နာမည်ကြီးကိုယ်ပိုင်ကျောင်း (၁၆) ကျောင်းကို စကစ ဖွင့်ခွင့်မပြု (မြန်မာ့ပညာရေးစနစ် ပြိုလဲသွားပါပြီ)

စစ်ကောင်စီ ရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များမှ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်းကို ယခုနှစ်ပညာသင်နှစ်အတွက် စစ်ကောင်စီက ဖွင့်လှစ်ခွင့်မပြုကြောင်း ဒေသခံများထံမှ သိရပါတယ်။

ယခင်နှစ် နိုဝင်ဘာ ၁ ရက်နေ့က စစ်ကောင်စီက တနိုင်ငံလုံးရှိ အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်စဉ် အဆိုပါပုဂ္ဂလိကစာသင်ကျောင်းများက ဖွင့်လှစ်ခြင်းမပြုခဲ့ကြောင်း သိရပါတယ်။ ထို့ကြောင့်အဆိုပါစာသင်ကျောင်းများကို ယခုနှစ်တွင် ကျောင်းဖွင့်ခွင့်မပေးဘဲ ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ CDM ပညာရေးအသိုင်းအဝိုင်းထံကဆိုပါတယ်။

“နေပြည်တော်ထဲက ကိုယ်ပိုင်ကျောင်း ၁၆ ကျောင်းကို ဖွင့်ခွင့်မပေးတာပေါ့။ ပိတ်သိမ်းတာမျိုးတော့မဟုတ်ဘူး။ ဒီနှစ်ကို မဖွင့်ခိုင်းတာလို့ သိရတယ်။ မနှစ်က အဲဒီကျောင်းတွေက မဖွင့်ဘဲနဲ့နေလို့ နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုပြီး မဖွင့်ခိုင်းတာလို့သိရတယ်” ဟု နေပြည်တော်ကိုယ်ပိုင် ကျောင်းများနှင့်နီးစပ်သည့် CDM ကျောင်းဆရာတဦးက ပြောပါတယ်။

နေပြည်တော်စစ်ကောင်စီပညာရေး အသိုင်းအဝိုင်းနှင့် နီးစပ်တဲ့ အခြားသတင်းရင်းမြစ်တခုကလည်း ယခင်နှစ်က ဖွင့်လှစ်ခြင်းမရှိသည့် အဆိုပါ ကျောင်းများကို ဖွင့်လှစ်ခွင့် မပေးသည်မှာမှန်ကန်ကြောင်း အတည်ပြု ပြော ဆိုလိုက်ပါတယ်။ ”မနှစ်က မဖွင့်တဲ့ကျောင်းမှန်သမျှ ဖွင့်ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီ ရဲ့နေပြည်တော်ကောင်စီ ပညာရေးရုံးဘက်ကသိရတယ်။ ကျောင်းအရေအတွက်တော့မသိရဘူး” လို့ ပြောပါတယ်။

အဆိုပါ ဖွင့်ခွင့်မရသည့်ကိုယ်ပိုင်ကျောင်းများတွင် အောင်ချက်မြင့်မားပြီး နာမည်ကြီးကျောင်းများဖြစ်သည့် ဥတ္တရသီရိမြို့နယ်မှ CAE ကိုယ်ပိုင်အထက်တန်းကျောင်း ၊ ဇမ္ဗူသီရိမြို့နယ်မှ မဟာပညာ၊ တပ်ကုန်းမြို့နယ်မှ တော်ဝင်၊ လယ်ဝေးမြို့နယ်မှ ထူးချွန် စသည့် နာမည်ကြီးကိုယ်ပိုင် ကျောင်းများအပါအဝင် ၁၆ ကျောင်း ဟု သိရသော်လည်း အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ယခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စကစဖက်မှ သတင်းထုတ်ပြန်မှုမရှိသေးသလို ကိုယ်ပိုင်ကျောင်းများဘက်မှလည်းတစုံတရာသတင်းထုတ်ပြန်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ဇမ္ဗူသီရိမြို့နယ်၊ မဟာပညာကိုယ်ပိုင်အထက် တန်းကျောင်းမှ ဝန်ထမ်းတဦးကို မေးမြန်းခဲ့ရာ ၄င်းအနေဖြင့်မသိရှိကြောင်းနှင့် ဖြေဆိုရန်ငြင်းဆန်ခဲ့ပါတယ်။

ယခင်နှစ်များတွင် အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းများ အနေဖြင့်သင်္ကြန်ပြီးဆုံးသည့် ဧပြီလ နောက်ဆုံးအပတ်မှစတင်ဖွင့်လှစ်လေ့ရှိသော်လည်း ယခုနှစ်တွင်ဖွင့်လှစ်ခြင်းမရှိသေးကြောင်း ဒေသခံများထံကသိရပါတယ်။

စစ်ကောင်စီက ၄င်းတို့လက်အောက်ရှိစာသင်ကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး မေလ ၂၆ ရက်နေ့တွင် ကျောင်းအပ်စတင်လက်ခံရန်ညွှန်ကြားထားပါတယ်။

စကစ ဖွင့်တဲ့ ကျောင်း မအပ်ချင်လို့ ဝိနည်းလွတ်ရုံ ကိုယ်ပိုင်ကျောင်းတွေ အပ်ချင်နေတဲ့ မိဘများလည်း ယခုကိစ္စကို သင်ခန်းစာယူရပါမယ်။ စကစက ကိုယ်ပိုင်ကျောင်း၊ နိုင်ငံတကာကျောင်း စတဲ့ မြန်မာပြည်ထဲမှာ ဖွင့်သမျှ ကျောင်းတွေ အားလုံးကို မတရားတဲ့ နည်းနဲ့ ဖိနှိပ်မှာပါပဲ။ လုံးဝ ကင်းလွတ်ချင်ရင်တော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် သင်ယူတာ အကောင်းဆုံးပါပဲလို့ ပြောကြားလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page