ဟိုတယ်နဲ့ တည်းခိုခန်းတချို့ရဲ့ အိပ်ခန်းတွေမှာ စီစီတီဗီတွေ တပ်ထားဟုဆို (အမြဲသွားတဲ့သူများ ဂရုစိုက်ကြပါ)

ပြည်တွင်းက ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းအချို့မှာ လုံခြုံရေးအဖြစ် စီစီတီဗွီကင်မရာတွေကို အိပ်ခန်းများအထိ လိုက်လံတပ်ဆင်မှုရှိနေကြောင်း လူမှုကွန်ရက်များတွင် ဖော်ပြမှုရှိနေရာ ထိုကဲ့သို့ တပ်ဆင်ခြင်းမှယာ တည်းခိုနေထိုင်သူများအတွက် နေထိုင်ရခက်ခဲစေပြီး ကိုယ်ရေးကိုယ်တာအခွင့်အရေး ချိုးဖောက်ခံရသလို ဖြစ်နေတယ်လို့ တည်းခိုသူတွေဆီက သိရပါတယ်။

အရင်က ယင်းကဲ့သို့သော လုပ်ဆောင်မှုသိပ်မရှိဘဲ ယခုအခါမှသာ တည်းခိုသူတွေရဲ့ လုံခြုံရေးအဖြစ် အကြောင်းပြ၍ တပ်ဆင်မှု ရှိလာတာဖြစ်တယ်လို့ ဆိုကြပါတယ်။

“အိပ်ခန်းထဲအထိ ကင်မရာတွေတပ်ထားတော့ နေရထိုင်ရတာ ဘယ်လိုလုပ်အဆင်ပြေ တော့မလဲ၊ ဧည့်သည်တွေအတွက် လုံခြုံရေးအတွက်လို့သာဆိုတာ တကယ်တမ်းဒါက လုံခြုံရေး ချိုးဖောက်တာပဲ၊ လူ့ကျင့်ဝတ်အသိတရားမရှိတာ”လို့လည်း ခရီးသွားလမ်းညွှန်အဖြစ် လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

ထိုတပ်ဆင်ထားတာကို အချိန်ပိုင်းငှားသည့် တည်းခိုခန်းနှင့် အချို့သော ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းတွေမှာများပြီး ဧည့်သည်တွေသိအောင် ကြိုတင်ပြောပြတာတွေ ရှိပေမယ့် အချို့မှာ ကြိုပြောထားတာမျိုးမရှိ တာကြောင့် တည်းခိုသူတွေအနေနဲ့ သတိပြုဖို့ လိုတယ်လို့ အကြံပြုလာတာတွေရှိတယ်လို့ သိရပါတယ်။

ဟိုတယ်နဲ့ တည်းခိုခန်းတွေရဲ့ အိပ်ခန်းတွေထဲမှာ စီစီတီဗီတွေ တပ်ဆင်ဖို့ စကစအနေနဲ့ အမိန့်မပေးထားဘူးလို့လည်း စကစနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ယခုလို မိုးတွင်းကာလမှာ ပုံမှန်အားဖြင့် ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းတွေမှာ ဧည့်အဝင်ပါးလေ့ရှိပြီး ယခုနှစ်မှာ နိုင်ငံရေး အခြေအနေအပါအဝင် စီးပွားရေးကျပ်တည်းမှုကြောင့်လည်း မဖြစ်မနေသွားလာသူတွေမှအပ ခရီးသွားလာသူ လျော့ပါးနေတဲ့အပြင် တည်းခိုသူတွေမရှိသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။

အကယ်၍သာ ကင်မရာများ တပ်ထားတဲ့ အခန်းတွေထဲမှာ နေမိပါက ကာလသားကြိုက် ဗီဒီယိုဖိုင်တွေ ရောင်းစား ခံရနိုင်တယ်လို့ ပြည်သူတဦးက မှတ်ချက်ချပါတယ်။ ဟိုတယ်လုပ်ငန်းတွေ အခြေအနေ မကောင်းစဉ်မှာ ယခုလို သတင်းမျိုး ထွက်လာတာကြောင့် ဈေးကွက်ကို ထိခိုက်နိုင်ကြောင်း လုပ်ငန်းရှင်တဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page