“ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့ ဂျင်းဆောင်ပုဒ်အောက်မှာ ဦးနှောက် အဆေးခံရခြင်း

ငယ်ငယ်တုန်းက ဆောင်ပုဒ်တွေနဲ့ ဂျင်းထည့်ပြီး ဦးနှောက်ဆေး ခံရတဲ့ အကြောင်း ဖောက်သည်ချရဦးမယ်။ “ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့ ဆောင်ပုဒ်က စစ်အစိုးရ လက်ထက်မှာ မကြားချင်ဆုံး ဆောင်ပုဒ်ပေါ့။ ဘယ်နေရာ ကြည့်ကြည့် ဆောင်ပုဒ်တွေ ရှိတဲ့ နိုင်ငံမှာ အဲဒီဆောင်ပုဒ်ကတော့ ကျွန်တော့် အသည်းစွဲပေါ့။

၇ တန်း ၈ တန်းလောက်ရောက်လာတော့ စစ်အစိုးရ ထုတ်တဲ့ သတင်းစာတွေတင်မကဘဲ သူတို့ လမ်းကြောင်းပေးလို့ ထုတ်ဝေခွင့်ရတဲ့ ဂျင်းစာတိုပေစလေးတွေ ဖတ်တတ်လာတယ်။ အဲဒီမှာ ဘာဂျင်းမိသွားလည်း ဆိုတော့ “ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်” ဘာညာနဲ့ ပြည်တွင်းထုတ်ကိုပဲ သုံးမယ်၊ နိုင်ငံခြား ပစ္စည်းဆို နယ်ချဲ့တွေရဲ့ အငွေ့အသက် ပါတယ်ဆိုပြီး မသုံးချင်တော့ဘူး ဖြစ်ကရော။

ဆယ်တန်း တနှစ်လုံးကို ရေးနော့တို့ ယူနီတို့ ဘောပင်တွေ မသုံးဘူး။ မြဝတီဘောပင်ပဲ တနှစ်လုံး စွဲစွဲမြဲမြဲ သုံးချရော၊ မြဝတီဘောပင်ဆိုတာ 90 born တွေ ကောင်းကောင်းသိပါတယ်။ စက်မှု (၁) က ထုတ်တဲ့ အပြာရောင် ခပ်ပျော့ပျော့ ဘောပင်၊ ဘယ်လိုပုံစံနဲ့ သုံးသုံး ဘယ်လိုမှ အဆင်မပြေဘူး။ အောက်ပြုတ်ကျရင် ဘောပင်ကိုယ်ထည်က ကွဲသွားတယ်။ ပြုတ်မကျဘဲ ဖိရေးမိရင်တောင် ကိုယ်ထည်နဲ့ မှင်ချောင်းထိပ်နဲ့ ဆက်ထားတဲ့ နေရာက ကွဲတယ်။ အိတ်ထဲထည့်ထားရင်တောင် ဖိမိပြီး အဖုံးကကွဲတယ်။ ထုတ်လုပ်မှု စရိတ် အနိမ့်ဆုံးနဲ့ ဂျင်းထည့်ပြီး ပြင်ဆင်မှု စရိတ်တွေ အိတ်ထဲထည့်တဲ့ စစ်အစိုးရခေတ် စက်ရုံတွေက ထုတ်ကုန်မှန်သမျှက ဒီလိုတွေပါပဲ။

အဲဒါကို ကွဲနေလို့ တိပ်ကပ်ထားတဲ့ မြဝတီ ဘောပင်နဲ့ စစ်တောင်းစက္ကူစက်ရုံက ထုတ်တဲ့ ဘားပြာစက္ကူပေါ်မှာပဲ စာရေးလိုက်ရင် မျိုးချစ်သူရဲကောင်းကြီးလိုလို၊ နိုင်ငံကို ကယ်တင်တဲ့သူလိုလို အထင်ရောက်အောင် ဂျင်းထည့် ခံရတာပေါ့။

၂၀၀၃ ခုနှစ် တက္ကသိုလ်ရောက်တော့လည်း ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေနဲ့ တခြား ယောက်ျားလေးသုံး ကော့စမတ်တစ်တွေ ရှိရဲ့သားနဲ့ ပြည်တွင်းဖြစ်ကိုပဲ စွဲစွဲမြဲမြဲ အားပေးခဲ့တာဟာ ကျောင်းပြီးကာနီး အထိပါပဲ။ နောက်ကျတော့မှ သတင်းစာထဲမှာ ပါတဲ့ စက်ရုံကြီးတွေဟာ ဘာမှ မထုတ်နိုင်ဘဲ အကြီးအကျယ် လာဘ်စားကြတဲ့ ခြစားရုံကြီးတွေ ဖြစ်နေမှန်း သိတော့မှသာ “ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့ အစွဲ ပြုတ်ပါတော့တယ်။

အခုလည်း စကစက နိုင်ငံခြားကုမ္ပဏီတွေက ဒေါ်လာတွေကို မတရားသိမ်း၊ ကုန်သွယ်မှုတွေကို အတင်းကန့်သတ်လိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဂယက်ကတော့ နိုင်ငံခြား ကုန်ပစ္စည်းတွေ ဈေးကွက်ထဲ မသွင်းနိုင်တော့ဘဲ ရှားပါးကုန်တာပဲ ဖြစ်ပါတယ်။

အဲဒီလို ရှားပါးကုန်တော့ စကစဟာ “ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့ ဆောင်ပုဒ်သဘောမျိုး ပြန်လုပ်လာပါတယ်။ ပြည်တွင်းမှာပဲ လျှပ်စစ်ကားကြီးတွေ ရထားကြီးတွေ ထုတ်တော့မလိုလို၊ အခုပဲ ဆေးဝါးတွေ ထုတ်တော့မလိုလိုနဲ့ နောက်ဆုံးတော့ ဒုံရင်းအတိုင်း နိုင်ငံခြားကပဲ ပြန်သွင်းရပါတော့တယ်။

အဝတ်ချုပ်အပ်နဲ့ ကလေးစားတဲ့ ဝေဖာတောင် မထုတ်နိုင်တဲ့ မြန်မာနိုင်ငံဟာ အရပ်သား အစိုးရလက်ထက်မှာ ကုန်ထုတ်လုပ်မှု တိုးတက်ရေးကို အရှိန်အဟုန်မြှင့်နေစဉ်မှာပဲ လည်နေတဲ့ ဘီးထဲကို တုတ်ချောင်း ထိုးလိုက်သလို စစ်အာဏာသိမ်းတာ ခံခဲ့ရတာကြောင့် အကုန်ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ရပါပြီ။ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုဟာ သုညနီးပါး ဖြစ်နေပြီး ငွေကြေးဖောင်းပွမှုတွေဟာလည်း ထိန်းမရတဲ့ အနေအထား ဖြစ်နေပါပြီ။

နိုင်ငံခြားကနေ မှာယူရတဲ့ ကုန်ကြမ်းတွေကလည်း လိုသလောက် မရတဲ့အပြင် ဈေးနှုန်းကြီးမြင့်လွန်းတာကြောင့် ကုန်ချော ပြန်ထွက်လာရင်လည်း ဈေးကြီးနဲ့ပဲ ပြန်ရောင်းမှ ရပါတော့မယ်။ အဓိက ပြဿနာကတော့ ဆေးဝါးတွေ ဈေးကွက်ထဲ ပြတ်ကုန်တာပါပဲ။ ရင်ကြပ်ပျောက်ဆေးလို အသက်ကယ်ဆေးမျိုး ရုတ်တရက် ဝယ်လို့ မရတာကြောင့် စိတ်မကောင်းစရာ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရတဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ အခြေအနေကို ပြန်ရောက်တော့ပါမယ်။

စီးပွားရေး မကောင်း၊ ခိုးဆိုးလုနှိုက်များ၊ အကုန်ရှားပါးတဲ့ ခေတ်ကို ပြန်ရောက်ပါတော့မယ်။ အလုံးစုံ ပျက်သုဉ်းနိုင်တော့မယ့် အခြေအနေမှာ မြန်မာပြည်ကြီးဟာ ပစ္စန္ဒရစ်အရပ်လို ဖြစ်သွားမယ့် အနေအထားကို ရောက်သွားမလား ဆိုတာကတော့…

Leave a Reply

Your email address will not be published.

x

You cannot copy content of this page