ဘုန်းကြီးကျောင်းသားလေး မောင်ကောင်းသော်နှင့် အသက်နုတ်အောက်လမ်းအတတ်

အဲဒီတုန်းက ကျွန်ုပ်အသက် ဆယ်နှစ်သားလောက်ပဲ ရှိဦးမည်ထင်သည် ။ မိဘတွေက အရမ်းဆင်းရဲကြ တော့ စာသင်ကျောင်း မထားပေးနိုင်ကြ ။ သားဖြစ်တဲ့ ကျွန်ုပ်ကို စာမတတ် ပေမတတ်ဖြစ်သွားမှာ စိုးရိမ်ကြပြီး သေစာရှင်စာ ဖတ်တတ်အောင် ဘုန်းကြီးကျောင်းမှာ  ထားပေးပါသည် ။

ဖြစ်ချင်တော့ ထိုနှစ် ဝါကျွတ်သည်နှင့် ကျွန်ုပ်တို့ကို စာသင်ပေးသည့် ဦးဇင်းကလည်း ကျောင်းပြောင်းသွားလေသည် ။သို့နှင့် ဆရာတော်ကြီးက ကတို့ ကျောင်းသားငယ်တစ် ဖွဲ့ကို ရွာနှင့်တစ်မိုင်ခန့်ဝေးသော ကိုင်းတောရွာ ညောင်ကုန်းကျောင်းသို့ စာဆက်လက်သင်နိုင်ရန် သွားရောက်အပ်နှံပေးလေသည်။

ဆယ်နှစ်သာသာ ကလေးအရွယ်ဖြစ်နေသည့်အတွက် ပထမဆုံး မိမိဇာတိရပ်ရွာ မိဘဆွေမျိုးခွဲခွာရသည့် အတွေ့ အကြုံက ခါးသီးလွန်းလေရာ အားပါးတရ ငိုကြွေးခဲ့သည်ကို လုံးဝ မေ့လို့မရချေ ။ ထိုသို့ ငိုကြွေးကြသည်မှာ ကျနော်တစ်ဦး တည်း မဟုတ်ပဲ ရောက်လာသည့် သူငယ်ချင်းများ အားလုံး လိုလို ငိုကြွေးကြသည်ကို တွေ့ရလေသည် ။ သို့သော်… ကျနော်တို့ကို ညီငယ်လေးများသဖွယ် ပြုစု စောင့်ရှောက်ပေးသော ရပ်တူရွာတူ ကျောင်းသားကြီး မောင်ကောင်းသော် ရှိနေသဖြင့် တော်သေးသည်ဟု ဆိုရပေ မည် ။

ကျောင်းသားကြီးမောင်ကောင်းသော်က အသစ်ရောက်လာသော ကျနော်တို့ကို ပျော်အောင်ချော့မော့နှစ်သိမ့် ပေးပြီး နေနည်း ထိုင်နည်း ပြောနည်း ဆိုနည်း သင်ပြပေးပါ သည်။ ကျွန်ုပ်မြင်ရသလောက် ကျောင်းသားကြီးမောင်ကောင်းက အစစအရာရာ အနစ်နာခံစိတ်တဲ့စိတ် ၊ ကူညီတတ်သည့်စိတ်လည်း အပြည့်အဝရှိ၏ ။သဘောကောင်းလည်း အလွန်ကောင်း၏။ ထို့ကြောင့်ပင် ကျောင်းသားကြီးမောင်ကောင်းကို ကျွန်ုပ်တို့တစ်တွေ အလွန်ခင်မင်ရင်းနှီးကြပါသည်။

ကျွန်ုပ်တို့ ညောင်ကုန်းကျောင်းမှာ ကိုရင်ကျောင်းသား အားလုံးစုစုပေါင်း ငါးဆယ်ခန့် ရှိကြပါသည် ။ အစစအရာရာ အုပ်ချုပ်ပေးသည့် ဦးဇင်းက တိုက်အုပ်ဘုန်းကြီး ဦးတေဇိန္ဒ ။ စည်းကမ်းအလွန်ကြီးပြီး စာသင်အလွန်တော်တဲ့ ဦးဇင်း။ ကျောင်းက လူများတော့ ဆွမ်းစားကျောင်းကိစ္စအဝဝ အတွက် ဝေယျာဝစ္စဆောင်ရွက်ရန် တိုက်အုပ်ဆရာတော်က အလှည့်ကျစနစ်ဖြင့် ဖွဲ့ပေးထားပါသည် ။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တာဝန်ယူ ပြုလုပ်ဆောင်ရွက်ရပါသည်။ အဖွဲ့တစ်ဖွဲ့တွင် ခေါင်းဆောင်ကျောင်းသားကြီးတစ်ယောက် ပါဝင်ပြီး လိုအပ်သည့်ကိစ္စတွေအတွက် ကြီးကြပ်စီမံ ပေးရပါသည် ။

ခေါင်းဆောင် ကျောင်းသားကြီး တာဝန်က မလွယ်ပါ။ မနက်အစောကြီးထပြီး ရေနွေးဦးတည်ရခြင်း ၊ဟင်းအိုး နွေးရခြင်း ၊ ရံခါ ဆွမ်းမပြည့်စုံလျှင် ဆွမ်းချက်ရခြင်း ၊ ထင်း ခွဲ ရေခပ်ရခြင်း စသည်ဖြင့် အလွန်ပင်ပန်းလှပါသည် ။ တစ်ချို့ ညစ်ပတ်သော ကျောင်းသားကြီးတွေက သူတို့လုပ်ရမည့် အလုပ်တွေကို ကျောင်းသားငယ်များအား အတင်းခိုင်းတတ် သဖြင့် အဖွဲ့ခွဲလျှင် ထိုသို့သော ကျောင်းသားကြီးများနှင့် တစ်ဖွဲ့ တည်း မကျပါစေနဲ့ ဟု ဆုတောင်းလေ့ရှိကြ၏ ။ ယခုနှစ် အဖွဲ့ခွဲရာတွင် ကျွန်ုပ်တို့အဖွဲ့၏ ခေါင်းဆောင်ကျောင်းသားကြီးမှာ မောင်ကောင်းသော်ဖြစ်သည့်အတွက် အလွန်ပျော်ပါသည် ။ မောင်းကောင်းသော်က သဘော ကောင်းသည့် ကျောင်းသားကြီးလေ ။

မကြာမှီမှာပင် ကျွန်ုပ် တို့အဖွဲ့ တာဝန်ကျလာလေသည် ။ ထုံးစံအတိုင်း ကျောင်းသားကြီးက သူ့အလုပ်သူလုပ်ပြီး ကျွန်ုပ်တို့တစ်တွေလည်း  ကိုယ့်အလုပ် ကိုယ်လုပ်ကြရပါသည် ။ တစ်နေ့.. ဆွမ်းစားကျောင်း ဝေယျာဝစ္စအလှည့်ပြုလုပ်ဖို့အတွက် မနက် ၉ နာရီအထိ ကျောင်းသားကြီးမောင်ကောင်းသော် ရောက်လာသည်ကို မတွေ့ရချေ ။ ခါတိုင်း အလှည့်ကျလျှင် ကျောင်းသားကြီးမှာ နောက်ကျရိုး ထုံးစံမရှိ ။ တာဝန်ကို လေး စားသူလည်း ဖြစ်၏ ။ သို့နှင့် ကျွန်ုပ်လည်း ကျောင်းသား ကြီးရှိရာ ကျောင်းဆောင်သို့ သွား၍ ခေါ်ရတော့၏ ။

ကျောင်းသားကြီး၏ နေရာ အရောက်တွင် သူ့ကို ကြည့်လိုက်ရာ ကျောင်းသားကြီးသည် ဝမ်းလျားမှောက်လျှက် အိပ်နေပြီး လက်နှစ်ဖက်က ဗိုက်ဖိထားသည်ကို တွေ့ရလေသည် ။ ကျွန်ုပ်က “ကျောင်းသားကြီး… ဆွမ်းစားကျောင်း သွားမယ်လေ…” ဟု ခေါ်လေရာ ကျောင်းသားကြီးက “ငါ့အစား တစ်ယောက်ယောက် လုပ်ခိုင်းလိုက်…တိုက် အုပ်ဘုန်းကြီး မေးရင် ငါနေမကောင်းဘူး လျှောက်လိုက်… ဗိုက်အရမ်းအောင့်ပြီး နှလုံးနာနေတယ်… အတော်နေမကောင်း ဖြစ်နေတယ်…ဘာဖြစ်နေမှန်းမသိဘူး” ဟု ပြောလေသည် ။

သို့နှင့် ကျွန်ုပ်လည်း သူမှာသည့်အတိုင်း တိုက်အုပ်ဘုန်း ကြီးကို လျှောက်ပြလေရာ တိုက်အုပ်ဘုန်းကြီးက ကျောင်းသားကြီး ကို ခဏသွားကြည့်ပြီး အနားယူခိုင်းလေသည် ။   သို့သော်…ထို့နေ့ နေ့လည်နှစ်နာရီ အချိန်တွင် အခြေအနေမကောင်းသည့် အတွက် ကျောင်းသားကြီးမောင်ကောင်းသော်ကို မြို့ ပေါ်ဆေးရုံသို့ အမြန်သွားပို့ကြသည်ကို တွေ့ရလေသည် ။ မြန်လိုက်တာ ဟု စိတ်ထဲထင်မိ၏ ။ မနက်ကမှ နေမကောင်း ဖြစ်ပြီး နေ့လည်ရောက်တော့ ဆေးရုံကြီးပို့ပေးရသဖြင့် ရောဂါ ကြီးဖြစ်လိမ့်မည်ဟု ထင်မိလေသည် ။

ထို့နောက် သုံးရက်ခန့် ဘာသတင်းမှ မကြားရတော့ပေ။ လေးရက်မြောက်နေ့ နေ့လည်အချိန်ရောက်တော့  ကျောင်းသား ကြီး မောင်ကောင်းသော် ဆုံးသွားပြီဖြစ်ကြောင်း တစ်ကျောင်းလုံး ကြားသိကြရသဖြင့် အံ့သြတကြီး ဖြစ်ကြ လေသည် ။ အားလုံးက စိတ်ထားသဘောထား ပြည့်ဝသော ကျောင်းသားကြီးကို နှမြောတသ ဖြစ်ကြလေသည် ။

ကျွန်ုပ် လည်း ထိုသတင်း စကားကို များစွာ မယုံကြည်နိုင် ဖြစ်မိလေ သည် ။ ဟုတ်မှဟုတ်ရဲ့လား ဟု ခဏခဏလိုက်မေးဖြစ်လေ သည် ။ အလောင်းကို ရွာသို့ ပြန်သယ်လာနေပြီ…ဟု သူ့ဆွေ မျိုးတစ်ယောက် ပြောတော့မှ ငြိမ်ကျရလေသည် ။ သေလွန်သွားသော ကျောင်းသားကြီးအလောင်းကို ရွာ မှာ တစ်ရက်ခန့်ထားပြီး နောက်တစ်နေ့တွင် ရွာအပြင်ရှိ သုဿာန် သင်္ချိုင်းသို့ သယ်ယူပို့ဆောင်၍ မီးသဂြိုဟ်ကြလေသည် ။

ဤမှာပင် ထူးဆန်းသော အဖြစ်တစ်ခု ကြုံတွေ့ရလေသည်။ ကျောင်းသားကြီး ရုပ်အလောင်းကို မီးမသဂြိုဟ်မှီ သုဘ ရာဇာ ကြီးက အလောင်း၏ ရင်ကို ခွဲကြည့်လေရာ နှလုံးတည့်တည့်နေရာတွင် သံမှိုများကို အံ့သြစဖွယ် တွေ့ရှိရလေသည် ။ ကျွန်ုပ်လည်း ထိုအခါကျမှ ကျောင်းသားကြီး၏ ဝမ်းလျားမှောက် ဗိုက်အောင့် ညဉ်းညူ နေပုံကို မြင်ယောင်မိကာ ကြက် သီးဖျန်းဖျန်း ထမိလေသည် ။ ဒီသံမှိုတွေ ဘယ်လိုလုပ်ပြီး လူ့ နှလုံးမှာ ရောက်လာနေသလဲဆိုတာကို ပဟေဠိကြီးတစ်ခု ဖြစ်နေမိလေသည် ။ ဝိုင်းဝန်းကြည့်နေကြသည့်သူများ အားလုံး အံ့သြတကြီးဖြစ်နေကြပါသည် ။ သုဘရာဇာ ကြီးလည်း သံမှိုများကို ထုတ်၍ ခါးပိုက်ပုံတွင် ထည့်ထားပြီး အလောင်းကောင်ကို အသာအယာစနစ်တကျ ပြင်ဆင်ကာ မီးဖြင့် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးလိုက်လေသည်။

ရွာထဲတွင် ကျောင်းသားကြီးမောင်ကောင်းသော် သေဆုံးသည်မှာ ရိုးရိုးသာမန်ရောဂါဝေဒနာကြောင့် သေဆုံးရသည်မဟုတ်ပဲ မကောင်းသည့် အတတ်ပညာသည် ၏ ပယောဂပညာပြုစားခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ပြောဆိုကြလေသည် ။ မကြာပါချေ ။ ထိုဇာတ်လမ်းမှာ ရှင်းရှင်းကြီး ပေါ်လွင်လေ တော့သည် ။

ဇာတ်လမ်းမှာ ဤသို့ဖြစ်လေသည်။ ကျောင်းသားကြီး မောင်းကောင်းသော် မိဘများသည် လယ်ယာလုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြသူ များ ဖြစ်ကြ၏ ။ နွေရာသီ စပါးပေါ်ချိန်တွင် မိမိတို့အတွက် ဝမ်း စားချန်ထား၍ ပိုလျှံသည်များကို စပါးကုန်သယ်များအား ပြန် လည် ရောင်းချလေ့ရှိ၏ ။

ယခုနှစ် စပါးပေါ်ချိန်တွင် ပထမ စပါးလာဝယ်သော ဖောက်သည်အား ဈေးနှုန်းညှိ၍ သဘောတူ စရန်ငွေယူထား ပြီး ကြိုက်တဲ့အချိန် စပါးလာချင်နိုင်ကြောင်း ဝမ်းသာအားရ ပြောထားလေသည် ။ ထိုစပါးလာဝယ်သည့် ဖောက်သည်ကြီးကလည်း စိတ်ချရပြီဖြစ်၍ နောက်မှ အေးအေးဆေးဆေး စပါးလာချင်ပါမည်ဟု ပြောပြီး ပြန်သွားလေသည်။

နှစ်ရက်ခန့် အကြာတွင် ဒုတိယ စပါးလာဝယ်သည့်  ဖောက်သယ်တစ်ဦး ရောက်ရှိလာပြန်သည် ။ ထိုဒုတိယဖောက်သည်က ပထမဖောက်သည်ထက် ဈေးနှုန်းအနည်းငယ် ပိုပေးပါသည် ။ ဤမှာပင် ကျောင်းသားကြီးမိဘများက လောဘတက်ပြီး ပထမဖောက်သယ်နှင့် နှစ်ဦးသဘောတူ ပြောထားသည့် ကတိစကားကို ဖောက်ဖျက်ကာ ဒုတိယဖောက်သယ် စပါးအဝယ်ဒိုင်အား အပြီးရောင်း လိုက်လေသည် ။ ဒုတိယဖောက်သယ်လည်း ငွေအကျေ ပေး၍ စပါးများကို အပြီးချင်ယူသွားလေသည်။

နောက်တစ်နေ့မှာပင် ပထမဖောက်သယ် ပြန်ရောက်လာပြီး စပါးပုံကို မတွေ့ရသဖြင့် အကျိုးအကြောင်း မေး လေရာ ကျောင်းသားကြီးမိဘများက ဖြစ်သမျှ အကုန်ပြောပြ ပြီး အနည်းငယ် စကားများသလို ဖြစ်ကြလေသည် ။ “ခင်ဗျားတို့ စရံငွေယူထားပြီး ကတိမတည်သူ မဖြစ်သင့်ဘူးဗျ…ကျုပ်တို့ ဖောက်သယ်တွေဆိုတာက ခင်ဗျားတို့ကို ယုံ လို့ စိတ်ချ လက်ချ ထားခဲ့တာ…” “မင်း စရံငွေက ဘယ်လောက်များသလဲ… ငါတို့ကို ဈေး လည်း နှိမ်သေးတယ်…ငွေလည်း အပြည့်မချေဘူး. .. ငါတို့က ပိုရတဲ့သူကို ရောင်းမှာပဲကွ…ရော့ …ခင်ဗျားငွေတွေ…ပြန်ယူသွား….”ဆိုပြီး ကျောင်းသားကြီးမိဘများက စရံငွေတွေကို ထို ဖောက်သယ်အရှေ့မှာပင် ပစ်ချပေးလေသည်။

ဖောက်သည် ကြီးကလည်း မိမိစပါးများ သတ်မှတ်ထားသည့် အရေအတွက် မရသည့်အပြင် ယခုလို ဆက်ဆံလာကြသဖြင့် အကြီးအကျယ် ဒေါသထွက်ကာ ရန်ပွဲမဖြစ်ရုံတမယ် ဖြစ် လေတော့သည် ။ နောက်ဆုံး ပြန်ခါနီးတွင် ဖောက်သယ်ကြီးက မျက်ထောင့်နီးကြီးဖြင့် “ခင်ဗျားတို့ ထမင်းဝအောင်စားထား…. ကျုပ်အကြောင်း ကောင်းကောင်း သိစေရမယ်…”ဟု လက်ညိုးထိုး ပြောပြီး တောက်ခေါက်သံပြင်းပြင်းခေါက်၍  မကျေမနပ် ပြန်သွားလေသည် ။ မကြာပါချေ ။ ကျောင်းသားကြီး မောင်ကောင်းသော်မှာ နေရင်းထိုင်ရင်း အသက်ပါသွားလေသည်။

ပညာသယ်၏ အဓိက ပစ်မှတ်မှာ ကျောင်းသားကြီး မိဘနှစ်ပါးဖြစ်ပေမယ့် မိဘများက ကံတက် ချိန်ဖြစ်နေသဖြင့် မိဘနှစ်ပါးကို မထိပဲ ကံနိမ့်ချိန်ရောက်နေသည့် မိသားစုဝင် ကျောင်းသားကြီးကို ထိသွားလေသည်။ ကျောင်းသားကြီး မောင်ကောင်းသော်မှာ ကျွဲနှစ်ကောင်ခတ် နေသည့်ကြားက မြေဇာပင်သက်သက် ဖြစ်သွားလေသည် ။ မိဘများသည် သူတို့ လောဘ ၊ ဒေါသ တွေ ၊ ကတိမတည်မှုရဲ့နောက်ဆက်တွဲ ပြဿနာတွေက ကျောင်းသားကြီးရဲ့ အသက်ကို နှုတ်ယူနိုင်စွမ်းရှိကြောင်း နားလည်ကြပါ့မလား ဆိုတာကို တွေးရင်း ထိုအဖြစ်အပျက်က ပညာသည်ပြုးစားပုံ ဇာတ်လမ်းအဖြစ် အများပြောစရာ ကျန်ရစ်ခဲ့လေသည် ။

(ပြီး….)

မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page