ပြည်တွင်းဂျုံဈေးနှုန်း ၂၁၀ ရာခိုင်နှုန်း မြင့်တက် (ပေါင်မုန့်နဲ့ ခေါက်ဆွဲတွေ ဈေး ရှယ်တက်ပါတော့မယ်)

ပြည်တွင်း ဂျုံဈေးဟာ ယခင်နှစ်တွေကထက် ဈေးနှုန်းမြင့်လာပြီး ဂျုံသီးနှံ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂ သိန်း အထိ ဈေးမြင့်လာနေရာ ပြည်ပကနေ ဂျုံတင်သွင်းမှု အဝင်မရှိတာကြောင့် ဈေးကြီးမြင့်ခြင်း ဖြစ်တယ်လို့ ရောင်းချသူ ကုန်သည်တွေထံကနေ သိရပါတယ်။

စကစရဲ့ ပြည်ပပစ္စည်း တင်သွင်းခွင့် ပိတ်ပင်မှု မူဝါဒကြောင့် ဂျုံများကို ပြည်ပမှ မတင်သွင်းဖြစ်တာ ဖြစ်ကြောင်းနဲ့ ယခင်ဂျုံဈေးထက် ကျပ် ၁ သိန်းကျော် ဈေးမြင့်လာတယ်လို့ဆိုပါတယ်။

ဂျုံသုံးတင်းဝင်တစ်အိတ်ဟာ ယခင်ဈေးမြင့်တက်မှုမရှိခင်က တစ်အိတ်ကို ၉ သောင်းခွဲနှုန်း ရောင်းချရာကနေ အခုကာလမှာ တစ်အိတ်ကို ၂ သိန်းနှုန်း ဖြစ်လာတာကြောင့် ဈေးနှုန်းအတက်ကြမ်းသွားတယ်လို့ ဝယ်ယူသုံးစွဲသူတွေက သုံးသပ်ပြောကြားထားပါတယ်။

“ဂျုံဈေးကတော့ တော်တော်တက်သွားတာ အရင်က ဂရမ်နဲ့ရောင်းတဲ့ ဒုံးပျံတစ်ထုပ်ကို ၁၉၀၀ကျပ်နှုန်းနဲ့ ဝယ်ခဲ့ရတာကနေ အခုတော့ ၆၀၀၀ ကျပ် နီးပါးဖြစ်နေတော့ ဈေးက တစ်ဆနှစ်ဆတက်တယ်လို့ကို ပြောလို့ကိုမရတော့တာ အတော်ကို အတက်ကြမ်းသွားတာပါလို့” ဂျုံအသုံးပြုကာ မုန့်လုပ်ဖြန့်ဖြူးနေသူတစ်ဦးကပြောပါတယ်။

အဆိုပါ ဂျုံသီးနှံကို တစ်နှစ်လျင်တစ်ရာသီသာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ မြန်မာပြည်တွင် ဂျုံသီးနှံကို မန္တလေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ အဓိကထားစိုက်ပျိုးကြပြီး၊ ရှမ်း ပြည်(တောင်ပိုင်း)၊ ရှမ်းပြည်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း၊ ဂျုံသီးနှံသည် နေရာဒေ သမရွေး စိုက်ပျိုး၍မရနိုင်ကြောင်း၊ ရာသီဥတုနှင့် မြေအမျိုးအစား ပေါ်မူတည်ပြီး စိုက်ပျိုးထွက်ရှိ‌ကြောင်း သိရပါတယ်။

ယခုလို ဂျုံဈေးနှုန်းများ ၂၁၀ ရာခိုင်နှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်းမှာ စားသုံးနေတဲ့ အီကြာကွေး၊ စမူဆာ၊ ပေါက်စီ၊ ပေါင်မုန့်နဲ့ ခေါက်ဆွဲဈေးနှုန်းများ ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။ စားအုန်းဆီဈေး အဆမတန် မြင့်တက်မှုကြောင့် ဈေးနှုန်းတက်နေတဲ့ အဆိုပါ စားစရာတွေဟာ ယခုလို ဂျုံဈေးနှုန်းတက်မှုကြောင့် ပို၍ ဈေးကြီးပြီး အရွယ်အစား သေးငယ်သွားတော့မှာ ဖြစ်ပါတယ်။

ပြည်တွင်း ဂျုံစိုက်ပျိုးမှုဟာ ပြည်တွင်းစားသောက်မှု မလုံလောက်သေးတာကြောင့် ယခင်တုန်းက ပြည်ပကနေ တင်သွင်းခဲ့ရတာ ဖြစ်ပါတယ်။ ယခုလို စကစရဲ့ လွဲမှားတဲ့ မူဝါဒတွေနဲ့ ဂျုံတင်သွင်းခွင့် ပိတ်ပင်မှုကြောင့် စားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်ကာ ပြည်သူများ ပိုမိုကျပ်တည်းလာတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page