စက်သုံးဆီဈေးကို အမိန့်နဲ့ ထိန်းဖို့လုပ်နေတဲ့ စကစနဲ့ ငါးပါးမှောက်တော့မယ့် အဖြစ်

စက်သုံးဆီ လိုသလောက် ဝယ်ယူမရတဲ့အချိန်မှာ အာဏာသိမ်း စစ်ကောင်စီက စက်သုံးဆီဈေးနှုန်း သတ်မှတ်ထိန်းချုပ်ပြီး ရောင်းချခိုင်းလာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောလာပါတယ်။

စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဟာ အရင်က တင်သွင်းမှုနဲ့ ကုန်ကျစရိတ် အပေါ် မူတည်ပြီး နေရာဒေသအလိုက် ဈေးနှုန်း သတ်မှတ်ပြီး ရောင်းချခဲ့တာပါ။

ဒါပေမယ့် မေလ ဒုတိယအပတ်ကစပြီး စစ်ကောင်စီက နေ့စဉ် ရောင်းချရမယ့် ဈေးနှုန်းတွေကို သတ်မှတ်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း မရောင်းချရင် စက်သုံးဆီဆိုင်တွေကို ချိတ်ပိတ်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပြလာပါတယ်။

“စကစက ဖွင့်တဲ့ဈေးအတိုင်း ကျွန်တော်တို့က ရောင်းရတာ။ ခုက စကစက ထိန်းချုပ်တဲ့ စနစ်လို ဖြစ်သွားပြီ။ အစိုးရက ဘယ်မြို့မှာ ဘယ်လောက်ရောင်းဆိုပြီး ရည်ညွှန်းဈေးတွေ နေ့တိုင်းထုတ်တယ်။ ဆိုတော့ ဆီတွေတောင် ဒီကိုမရောက်သေးဘူး။ ဈေးကျသွားရင် ကျွန်တော်တို့က ရှုံးမယ်လေ။ သတ်မှတ်ဈေးထက် တင်ပြီးရောင်းရင်လည်း ဆိုင်ကို ချိတ်ပိတ်တာတွေလုပ်မှာ။ သူတို့က ဆီကိုလည်း လုံလုံလောက်လောက်မရောင်းပေးဘူး။ တင်ပြီးရောင်းရင်လည်း ချိတ်ပိတ်တာတွေ လုပ်မယ်ဆိုပြီး လုပ်တယ်”လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက စက်သုံးဆီ ဈေးနှုန်းတွေ သတ်မှတ် လိုက်ပေမယ့် လိုသလောက် ဝယ်ယူမရတာကြောင့် စက်သုံးဆီဆိုင် တချို့ စက်သုံးဆီ အမျိုးအစားပေါ် မူတည်ပြီး ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရသလို တချို့ စက်သုံးဆီဆိုင်တွေက လက်ကျန် စက်သုံးဆီ မရှိတဲ့အတွက် ဆိုင်ယာယီ ပိတ်တာတွေ ရှိလာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်ဟာ မေလ ၂၃ ရက်နေ့မှာ (၉၅) တစ်လီတာကို (၂၃၈၀)ကျပ်၊ (၉၂) တစ်လီတာကို (၂၂၆၀)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို (၂၂၂၅)ကျပ်နဲ့ ဒီဇယ် တစ်လီတာကို (၂၁၉၅)ကျပ်ထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်း စစ်တပ် အာဏာမသိမ်းခင်က တစ်လီတာကို ကျပ် ၆၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်လီတာကို ကျပ် ၂၃၀၀ ကျော်ထိ ၃ ဆ နီးပါး ဈေးနှုန်မြင့်လာသလို မကြာခဏဆိုသလို ပြတ်လတ်မှုနဲ့ ကြုံလာရပါတယ်။

အထက်ပါ ဈေးနှုန်းတွေဟာ တရားဝင် စက်သုံးဆီဆိုင်တွေက ရောင်းချရမယ့် ဈေးတွေ ဖြစ်ပြီး အပြင် မှောင်ခိုဈေးကွက်မှာတော့ ဆီဈေးတွေ ဒီထက် မြင့်တက်နေတာကို တွေ့ရပါတယ်။ ရန်ကုန်ဆီမှောင်ခိုဈေးကွက်မှာ (၉၂) တလီတာကို ၂၅၀၀ ဝန်းကျင် ရောက်ရှိနေပြီး သယ်ယူပို့ဆောင်ရေး ခက်ခဲတဲ့ နယ်တွေမှာတော့ (၉၂) တလီတာကို ၃၀၀၀ နီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။

ထိန်းချုပ်လို့ မရတဲ့ စက်သုံးဆီဈေးကို အတင်းအကျပ် ထိန်းချုပ်လိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပြီး မြန်မာ့စက်သုံးဆီ ဈေးကွက် လုံးဝ ပြိုကျကာ သီရိလင်္ကာလို ဖြစ်သွားနိုင်ကြောင်း စီးပွားရေး ပညာရှင်တဦးက မှတ်ချက်ပြုပါတယ်။

လက်ရှိအချိန်မှာ စက်သုံးဆီ ဈေးနှုန်း တဟုန်ထိုး တက်နေတာကြောင့် မကြာခင်အချိန်အတွင်းမှာ မသွင်းနိုင်တော့ဘဲ လုံးဝ ပြတ်တောက်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page