန်နဲ့ အတူ ၂၀ ကျပ်၊ ၅၀ ကျပ်၊ ၁၀၀ ကျပ်နဲ့ ၅၀၀ ကျပ်တို့ကို တပြိုင်နက် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ငွေအကြွေစေ့ ထုတ်ဝေဖို့ အရင်းအနှီးတန်ဖိုးကြီးမားတာကြောင့် ပြား ၅၀ တန်ကို ငွေစက္ကူအနေနဲ့ ရိုက်နှိပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်မှာ မြန်မာ့စီးပွားရေး ကျဆင်းပြီး ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာတာကြောင့် အဆိုပါ ပြား ၅၀ တန်တွေဟာ ထုတ်ဝေပြီး နှစ်အနည်းငယ် အကြာမှာပဲ ပြည်သူတွေ လက်ထဲမှာ လှည့်ပတ်သုံးစွဲမှု မရှိတော့ဘဲ ပျောက်ကွယ် သွားခဲ့ပါတယ်။

လက်ကျန်ငွေစက္ကူတွေကိုလည်း ကထိန်ပွဲတော်တွေမှာ ပဒေသာပင် အလှပြုလုပ်ခြင်း၊ အလှူပွဲတွေရဲ့ ပိုက်ဆံကြဲ၊ ရွှေမိုးငွေမိုးရွာချိန်မှာ အဖြည့်သဘောနဲ့သာ အသုံးပြုခဲ့ကြပါတယ်။ အဆိုပါ ငွေစက္ကူရဲ့ အဓိက ထူးခြားချက်ကတော့ မြန်မာ့သမိုင်းမှာ ထုတ်ဝေခဲ့သမျှထဲမှာ အရွယ်အစား အသေးဆုံး ငွေစက္ကူ ဖြစ်နေခြင်းပါပဲ။

ပြား ၅၀ တန် ငွေစက္ကူရဲ့ နောက်ထပ် ထူးခြားချက်ကတော့ စစ်အစိုးရ ထုတ်ဝေခဲ့တဲ့ ခြင်္သေ့ပုံ မပါတဲ့ ငွေစက္ကူ အမျိုးအစား (၂) မျိုးထဲမှာ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ခြင်္သေ့ပုံမပါတဲ့ နောက်ထပ် ငွေစက္ကူကတော့ ၁၉၉၀ မတ်လ (၁) ရက်နေ့က ထုတ်ဝေခဲ့တဲ့ တကျပ်တန် အနီရောင်ပဲ ဖြစ်ပါတယ်။

ထုတ်ဝေပြီး မကြာခင်မှာပဲ ပျောက်ကွယ်ခဲ့ရတဲ့ ပြား ၅၀ တန် ငွေစက္ကူကို ယနေ့ အသက်အစိတ် အရွယ် လူငယ်တွေ မြင်ဖူးကြတော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် လူငယ်တွေ မြင်ဖူးကြစေဖို့ ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဦးနေဝင်းက ၁၅ ကျပ်၊ ၂၅ ကျပ်၊ ၃၅ ကျပ်၊ ၄၅ ကျပ်နဲ့ ၉၀ တန်ကဲ့သို့ အူကြောင်ကြောင် ငွေစက္ကူတွေ ထုတ်ဝေခဲ့ဖူးသလို စစ်အစိုးရကလည်း ဘယ်လိုမှ အသုံးမဝင်တဲ့ ပြား ၅၀ တန် ငွေစက္ကူ ထုတ်ဝေခဲ့ဖူးတယ်ဆိုတဲ့အကြောင်း သမိုင်း မှတ်တမ်းတခုကို ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page