အာဖဂန်ဘဏ်က ကုလသမဂ္ဂပိုင် ဒေါ်လာ သန်းချီကို ထုတ်မပေး (တပတ် ၂ သိန်းပဲ ထုတ်ပေးမှာ ထင်တယ်)
အာဖဂန်နစ္စတန်ဘဏ်မှာ အပ်နှံထားတဲ့ ကုလသမဂ္ဂ ရန်ပုံငွေဒေါ်လာ ၁၃၅ သန်းခန့်ဟာ တာလီဘန်အစိုးရက ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က အာဖဂန်ငွေကြေးနှင့် ဖလှယ်မပေးနိုင်တဲ့အတွက် ထုတ်ယူမရဖြစ်နေကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဗဟိုဘဏ်က အာဖဂန်ငွေကြေးနဲ့ ဖလှယ်ပေးပါမယ်ဆိုတဲ့ ကတိကြောင့် အာဖဂန် နိုင်ငံတကာဘဏ်မှာ ဒီငွေကြေးတွေကို အပ်နှံထားခဲ့တာလို့ အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ခေါင်းဆောင် အဗ္ဗဒလာ အယ်လ် ဒါဒါရီက ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ တာလီဘန်တွေက အာဏာသိမ်းခဲ့ပြီးနောက် ပြည်တွင်းမှာ အသုံးတွင်ကျယ်ခဲ့တဲ့ နိုင်ငံခြားငွေကြေး ဒေါ်လာသုံးစွဲမှုကို တားမြစ်ခဲ့ပါတယ်။
တာလီဘန်အစိုးရကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့အပြင် အာဖဂန်နစ္စတန်ရဲ့ ဗဟိုဘဏ်မှာ ပိတ်မိနေတဲ့ ဘီလျံနဲ့ချီတဲ့ ဒေါ်လာငွေတွေ တာလီဘန်လက်ထဲ ရောက်မသွားရအောင်လို့ ဘဏ်စာရင်းတွေကို ထိန်းချုပ်ထားတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဆက်ပေးဖို့အတွက် နှောင့်နှေးမှုတွေ ကြုံလာခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့က ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေကို အမြဲ စိုးရိမ်ပေးနေတဲ့ ကုလသမဂ္ဂကတော့ မြန်မာပြည်သူတွေလိုပဲ ဘဏ်ထဲကနေ ပိုက်ဆံ ထုတ်မရတဲ့ အဖြစ်ကို ကိုယ်တိုင် ကြုံတွေ့ဖူးသွားပါပြီ။ အဲဒါကြောင့် မြန်မာပြည်သူတွေကလည်း ကုလသမဂ္ဂကို တဖန် ပြန်လည် စိုးရိမ်တဲ့အကြောင်း သွားပြောကြရင် ကောင်းမယ်လို့ ထင်မိပါတယ်။