ဘဏ်တွေကို ငွေလာအပ်တာ များလွန်းတာကြောင့် မဆံ့မပြဲ ဖြစ်နေဟု ဗဟိုဘဏ် ဒုဥက္ကဌပြော

ပြည်တွင်းဘဏ်တွေမှာ နေ့စဉ်နီးပါး ဘဏ်အပ်ငွေ များလာတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောပါတယ်။ လက်ရှိ ပြည်တွင်းက ဘဏ်တွေမှာ ကျပ်ဘီလီယံချီ ငွေအပ်နှံမှုတွေ ပြန်များလာ နေသလို အပ်ငွေနဲ့ ထုတ်ငွေမှာ အပ်ငွေက ပိုများလာတယ်လို့ ဆိုပါတယ်။

ပြည်တွင်းဘဏ်ကြီးတချို့မှာ အပ်ငွေ ပမာဏ များနေတဲ့အတွက် မဆံ့တော့လို့ ဗဟိုဘဏ်ကိုပြန်အပ်တဲ့ငွေ ကျပ်တစ်ထရီလီယံနီးပါး ခန့်ရှိတယ်လို့လည်း ဦးဝင်းသော် ကပြောပါတယ်။ ဘဏ်အားလုံးရဲ့ အပ်ငွေ နဲ့ ထုတ်ငွေတွေကို ဗဟိုဘဏ်က စောင့်ကြည့်နေရာ မေ ၂၆ ရက်ကတော့ အပ်ငွေ ကျပ် ဘီလီယံ (၁၀၀) နီးပါး ပိုများခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗဟိုဘဏ်ကတော့ ဘဏ်တွေမှာ အပ်ငွေပမာဏပြန်များလာတဲ့အတွက် ဘဏ်စာရင်းအသီးသီးက ငွေသား ထုတ်ယူမှုကို အရင်က တစ်ရက်ကို အများဆုံး ကျပ် (၅) သိန်း၊ တစ်ပတ်ကို အများဆုံး ကျပ်သိန်း (၂၀) သာ ထုတ်ယူခွင့်ပြုခဲ့ရာကနေ ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အများဆုံး ကျပ်သိန်း (၁၀၀)ထိ ထုတ်ယူခွင့် ပြုထားသလို ကုမ္ပဏီ/အဖွဲ့အစည်းတွေကိုလည်း ကျပ်သိန်း (၁၀၀၀) အထိ ထုတ်ယူခွင့်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုဂ္ဂလိကဘဏ်တချို့ကလည်း ဘဏ်အကောင့်ဟောင်းထဲ အသစ်ထပ်မံဝင်ရောက်လာတဲ့ ငွေသားကို ပြန်လည်ထုတ်ပေးနေတယ်လို့ ကြေညာထားပေမယ့် ဘဏ်အကောင့်ဟောင်းတွေထဲမှာရှိနေတဲ့ ငွေသားတွေကိုတော့ လွတ်လပ်စွာ ပြန်လည်ထုတ်ယူခွင့် မပြုသေးဘူးလို့ သိရပါတယ်။

ယခုလို ယုံနိုင်စရာ မရှိတဲ့ စကားတွေ လျှောက်ပြောနေပေမယ့် လက်တွေ့မှာတော့ ပုဂ္ဂလိကဘဏ်တွေမှာ အကောင့်ဟောင်းထဲက ငွေတွေကို နှစ်ပတ်မှ ၅ သိန်းလောက်သာ ထုတ်နိုင်ပါသေးတယ်။ အစိုးရဘဏ်တွေမှာတော့ တလကို ၂ သိန်းတောင် အနိုင်နိုင် ထုတ်ပေးနေတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ စကစအနေနဲ့ ငွေစက္ကူများကို မနားတမ်း ရိုက်နှိပ် ထုတ်ဝေနေတာကြောင့် ငွေကြေး ဖောင်းပွမှုများ အလွန်အကျွံဖြစ်နေပြီး ကုန်ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လျက် ရှိနေပါတယ်။ ယခင်က လည်ပတ်ခဲ့တဲ့ ထောင်ပေါင်းများစွာသော ATM စက်တွေဟာလည်း ငွေထုတ်မရတာ ၁ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဈေးကွက်ထဲ ငွေစက္ကူအတုများ အများအပြား ထွက်ပေါ်နေပြီး ငွေတုများအနေနဲ့ ဘီလီယံနဲ့ချီပြီး ဈေးကွက်ထဲ ရောက်နိုင်နေပြီလို့ ပညာရှင်တဦးက ပြောပါတယ်။

စကစ အနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးစနစ် စတင်ပြိုလဲခဲ့ပြီး ပြည်သူများအနေနဲ့ အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ဝင်ငွေလျော့ကျမှုများကို အပြင်းအထန် ခံစားနေရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page