လူသားတွေကြောင့် ပျောက်ကွယ်သွားတော့မယ့် ကလေးဘဝ အမှတ်တရတွေထဲက တခု

ကျွန်‌တော်တို့ ပတ်၀န်းကျင်မှာ ပိုးစုန်းကြူးလေးတွေကို မတွေ့ရတော့ပါဘူး။ ဘာလို့လဲ၊ မျိုးတုန်းကုန်တာလား။ ပိုးစုန်းကြူးတွေက နွေဦးရာသီရဲ့ပိုးကောင်လေးတွေပါ။ မကြာခင်ရောက်လာတော့မယ့် နွေဦးကစလို့ ဇွန်လ လောက်ထိ ပိုးစုန်းကြူးတွေ ပေါ်လာတက်တဲ့ရာသီပါပဲ။ ပိုးစုန်းကြူးမျိုးစိတ်ပေါင်း ၂,၀၀၀ ၀န်းကျင်လောက်ရှိပါတယ်တဲ့ ။အကောင်အကြီးအသေးရှိတယ်။တချို့က ပန်း၀တ်ရည်ကို စားတယ်။ဘက်တီးရီးယား စားတယ်။ တချို့ ပိုးစုန်းကြူးတွေက အချင်းချင်းပြန်စားကြပါတယ်။

ပိုးစုန်းကြူးတွေဟာ ဒိုင်နိုဆောတွေနဲ့ ခေတ်ပြိုင်လို့တောင် ပညာရှင်တွေကဆိုပါတယ်။သူတို့ ကမ္ဘာပေါ်မှာ ရှိခဲ့တာ နှစ်သန်းပေါင်း ၁၀၀ ကျော်ပါပြီတဲ့။ ဒါပေမယ့် လူသားတွေအနေနဲ့ ဒီ‌သက်တမ်းရင့် ပိုးကောင်ငယ်တွေကို ထိန်းသိမ်းဖို့၊ ကြင်နာဖို့ ပျက်ကွက်ခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေကိုယ်တိုင်တောင် ၂၀၁၈ ခုနှစ်လောက်မှ ပိုးစုန်းကြူးတွေပျောက်ကွယ်လာတာကိုအရေးတကြီး အဖြစ် သုတေသနတွေပြုကြ။ ထိန်းသိမ်းဖို့ စာတမ်းတွေဖတ်ကြ။ အဖွဲ့တွေဖွဲ့ကြနဲ့ လှုပ်ရှားလာခဲ့တယ်လို့ ဂါးဒီးယန်း သတင်းစာက ဆိုပါတယ်။ ဒီသုတေသနတွေလုပ်ပြီးမှပဲ ပညာရှင်တွေဟာ ပိုးစုန်းကြူးတွေအကြောင်းပိုသိလာခဲ့ပါတယ်။

ဂါးဒီးယန်းက ပိုးစုန်းကြူးတွေပျောက်ကွယ်လာရတာကိုအချက် ၃ ချက်နဲ့ ထောက်ပြပါတယ်။ အားလုံးဟာ ပိုးစုန်းကြူးတွေရဲ့ Life Cycle ဘ၀စက်၀န်းကို နားမလည်ကြတဲ့ ၊နယ်ချဲ့ချင်တဲ့ လူတွေရဲ့ အပြစ်ပါပဲ။

(၁) မြို့ပြဖွံ့ဖြိုးလာခြင်း၊ မြစ်ကမ်းလိုနေရာ။ ချောင်းဘေးမြောင်းဘေးတွေမှာ ရေနဲ့နီးတဲ့ကွင်းပြင်ကျယ်တွေမှာ ပိုးစုန်းကြူးတွေ နေပါတယ်။ ‌ဆောင်းရာသီမှာ သားလောင်း ချတယ်။ Larva လို့ခေါ်တဲ့ ပိုးတီအဖြစ်နေတယ်။ နွေဦးမှ သူတို့ထွက်လာကြပါတယ်။ ပြဿနာက မီးလေးလင်းပြီး ဟိုဒီပျံနေမှ လူတွေက ပိုးစုန်းကြူးမှန်း သိကြတာပါ။ သားလောင်းအဆင့် Larva အဆင့်မှာ သူတို့ကို‌ခြေရာခံဖို့ခက်သလို တော်ယုံလည်းမမြင်ရပါဘူး။ ပြီးတော့ အဲ့အဆင့်မှာတင် လေနဲ့အတူလွင့်ပါသွားနိုင်ပါသေးတယ်။ မြို့ပြဖွံဖြိုးမှုရဲ့ နောက်မှာ သူတို့နဲ့ သဟဇာတဖြစ်တဲ့ ပတ်၀န်းကျင်မရှိတော့တာ သိပ်တော့မဆန်းလှပါဘူး။

(၂) ပိုးသတ်ဆေးနဲ့ဓာတုဓါတ်ကြွင်းများ၊ ဒါကလည်း သိပ်မဆန်းပါဘူး။ ပိုးစုန်းကြူးဟာ ခန္ဓာကိုယ် ပျော့တဲ့ ပိုးကောင်ငယ်တွေ ဖြစ်တယ်။ သူတို့ဖွဲ့စည်းပုံအရ ပိုးသတ်ဆေး‌ကို ဘယ်လိုမှ ခံနိုင်ရည်မရှိပါဘူး။ သူတို့မှာအကာအကွယ်ဆိုလို့ ဖင်မှာလင်းနေတဲ့ Bioluminescence လို့ခေါ်တဲ့ Cold-fire မီးတောက်အေးတွေပဲရှိပြီး ဘက်တီးရီးယားကာကွယ်ဖို့ပဲ တတ်နိုင်တာပါ။ ပိုးသတ်ဆေးကြောင့် သားလောင်းဘ၀မှာတင် ရှောကုန်ကြပြီး အကောင်ဖြစ်လာရင်လည်း မျိုးရိုးဗီဇချို့ယွင့်ပြီး အသက်မရှည်ပါဘူးတဲ့။

(၃) အလင်းညစ်ညမ်းခြင်၊ ဒါက စိတ်၀င်စားဖို့ ကောင်းတဲ့ အချက်တစ်ခုပါ။ ပိုးစုန်းကြူးတွေရဲ့ နောက်-င်ကလင်းတဲ့ မီးက အချင်းချင်းဆက်သွယ်ဖို့၊ မိတ်လိုက်ဖို့ ၊ အစာရှာဖို့၊ သားကောင်မျှားဖို့ အသုံး၀င်ပါတယ်။ မျိုးဥချဖို့ ၊ အစာချေဖို့၊ အထီးအမဆွဲဆောင်ဖို့၊ ရောဂါကာကွယ်ဖို့ စသည်ဖြင့် ဒီနောက်-င်မီးက ပိုးစုန်းကြူးအတွက်အရာရာပါပဲ။ မျိုးစိတ်ပေါင်း ၂၀၀၀ လောက်ရှိတဲ့ ပိုးစုန်းကြူးတွေမှာ သူ့မျိုးစိတ်နဲ့သူ မီးလင်းတဲ့ပုံစံမတူပါဘူး။ Pattern ကွဲပါတယ်တဲ့။ မီးလင်းတဲ့စတိုင်မတူပါဘူး။

ရယ်ရခက် အချက်အလက်တစ်ခုရှိတယ်။ ဒီထဲမှာ Photuris လို့ခေါ်တဲ့ ပိုးစုန်းကြူးမျိုးစိတ် အမ တွေဟာ Photinus လို့ခေါ်တဲ့ ပိုးစုန်းကြူးမျိုးစိတ်တွေ မီးလင်းတဲ့ ပုံစံအတိုင်း အတုခိုးနိုင်ပါတယ်တဲ့။ အဲ့လို မျိုးတူသယောင်မီးလင်းပြပြီးတော့ မိတ်လိုက်ဖို့လာတဲ့ အထီးတွေကိုစားပစ်ပါသတဲ့။ အော် မိန်းမ။

ဆိုတော့ -င်မီးဟာ အရာရာဖြစ်နေတဲ့ပိုးစုန်းကြူးတွေဟာ လူသားတွေထွန်းတဲ့အလင်းရောင်ကြောင့် အများကြီးဒုက္ခရောက်ပါသတဲ့။ မီးရောင်တွေကြားမှာ သူတို့မဆက်သွယ်နိုင်ပါဘူး၊ မိတ်မလိုက် မျိုးမပွားနိုင်တော့ပါဘူး။ ဒီလိုနည်းနဲ့ သူတို့ကို ကျွန်တော်တို့ဆုံးရှုံးရတာပါ။

ပိုပြီးဆိုးတာက LED မီးတွေပါ။ ဘလူးရေးပါ၀င်တဲ့ LED စနစ်မီးရောင်ကို ဒီကောင်တွေ ပိုပြီးမခံနိုင်ပါဘူး။ မူးဝေတာတွေ နေမကောင်းတာတွေတောင် ဖြစ်တယ်လို့ သိပ္ပံပညာက အတိအကျ ဆိုပါတယ်။ နဂိုမူလကိုက အနက်ရောင်အမှောင်ကို ခုံမင်တဲ့ ပိုးစုန်းကြူးတွေက လူသားတွေ ပယောဂကြောင့်ဖြစ်တဲ့ အလင်းညစ်ညမ်းမှုကို ဘယ်လိုမှမခံနိုင်ပါဘူး။

သူတို့ ဘယ်လို ထိန်းသိမ်းကြလဲ။ ၁၉၂၀ လောက်က ဂျပန်နိုင်ငံမှာ ‌တောထဲရွာထဲရှိတဲ့ ပိုးစုန်းကြူးတွေဖမ်းပြီး မြို့တော်တိုကျိုကို ပို့ကြပါသတဲ့။ မြို့တော်လှစေဖို့ပါ။ အဲ့လိုနဲ့ ပိုးစုန်းကြူးအရေအတွက်နည်းလာတဲ့အခါ ၂၀၁၀ လောက်မှာ ဂျပန်ပညာရှင်တွေဟာ ပိုးစုန်းကြူးကို စတင်ထိန်းသိမ်း လာကြပါတယ်။ အမေရိကန်ဟာ ၂၀၁၈ မှာ ပညာရှင်တွေဖွဲ့ပြီး ပိုးစုန်းကြူးထိန်းလာလိုက်တာ အခုဆိုရင် မျိုးစိတ် ၂၀၀ လောက်ကို အမေရိကမှာတွေနိုင်ပါသေးတယ်။

အဓိကက Citizen Science ဆိုတဲ့ လူထုအခြေပြုအဖွဲ့တွေဖွဲ့ပြီး ဗဟုသုတတွေ ရှဲတယ်၊ အဖွဲ့တွေ ဖွဲ့တယ်။ ပိုးစုန်းကြူးအုပ်တွေ့ရင် သတိထား ထိန်းသိမ်းကြတယ်။ အာရှမှာတော့ မလေးရှားနိုင်ငံကလွဲရင် တခြားနိုင်ငံ‌တွေမှာ ပိုးစုန်းကြူးမျိုးတော်တော်များများ မျိုးတုံးကုန်ကြပါပြီ။

ရန်ကုန်မှာတော့ ပိုးစုန်းကြူးတွေ မတွေ့ရတာကြာပါပြီ။ ပိုးစုန်းကြူးဟာ နှစ်လိုဖွယ်ရာ ပိုးကောင်တွေပါ။ ကမ္ဘာမြေရဲ့ အမွေအနှစ်လည်းဖြစ်ပါတယ်။ သူတို့ပျောက်ကွယ်သွားမှာတော့ မလိုလားစရာပါပဲ။ ဂါးဒီးယန်း သတင်းစာကတော့ အကြံတစ်ခုပေးပါတယ်။ တတ်နိုင်သလောက် အလင်းညစ်ညမ်းမှုလျော့ချဖို့ပါ။ ညဘက်‌တွေမှာ မလိုအပ်ပဲ မီးခလုတ်တွေကို မဖွင့်လိုက်ပါနဲ့တဲ့… (Sanomia)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page