စကစကျောင်းမှာ ကျူရှင် တဘာသာ သုံးသောင်းတောင်းတဲ့အကြောင်း ဖွင့်ချလိုက်တဲ့ မိဘတဦး

ဇာတ်လမ်းတွေကတော့ စပါပြီ။ ပညာတတ်စေချင်လို့ ကျောင်းပို့တာဆိုပြီး အသံကောင်း ဟစ်နေတဲ့ မိဘတွေတော့ ဆုပ်လည်း စူး၊ စားလည်း ရူးတဲ့ အခြေအနေ ရောက်နေပါပြီ။

စကစက ဒီနှစ်မှာ ကျောင်းသားပေါင်း ၅.၆ သန်း လာအပ်ကြတယ်လို့ ကြေညာထားပေမယ့် လာတက်တဲ့ ကျောင်းသားဦးရေကတော့ အဲဒီရဲ့ ထက်ဝက်ပဲ ရှိခဲ့ပါတယ်။ အဲဒီလို လာတက်တဲ့ ထက်ဝက်ကိုတောင် သင်ပေးမယ့် ဆရာ မလုံလောက်တာကြောင့် တချို့ကျောင်းတွေမှာ တပတ်ကို ၂ ရက်ပဲ တက်ရဖို့ အချိန်ဇယားတွေ ဆွဲပေးနေရပါတယ်။ တချို့ ကျောင်းတက်တဲ့ ကလေးတွေကလည်း အပြင်အင်္ကျီတွေနဲ့ တိတ်တခိုး ကျောင်းလာပြီး ကျောင်းရောက်မှ အဖြူအစိမ်းဝတ်စုံတွေ လဲပြီး ဝတ်ကြတယ်လို့ သိရပါတယ်။

နောက်တချက်ကတော့ တချို့ကျောင်းတွေမှာ ကျောင်းစတက်တဲ့နေ့မှာပဲ အတန်းပိုင်ဆရာမတွေ ကိုယ်တိုင်က သူတို့ဖွင့်တဲ့ ကျူရှင်တွေမှာ လာတက်ဖို့ ကလေးတွေကို စတင် ဖိအားပေးခဲ့တာပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်ရဲ့ ရုပ်ပြပညာရေး စနစ်မှာ ကြီးပြင်းခဲ့သူတိုင်း အတန်းပိုင်ဆရာမ ဖွင့်တဲ့ ကျူရှင်တွေအကြောင်း သိကြမှာပါ။ ကျောင်းမှာ အပြကောင်းရုံ ဟန်ပြပဲ သင်ပြီး ကျူရှင်တတ်တဲ့သူတွေကို မေးခွန်း ကွက်တိပေးပြီး အဆင့် (၁) ရစေခြင်း၊ ကျူရှင်လာမတက်တဲ့ ကျောင်းသားကို အတန်းထဲမှာ ခွဲခြားဆက်ဆံခြင်း၊ ဘက်လိုက်ခြင်း၊ အရှက်ခွဲခြင်း စတဲ့ နောက်ဆက်တွဲ ကိစ္စတွေ အများကြီး ဖြစ်ပေါ်လာပါတော့မယ်။

စကစအနေနဲ့လည်း ဒီလို လက်လွတ်စပယ်ဖြစ်လာမယ့် ပညာရေး စနစ်ကို ကောင်းအောင် လုပ်ပေးမှာ မဟုတ်သေးဘဲ ရုပ်ပြအနေနဲ့ပဲ ဆက်ထားရှိမှာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ စကစကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး ကိုယ်တိုင် ဖွင့်ထားတဲ့ ကျူရှင်မှာ တဘာသာ သုံးသောင်းတောင်းတဲ့ အကြောင်း ကချင်ပြည်နယ်က ကျောင်းသားမိဘတဦး ကိုယ်တိုင် ရင်ဖွင့်ထားတဲ့ အကြောင်းကို ဖော်ပြလိုက်ပါတယ်-

“အရင်အချိန်တွေက ဘာမှမဖြစ်ပေမယ့် ခုတော့ ကိုဗစ်နှိပ်စက်တာကတစ်မျိုး အာဏာသိမ်းတာရဲ့ အကျိုးဆက်ကတစ်ဖုံကြောင့် အားလုံးခက်ခဲနေချိန်မှာ တစ်လ တစ်ဘာသာကို သုံးသောင်းတဲ့လေ။ တစ်လကို ကျူရှင်ခကြီးတင်ပဲ တစ်သိန်းရှစ်သောင်း။

စားစရိတ်ရော တခြားကုန်ကျငွေတွေရောဆို မိဘတွေအနေနဲ့ တစ်လနှစ်သိန်းကျော်ကုန်ငွေရှိတယ်။ အဆင်ပြေနေသူတွေက ဘာမှမဟုတ်ပေမယ့် ခက်ခဲနေသူတွေအဖို့က အရမ်းကိုများလွန်းနေတယ်။ တကယ်ဆို တခြားအရာတွေ စျေးတက်တာ လက်ခံပါတယ်။ ကျူရှင်ခတွေတော့ စျေးမတက်သင့်ပါ။ ကချင်ပြည်နယ်မိုးကောင်းမြို့နယ်က အထက (၂) ကျောင်းအုပ်ကြီးကိုယ်တိုင်ဖွင့်ထားတဲ့ ကျူရှင်ပါဗျ။ လာစုံစမ်းလို့ရပါတယ်။”

ကျောင်းသားမိဘ နောက်တယောက်ကတော့ ကလေးက အတန်းပိုင်ဆရာမ နောက်တယောက်ဆီမှာ ကျူရှင်မတက်ခဲ့လို့ ခွဲခြားဆက်ဆံခံရတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ချခဲ့ပါတယ်။ “အတန်းပိုင်ဆရာမ မဟုတ်ဘဲ ဘာသာရပ် သင်ပြဆရာမက သူ့ဆီမှာ နွေရာသီကျူရှင်မတက်တဲ့ ကျောင်းသားတွေဆိုရင်လေ‌ အခုကျောင်းပြန်ဖွင့်လို့ ကျောင်းတက်တဲ့အခါ သူ့နေရာနဲ့သူ မထိုင်ရဘဲ နောက်ဆုံးဘက်တွေမှာ ထိုင်ခိုင်းတယ်။”

ကျောင်းသား မိဘတွေရဲ့ နာမည်တွေကိုတော့ လုံခြုံရေးအရ ဖော်ပြနိုင်ခြင်း မရှိပါဘူး။ စကစရဲ့ ရုပ်ပြပညာရေးမှာ ဒီလိုမျိုး စားခွင်တွေ ရှိလို့ ကလေးတွေရဲ့ ပညာရေးကို အကြောင်းပြပြီး စကစကို အလိုလိုက် အကြိုက်ဆောင်နေကြတဲ့ ဆရာမတွေကိုလည်း အရှက်တရား ရှိကြပါလို့ ဒီနေရာကနေ ပြောချင်ပါတယ်။ ပြောသာ ပြောရတာပါ သူတို့ဟာ အရှက်တရား၊ ကိုယ်ချင်းစာ တရား၊ ဂရုဏာ တရားတွေ မရှိတဲ့ တဘို့တည်း သမားတွေ ဖြစ်နေကြပါပြီ။ ကိုယ့်အတ္တကို အရောင်တင်ရင်း စစ်ကျွန်အောက်မှာ နေကြတော့ဟု ပြောရင်းနဲ့…

Leave a Reply

Your email address will not be published.

x

You cannot copy content of this page