အနာဂတ်ဟောကိန်းတွေ ဖြစ်တဲ့ ကောသလ အိပ်မက် (၁၆) ချက်အကြောင်း အပြည့်အစုံ

အနာဂတ်ဟောကိန်း တခုဖြစ်တဲ့ ကောသလအိပ်မက် (၁၆) ချက် တဘောင်နဲ့ အဓိပ္ပာယ် အပြည့်အစုံကို ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ-

(၁) နွားနက် လေးခု ဝှေ့မှုဟန်ပြင် မဝှေ့ကြဘဲ ရှောင်လွဲသည်မြင်။ အဓိပ္ပာယ် – အရှေ့ အနောက် တောင် မြောက် မိုးဆင် ခြိမ်းသံပေး မိုးဝေး လွင့်ပျောက်စင်။ (၂) မြေက မကြွ ငယ်လှ သစ်ပင် ဖူးငုံရင့်ပြီး ပွင့်သီးတွေ့မြင်။ အဓိပ္ပာယ် – အရွယ်မလှပျိုစမဝင် သမီးသား လင်ထား အိမ်ထောင်ဆင်။ (၃) ယနေ့ ဖွားစ နွားနို့သာ မိခင်နွားကြီး စို့ပြီး နေရှာ။ အဓိပ္ပာယ် – သမီးနှင့်သား စီးပွားဆိုင်ရာ မိနှင့် ဖ ကျွေးမှ စားရမှာ။ (၄) နွားကြီး မကြိုက် ဝန်တိုက် နွားငယ် မရုန်းနိုင်ဘဲ ဝပ်လဲနေတယ်။ အဓိပ္ပာယ် – ကြီးသူ ပယ်ရှား မြှောက်ထားလူငယ် တိုင်းပြည်ရေး ရှုပ်ထွေး ပွေတော့မယ်။

(၅) ခံတွင်း နှစ်ခွ မြင်းလှရာဇာ ကျွေးမွေးသမျှ မဝနိုင်ပါ။ အဓိပ္ပာယ် – မှုးမတ် မင်းစိုး လာဘ်ထိုးသူရွာ နှစ်ဘက်စား တရားစီရင်မှာ။ (၆) ခွေးအိုထံဆက် ရွှေခွက် သိန်းတန် ကျင်ငယ်အမြဲ ခွက်ထဲ စွန့်ပြန်။ အဓိပ္ပာယ် – မျိုးမြတ်သမီး ပစ္စည်း မက်ဟန် အမျိုးယုတ် လင်လုပ် ပေါင်းဆက်ဆံ။ (၇) ရှေ့ကကျစ်ချ လွန်စကြိုးကို ခွေးမ ခိုးစား ကိုက်ဝါးကာမြှို။ အဓိပ္ပာယ် – လင်ကြီးပစ္စည်း သိမ်းဆည်းမသို လင်ငယ်အား မယား လောကွတ်ပို။ (၈) အိုးငယ် ချည်းနှီး အိုးကြီး ရေလျှံ အိုးကြီးကိုဘဲ ရေဆွဲလောင်းပြန်။ အဓိပ္ပာယ် – ဆင်းရဲသူများ ဝတ်စားမကျန် အခွန်တွက် နှိပ်စက် ငွေကောက်ခံ။

(၉) ကြာမျိုး ငါးဝ ပွင့်ကြ ရေကန် ရေလယ် နောက်လျှက် ကမ်းဘက် ကြည်ပြန်။ အဓိပ္ပာယ် – မြို့တွင်းပွေရှုပ် ခွန်တုတ်ကောက်ခံ မြို့ပြင်ထွက် ပြည့်နှက် စည်ကားပြန်။ (၁၀) တအိုးတည်းချက် အကျက်မညီ ထမင်း မာဆတ် ပျော့ နပ် သုံးလီ။ အဓိပ္ပာယ် – မင်းနှင့် လူများ တရားမညီ မိုးသုံးစား ကွက်ကျား ရွာချမည်။ (၁၁) မွှေးထုံနံ့ကျူး စန္ဒကူး သိန်းတန် ပုန်းရည်နဲ့ လဲ သုံးစွဲ စားပြန်။ အဓိပ္ပာယ် – အလဇ္ဇီများ တရားဖိုးတန် ငွေနှင့်လဲ အမြဲဟောမည် မှန်။ (၁၂) သံကြေး မပေါင်း ဘူးတောင်း ဘူးအုံ ရေတွင် စုပ်စုပ် နစ်မြှုပ်ကြကုန်။ အဓိပ္ပာယ် – ပညာရှိများ စကားဥဿုံ ပြောသမျှ လောက မသုံးကုန်။

(၁၃) အိမ်လုံး တောင်လုံး ကျောက်တုံး ကျောက်ဖျာ ရေမှာ ဖွားဖွား ထင်ရှားပေါ်လာ။ အဓိပ္ပာယ် – ရဟန်း ရှင်ဆိုး လူဆိုးများသာ ဂုဏ်ရောင်တိုး တန်ခိုး ပေါ်ထွက်မှာ။ (၁၄) အဆိပ်ပြင်းတောက် မြွေဟောက်ကြီးကို ဖားငယ်မ များ ကိုက်ဝါး ကာမျို။ အဓိပ္ပာယ် – ကညာယူထား သကျကွား ဘိုးအို မယားဆဲ အမြဲ အော်ငေါက်ဆို။ (၁၅) အဆင်းမည်းနက် ကျီးငှက်ထံမှာ ရွှေဟင်္သာများ ခစားနေရှာ။ အဓိပ္ပာယ် – ပညာသီလ ပြည့်ဝသူဟာ သူယုတ်အား ဝပ်တွားနေရမှာ။ (၁၆) ဆိတ်ကို မြင်ငြား ကြောက်အား ပြင်းထန် ခြင်္သေ့ သစ်ကျား ခုန်လွှား ပြေးပြန်။ အဓိပ္ပာယ် – သူယုတ်မာများ ထောင်လွှားနိုင်ငံ သူတော်ကောင်း ပုန်းအောင်း တောမြိုင်ယံ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page