ပညာတခုမှ မတတ်ဘဲ နိုင်ငံခြားသွားပြီး အလုပ်လုပ်နိုင်မယ်လို့ အခုထိ ထင်နေကြတုန်းပဲလား

ခေတ်ကာလက မကောင်းတော့ ခုတလော ပညာတတ်ဖို့ပဲ အရေးမကြီးသလို စကားမျိုးတွေ နဲ့ ပညာတတ်တချို့ ကပါ လူငယ်တွေကို Brainwashed လုပ်ပြီး လမ်းမှားတွေကို တွန်းပို့နေကြတယ်။

စာမတတ်လည်း ပြည်ပထွက် အလုပ်လုပ်ရတာပဲ တဲ့။ မှန်တာပေါ့၊ အလုပ်က စာမတတ်လည်းရတာ မှန်တယ်။ အလုပ်ရတဲ့နေရာပဲကွာတာ။ သူများမလုပ်ချင်တဲ့ သန့်ရှင်းရေး၊ အမှိုက်သိမ်းလိုမျိုးပဲရတာ။ ပြည်ပမှာ အောက်ခြေသိမ်း အခြေခံလစာ ဆိုတာ သူ့နိုင်ငံသူ့စရိတ်နဲ့တော့ လောက်ငှရုံပဲရှိကြတာ။

ပညာမတတ်ရင် ကျွမ်းကျင်မှုအားနည်းရင် ဝင်ငွေနည်းတော့ ပြည်ပမှာ အခန်ကျဉ်းကျဉ်း (ကျောတခင်းစာ သာသာ)၊ မီးဖိုချောင် မျှသုံး၊ ရေချိုးခန်းအိမ်သာမျှ သုံး ကြရသလို၊ အလုပ်ကိုသွားဖို့ ဈေးအချိုဆုံး ရထားပဲ တိုးကြိတ်စီးကြရတာ။ ပိတ်ရက်လေး ရှိုးစမိုးနဲ့ ဝတ်ပြပြီး လည်ပတ် ဆယ်လ်ဖီဆွဲပြတာ အဟုတ်မထင်နဲ့။ (ဒီလိုပြောလို့ အလုပ်သမားလူတန်းစား မစာမနာ ပြောလိုတာမျိုး သဘောမဟုတ်ပါ)၊ ပညာသင်လက်စ လူငယ်တွေကို Skill (ကျွမ်းကျင်)အောင် သင်ယူတတ်ဖို့ ပြည်ပက တကယ့်အဖြစ်အပျက်တွေကို အယောင်လောက်ပြောပြခြင်းပါပဲ။

ကိုယ်ရောက်ဖူးတဲ့နိုင်ငံတွေမှန်သမျှမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေ အများကြီးပါ။ ကိုယ့်အခက်အခဲနဲ့ကိုယ် ကိုယ့်ဘဝနဲ့ကိုယ်တည်ဆောက်နေကြရတာဆိုတော့ သူတို့ရဲ့ ကြမ်းတမ်းလှတဲ့ ဘဝဇာတ်လမ်းတွေ အပြင်ကို မရောက်လာကြတာပါ။

အလုပ်ဆိုတာတော့ အောက်ခြေက စꩻ ချင်လည်း စ ရမှာပါ၊ ဒါပေမယ့် လုပ်ငန်းခွင်သုံး ဘာသာစကား နဲ့ ကိုယ်လုပ်မယ့် လုပ်ငန်းခွင်မှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်နေရင်တော့ အလုပ်ပိုသက်သာသလို၊ ဝင်ငွေလည်း သူများထက် များနိုင်တယ်လို့ဆိုလိုတာပါ။ ဒီထက် အဆင့်မီတဲ့ ဒီပလိုမာ၊ ဒီဂရီဘွဲ့တွေရထားတဲ့သူဆိုရင်တော့ ပိုပြီး စမတ်ကျကျ အလုပ်လုပ်နိုင်သလို၊ ဆင့်ကဲတက်လမ်းတွေအတွက်လည်း လှေခါးတစ်တွေ ရှိပြီးသားပါ။

ဥပမာ ဂျပန်မှာ အခြေခံအလုပ်သမားဆိုရင် ပျမ်းမျှအားဖြင့် သိန်း ၃၀ လောက် ရကြပြီး၊ ကျွမ်းကျင်မှုနဲ့(ဥပမာ ပရိုဂရမ်မာ) ဆိုရင် အနည်းဆုံး သိန်း ၄၀ ကနေ ၈၀−၁၀၀ အထိ ရကြတာပါ။ သာမန် အလုပ်သမားနဲ့ ကျွမ်းကျင်လု့ပ်သား လစာတူနေရင်တောင် ကျွမ်းကျင်လုပ်သားက အိုတီ(အပိုချိန်) လုပ်စရာမလိုဘဲ လစာအပြည့်ရတာပါ။ သာမန် အနေနဲ့ကတော့ ဘယ်နိုင်ငံမှာမဆို အများစုက အပိုချိန်နဲ့တွက်မှ ကိုယ့်နိုင်ငံကို ကောင်းကောင်းပြန်ပို့နိုင်ကြတာပါ။

ပြည်ပကို ပဲ ထွက်ထွက်၊ ပြည်တွင်းမှာပဲလုပ်လုပ်၊ ဘာလေးသင်သင် ကျွမ်းကျင်အောင် တကယ်လုပ်နိုင်အောင် သင်ယူပါ။ အင်ဂျင်နီယာလို၊ ကွန်ပျူတာလိုဘွဲ့တွေရရင်လည်း အတွေ့အကြုံနဲ့ တကယ့် practical လက်တွေ့တွေ လုပ်နိုင်စွမ်းရှိအောင် ဆည်းပူးပါ။

ဘွဲ့မရသေးရင်တောင် ဆယ်တန်းအောင်(ပြီး)အောင် သင်ယူထားပါ။ ပညာဆိုတာ လုပ်ငန်းခွင်ထဲရောက်မှ သိနိင်တာပါ။ ကျွမ်းကျင်တာချင်းတူရင်တောင် ဘွဲ့ဒီဂရီရထားတဲ့သူက ပိုနေရာရနိုင်သလို၊ ရေရှည်မှာ ရာထူးတိုးတာ၊ နိုင်ငံတခုမှာ Residence (နေထိုင်ခွင့်) လျှောက်တာ မျိုးတွေကအစ အခွင့်အလမ်းပိုများပါတယ်။

ဖြစ်နိုင်ရင် ဘာသာစကာတတ်ကျွမ်းကျင်မှု အသိမှတ်ပြု IELTS လိုမျိုး သေချာသင်ယူပြီး Band ကောင်းကောင်းယူထားနိုင်လေ ကောင်းလေပါပဲ။ လူငယ်တွေကို ပြောချင်တာက ပညာဆိုတာ ကိုယ့်အနားမှာတင် အထူးသဖြင့် မြန်မာပြည်မှာတင် ယူထားနိုင်တဲ့ ဒီပလိုမာတွေ၊ ဘာသာစကားသင်တန်းတွေ အဆင့်မီမီ သင်တန်းတွေ ဈေးသက်သက်သာသာနဲ့ အများကြီးရှိနေတာ ဝမ်းသာစရာပါ။ အရင်ဆုံးလုပ်လို့ရတာတွေ သင်ယူလို့ရတာတွေ နဲ့ စထားပါ။ အခွင့်လမ်းတွေဆိုတာ ကိုယ့်ဖြည့်ထားတဲ့ ပညာတွေ ပြည့်တဲ့အခါ တံခါးခေါက်သံကြားနိုင်လာပါလိမ့်မယ်။ (Soe Naing)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page