သံဃာတော်တွေကို ညဖက် ချင်းသုပ်ကပ်ရင် အပြစ်ရှိလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေ
ယခုအခါ မြန်မာနိုင်ငံ၌ ပဋ္ဌာန်းပွဲများနှင့် သိမ်သမုတ်ပွဲများတွင် သံဃာတော်တို့အား ဂျင်း သုပ်ကို ဒကာဒကာမတို့က ကပ်လှူကြသည်ကို မြင်ရ ကြားရသည်။ နံနက်အခါ အပြစ်မရှိသော်လည်း မွန်လွဲချိန်တွင် ကား အပြစ်ရှိ၍ မကပ်သင့်ကြပေ။
ရဟန်းတို့သည် မွန်လွဲချိန်တွင် မည်သည့်အဖတ် ကိုမျှ စားခွင့် မရှိပေ။ အကြောင်းမရှိလျှင် အဖျော်ရည်သော်မှ သောက်ခွင့် မရှိ။ ဆာလောင်မွတ်သိပ်မှုဖြစ်မှသာ အဖတ်မပါ အောင် စစ်ထားသော ရေအေးဖြင့် ဖျော်ထား သော အဖျော်ရည်ကို သောက်ကောင်း၏။
မကျန်းမမာဖြစ်ခဲ့သော် သက်ဆိုင်ရာ ဆေး ပစ္စည်းကို မှီဝဲကောင်း၏။ မသက်ဆိုင်လျှင် ဆေး ပစ္စည်းဖြစ်သော်လည်း မမှီဝဲရ။ ယနေ့ခေတ် အများသူငါ ကပ်နေကြသော ဂျင်း သုပ်သည် ဆေးမဟုတ်ပါ ၊ လက်သုပ်ဟင်းလျာ တစ်မျိုးသာ ဖြစ်သည်။
ကပ်သူကလည်း ဆေးအမှတ်ဖြင့် ကပ် သော်လည်း ဘုဉ်းပေးသုံးဆောင်သူကလည်း ဆေးအမှတ်ဖြင့် ဘုဉ်းပေးသော်လည်း ဂျင်းသုပ် သည် ဆေးမဟုတ်သည့်အတွက် အာပတ်သင့်၏။ အပြစ်မလွတ်၊ ထို့ကြောင့် ဒကာဒကာတို့က မွန်လွဲချိန်တွင် ဂျင်း သုပ်ကို မကပ်သင့်သလို ရဟန်းကိုရင်တို့လည်း မွန်းလွဲချိန်တွင် ဂျင်းသုပ်ကို မဘုဉ်းသင့်ပေ။
ယနေ့ခေတ် ဂျင်းသုပ်သည် မွန်းလွဲချိန် မကပ် သင့်ကြောင်းကို မဟာဂန္ဓာရုံဆရာတော်က ဤသို့ မိန့်မှာတော်မူခဲ့လေသည်။
“ယခုခေတ်၌ သံဃာတော်တို့အား အချို့အရပ်၌ ကပ်လေ့ရှိသော ညချင်း(ဂျင်း)သုပ်ကား ကြက်သွန်ဆီဆားချင်းများကို တစ်ခုစီကြည့် လျှင် သတ္တာဟကာလိကနှင့် ယာဝဇီဝိကချည်း ဖြစ်၍ အပ်၏ဟု ထင်ဖွယ်ရှိ၏။ သို့သော် ချင်းကို (ပင်ကို အကြမ်းအတိုင်း မဟုတ်ဘဲ) စားကောင်းအောင် ပြုပြင်ကာ လက်သုပ်တစ်မျိုးဖြစ်အောင် စီမံထားသဖြင့် ယာဝကာလိကခဲဖွယ်တွင် ပါဝင်နေပြီဟု ဆရာတို့ ယူကြ၏။
ယာဝကာလိကမဟုတ်ဟု ငြင်းစေကာမူ ထို ချင်းသုပ်ကြောင့် ကင်းပျောက်မည့် ရောဂါရှိမှ စားကောင်းမည်။ အကြောင်းမဲ့ဖြစ်စေ, မွတ်သိပ်ဆာလောင်၍ဖြစ် စေ စားလျှင်ကား မည်သည့်နည်းနှင့်မျှ လွတ်လပ်ခွင့်မရချေ။ အကပ်ခံလျှင် ဒုက္ကဋ် အာပတ်၊ မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ်များ စွာ မုချသင့်ရတော့မည်။”
မဟာဂန္ဓာရုံဆရာတော်ကြီး၏ စကားတော်ကို ထောက်ဆ၍ မွန်းလွဲချိန် ဂျင်းသုပ်ကပ်ခြင်းသည် ရဟန်းကိုရင်တို့၏ ဝိကာလဘောဇနသီလကို ဖျက်ဆီးရာရောက်ကြောင်း သတိပြုကြစေလို ပါသည်။ မိမိတို့ကြောင့် ဆရာတော်တို့ကျင့်သုံးအပ်သော သီလမပျက်ကြစေနဲ့။ဗဟုသုတ ရစေရန်အလို့ငှာ ရည်ရွယ်ပါသည်။
ကျမ်းညွှန်း။ ။ ခုဒ္ဒသိက္ခါဘာသာဋီကာ၊ ၁၄၆ မဟာဝိဟာရဆရာတော်(လှည်းကူး) အရှင်အဂ္ဂါနန္ဒ( ကျောက်ဖြူ)