ရန်ကုန်ဆိုတာ မြို့ယောင်ဆောင်ထားတဲ့ တောကြီး (သို့) “မြို့အတု” ကြီးပါ

ရန်ကုန်မှာ ရနိူင်တာဆိုလို့ အတုတွေပဲရှိတယ်။

ရန်ကုန်မှာနေတာကြာလာတာနဲ့အမျှ .. သတိထားမိတာတစ်ခုက .. ရန်ကုန်မှာ အတုတွေပဲရတယ်ဆိုတာပါပဲ .. ရန်ကုန်ကို စ,ရောက်လာပြီး နှစ်လသုံးလလောက်နေတော့ .. အရင်ဆုံးတောင့်တမိတာက .. နယ်က အစားအစာတွေကိုပါ။

ကျွန်တော်က အလယ်ပိုင်းသား .. ရန်ကုန်ကလူတွေကတော့ အညာလို့ လွယ်လွယ်ခေါ်တတ်ကြပေမဲ့ .. တကယ်တော့ မြေလတ်ဒေသပါ .. အညာကသက်သက် မြေလတ်ဒေသက သက်သက်မတူဘူးဆိုတာကို ရန်ကုန်ကလူတွေ နားမလည်ပါဘူး .. အဲ့တော့ မြေလတ်သား အကြေရန်ကုန်ရောက်တော့ .. အလယ်ပိုင်းအစားအစာတွေကို လွမ်းမိတာပေါ့ဗျာ ..

လွမ်းနေစရာလိုလို့လား .. ရန်ကုန်မှာအကုန်ရတာပဲ ဝယ်စားပေါ့ .. ဆိုရင် ပြောစရာဖြစ်လာပြီဗျ .. ဥပမာ အသုတ်ပေါ့ .. ရန်ကုန်က အသုတ်တွေကို စပြီးစားကြည့်တုန်းက .. တော်တော်အော်ဂလီဆန်မိတယ် .. တကယ်ပါ ..

ခေါက်ဆွဲသုတ် ကြာဇံသုတ်ဆိုပြီး ရောင်းကြတယ် .. ဘယ်လိုခေါက်ဆွဲသုတ်လည်းဆိုတော့ .. ခေါက်ဆွဲကို ပဲငံပြာရည်နဲ့ကြော်ထားပြီးတော့ ဆီချက်ရယ် ဆောစ်အချဉ်ရည်ရယ် ငရုတ်သီးအကြမ်းမှုန့်ရယ် ထည့်နယ်ထားတာကို ခေါက်ဆွဲသုတ်လို့ခေါ်တာခင်ဗျ။

သူတို့ကတော့ပြောကြပါတယ် .. ရန်ကုန်သုတ်ဆိုပဲ .. အဲ့လိုအသုတ်ကို အညာကရွာတွေမှာ သွားနေတုန်းက တစ်ခါစားဖူးပါသေးတယ် .. အဲ့ရွာကလူတွေ ရန်ကုန်မပြောနဲ့ .. မကွေးသားကိုတောင် အထင်ကြီးနေကြတဲ့ ရွာ .. ဒါပေမဲ့ ရန်ကုန်မှာသုတ်တော့ ရန်ကုန်သုတ်ပေါ့လေ .. အဲ့ဒါ ခေါက်ဆွဲသုတ်လို့ မခေါ်မှန်း နယ်ကလူတွေအကုန်သိပါတယ် ..

နောက်ပြီး ဒေသအစားအစာတွေ .. ရွှေတောင်ခေါက်ဆွဲတို့ .. ကွေ့တယို .. ရှမ်းခေါက်ဆွဲ .. စတာတွေပေါ့ .. ဂျင်းထည့်ထားတာတွေချည်းပဲ .. မြီးရှည်ကို ရန်ကုန်တစ်မြို့လုံး ပတ်စားဖူးတယ် ကြိုက်လွန်းလို့ .. မြီးရှည်ဆိုတာ ရှမ်းခေါက်ဆွဲကို နန်းကြီးမုန့်ဖတ်ထည့်နယ်ထားတာပဲရှိတယ် .. အစစ်မဟုတ်ဘူး .. သူတို့က အဲ့ဒါတွေကို ဆိုင်ကြီးတွေမှာ တင်ရောင်းတာနော် .. စျေးကလည်းကြီးသေး .. အစစ်လည်းမဟုတ်ဘူး ..

ရန်ကုန်သားတွေ ဒေသအစားအစာအစစ်ဆိုတာ စားဖူးတဲ့သူနည်းမယ်ဆိုတာ ပြောရဲတယ် .. လက်ဖက်ရည်ဆိုင်ထိုင်ရင် .. ကြိုက်တဲ့လက်ဖက်ရည်မှာလိုက် .. အချိုနည်းတာ များတာပဲကွာတယ် .. ရော်ဖျမ်း ရမ်းဖျော်တွေချည်းပဲ .. ပျစ်ခါးတို့ နှင်းဆီတို့ သွားမမှာနဲ့ .. ကြားတောင် မကြားဖူးဘူး ..

ရန်ကုန်က ပဲနံပြားဆိုတာ အံ့ဩစရာ .. နံပြားအချပ်လိုက်ကြီးနဲ့ စားတော်ပဲထည့်ထားတဲ့ ပန်းကန်လေးလာချပေးတာဗျာ .. ‘ဟာ မင်းတို့ပဲနံပြားကြီးက ဘယ်လိုကြီးလဲဟ’ ဆိုတော့ .. ‘ဒါ .. ရန်ကုန်ပဲနံပြားကွ’ ဆိုပဲ .. မသိရင် ကိုယ်ကပဲ တောသားလိုလိုနဲ့ .. နယ်မှာ ပဲနံတစ်ပွဲရဖို့ ပဲကိုနှပ်ရတယ် .. ဆီနဲ့ သကြားနဲ့ ဆားနဲ့ အချိုးကျသမအောင်မွှေနှပ်ပြီး .. နံပြားပေါ်မှာသုတ် လိပ်ပြီးကတ်ကြေးနဲ့ကိုက်ပေးတာ .. ရန်ကုန်မှာကတော့ ပဲပြုတ်သည်ဆီက ဝယ်ထားတဲ့အတိုင်းပဲ ထည့်ပြီးချပေးတာ ဆီတောင် တခါတလေမှပါတယ် .. ဂျင်းထည့်ခံနေရတာကို ဂုဏ်ယူနေကြတဲ့ကောင်တွေ ..

နန်းကြီးသုတ် No .. တစ်ဆိုင်မှမကောင်းဘူး .. အုန်းနိူ့ခေါက်ဆွဲ ဘယ်မှာမှမရဘူး .. နောက်တော့လည်း သဘောပေါက်လာတယ် .. ရန်ကုန်မှာက အစားအစာတွေကို အမယ်တွေပုံပေးပြီး အထက်တန်းစတိုင်နဲ့ဂျင်းထည့်နေတယ်ဆိုတာကို .. အဲ့ဒီ ဂျင်းဆိုင်တွေကိုသွားဝယ်စားရင် .. ဆိုင်ရှင်တွေက မျက်နှာရှစ်ခေါက်ချိုးတွေနဲ့ .. မသိရင် သူတို့ဆီမှာလာတောင်းစားနေတာလိုလို .. အဲ့ဒါ ရန်ကုန်စတိုင်ပဲ ..

မြန်မာပြည်နေရတာ အဲ့တစ်ချက်လည်း အတော်စိတ်ပျက်ဖို့ကောင်းတယ် .. ကြာတော့လည်း .. အဲ့ဒီမဟုတ်ကဟုတ်က အစားအစာတွေနဲ့ နေသားကျလာတယ် .. ရန်ကုန်မှာ သိပ်ပြီးအပြင်ထွက်မစားဖြစ်တော့ဘူး .. ပိုက်ဆံစုတယ် .. နယ်ပြန်မှ အဝပတ်စားတယ် .. အစစ်စားရတယ် .. တန်တယ် ..

စျေးကြီးတာကိုမပြောလိုပါဘူး .. တန်အောင် အစစ်လေးတော့ လုပ်ရောင်းသင့်တယ် .. နောက်တစ်ချက်က နယ်မှာ ရန်ကုန်ဆိုပြီး ဆိုင်းပုဒ်တပ်ထားတဲ့ဆိုင်ဆို လှည့်ကိုမကြည့်တော့တာ .. ရန်ကုန်လေသံဆိုတာရှိသေးတယ် .. ခပ်ချွဲချွဲပျစ်ပျစ်အသံကိုပြောတာ .. ယောက်ျားလေးဆို လူကြည့်တော့ ကျားကျားယားယားနဲ့ .. နွဲ့နှောင်းချွဲပျစ်နေတာ .. အစကတော့ အော်ဂလီဆန်တယ် .. နောက်တော့လည်း အသားကျသွားပြန်ရော ..

သူတို့က အညာသံပေါက်ရင် သိပ်သိတာဗျ .. စကားအသုံးအနူန်းတချို့ကလည်း မတူပြန်ဘူးလေ .. ကျွန်တော့်ဆို တောသားအသံနဲ့တဲ့ .. ဪ .. ကျွန်တော်မှ စကားကို ဟိုမရောက်ဒီမရောက်မပြောတတ်တာ .. စကားပြောရင် ဒဲ့ပဲ .. သူတို့အသုံးအနူန်းတွေက ဟိုလိုလို ဒီလိုလို သိပ်လျှို့ဝှက်ချက်များတယ် ..

ကျွန်တော်က လူကဲခတ်တာရော မကောင်းမြင်တတ်တဲ့ ဗီဇကလည်းရှိနေတော့ .. ရန်ကုန်သားဆို မယုံလို့ သိပ်မပေါင်းဖြစ်တော့ဘူး .. ရန်ကုန်သားတွေရဲ့ ထူးခြားချက်က .. သူတို့အိတ်ထဲမှာ တစ်ထောင်တန် နှစ်ရွက်နဲ့ နှစ်ရာတန်တစ်ရွက်ထက်ပိုမရှိတာပဲ ..

အေတီအမ် ကဒ်တွေ .. Shopping Centre Gift Card တွေတော့ အများကြီးပဲ .. ဒါပေမဲ့ အဲ့ဒီ အေတီအမ် ကဒ်တွေထဲမှာ တစ်ထောင်ထက်ပိုမရှိတတ်သလို .. Gift Card တွေက သုံးလို့မရသေးဘူးကွလို့ပဲ ပြောလေ့ရှိပါတယ် .. မယုံရင် အနီးနားက ရန်ကုန်သားတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ကို လှပ်ကြည့်လိုက် ..

ဒါပေမဲ့ သူတို့က ပိုက်ဆံမရှိပေမဲ့ အမြဲတမ်း သပ်ရပ်သန့်ပြန့်နေအောင်ဝတ်စားထားတတ်ကြပါတယ် .. သူတို့နဲ့ အတူတူတစ်ဆိုင်ဆိုင်မှာစားရင် .. ဝိတ်တာ က သူတို့ဆီက ပိုက်ဆံရှင်းဖို့စောင့်ပါတယ် .. တကယ်ရှင်းတာက တခြားတစ်ယောက်ပါ .. သူတို့ Brand တစ်ခုခုဝတ်ထားရင် အတုဖြစ်ဖို့များပါတယ် .. ဒါပေမဲ့ သွားမပြောပါနဲ့ .. ရန်ကုန်မှာ အတုပဲဝတ်ပါတယ် ..

နောက်ထူးခြားချက်တစ်ခုက .. အမြဲလိုလို ပိုက်ဆံပြတ်နေတာမျိုးပါ .. လမကုန်သေးရင် လကုန်မှ .. လကုန်နေရင် နောက်လမှ .. အဒေါ်ဆီက ဦးလေးဆီက ရမှာ .. ဆိုတာမျိုး အမြဲပြောလေ့ရှိပါသေးတယ် .. ဘယ်တော့မှလည်း ရတယ်လို့ မကြားဖူးပါဘူး ..

ပိုက်ဆံလည်း အရမ်းချေးပါတယ် .. ရန်ကုန်လေသံဆိုတာ ပိုက်ဆံချေးတဲ့နေရာမှာတော့ အရမ်းအသုံးဝင်ပါတယ် .. ချွဲနွဲ့ အီညှစ်ပြီးတော့ သနားစဖွယ်ကိုချေးတာမျိုးပါ .. အပြင်မှာသာအချေးခံရရင် သေပြီပဲ .. မရမချင်းကို ကပ်တွယ်ချွဲပျစ်ပြီးတော့ကို ချေးတာမျိုးပါ .. ဘေးကကြားရင် ယောက်ျားချင်းကြိုက်နေတာလိုလို .. နောက်ဆုံး မချေးနိူင်ဘူးဆိုရင်တောင် အပြန်ကားခတော့ ပါအောင်တောင်းသွားတတ်ပါတယ် .. ဖုန်းဘေလ်ဖြည့်ခိုင်းတာမျိုးကတော့ ရိုးသွားပါပြီ ..

အေဘီစီ တို့ စီးတီးမတ်တို့ Store တွေအများကြီးရှိရင်တောင် .. သူတို့နားမှာ မဖွင့်ဖို့များပါတယ် .. ရန်ကုန်သားဆိုပေမဲ့ ဖုန်းဘေလ်ဖြည့်ပေးမယ့် အသိမိတ်ဆွေက ရန်ကုန်မှာတစ်ယောက်မှမရှိပါဘူး .. နယ်ကလူတွေပဲရှိပါတယ် .. ရန်ကုန်သားတွေဟာ လမ်းမလျှောက်ချင်ကြပါဘူး .. ဘယ်သွားသွား တက်စီ နဲ့သွားချင်ကြပါတယ် .. ဒါပေမဲ့ တက်စီ ခ သူတို့ပေးမှာတော့ မဟုတ်ပါဘူး ..

သူတို့ရှိရာနေရာကိုလာမယ်ဆိုရင် မှတ်တိုင်တွေဘာတွေ သိပ်မညွှန်တတ်တာများပါတယ် .. တက်စီ နဲ့ပဲလာခိုင်းပါတယ် .. သူတို့ဟာသူတို့တော့ လိုင်းကားတိုးစီးပါတယ် .. ဘာပဲပြောပြော လူရှိန်တာပေါ့ .. ဘယ်မှလည်း လိုက်မပို့ချင်ကြပါဘူး .. တနေရာရာလိုက်ပို့ခိုင်းရင် .. အဖေ အမေက တစ်ခုခုခိုင်းထားပြီလို့သား မှတ်လိုက်ပါ .. အိမ်ထဲက အိမ်ပြင်တောင် လိုက်ပို့မယ်မထင်ပါနဲ့ .. အကူအညီဆိုရင် ဝေး .. ဖုန်းတောင်မကိုင်တော့ဘူး ..

အဆောင် .. တိုက်ခန်းလို့ခေါ်တဲ့ အိမ်အတုတွေ .. ကိုယ်လိုချင်တာ ရဖို့အတွက် အပြုံးအတုတွေ .. ငွေပေးမှရတဲ့ ပျော်ရွှင်မှု့အတုတွေ .. စိတ်ထဲကမပါတဲ့ စကားသံအတုတွေ .. မက်မောမှု့တွေနဲ့ အချစ်မေတ္တာအတုတွေ .. စက်ရုပ်တွေလို နိစ္စဓူဝလည်ပတ်နေတဲ့ လူအတုတွေ .. ညနက်နက် နီယွန်မီးရောင်တွေနဲ့ အလွမ်းအတုတွေ .. ဖော်ရွေမှု့အတုတွေ .. ကြိုဆိုမှု့အတုတွေ .. ချောက်ချတတ်တဲ့ ကူညီမှု့အတုတွေ ..

ရန်ကုန်မှာနေနေရလို့ ပျော်နေရမယ်မထင်ပါနဲ့ .. အစားအသောက်အတု .. အသုံးအဆောင်အတု .. အသိုင်းအဝိုင်း အတု .. သူငယ်ချင်း အတု .. ယောက်ျားအတု မိန်းမအတု .. အတုတွေများလွန်းလို့ အတုစော်နံပြီး မွန်းကျပ်ဖို့ကောင်းတဲ့မြို့ကြီးပါ .. ရန်ကုန်မှာ အစစ်ဆိုတာ မရှိသလောက်ရှားတယ် .. ဒါကြောင့်လည်း အစစ်တွေကိုလွမ်းလို့ အိမ်ပြန်ချင်နေကြရှာသူတွေချည်းပါပဲ ..

အကယ်၍များ တစ်ယောက်ယောက်ကများ .. ရန်ကုန်မှာပျော်တယ်လို့ ပြောလာခဲ့ရင် .. သူလည်း အတုတွေကြားထဲမှာ ဝါးမြိုခံလိုက်ရတဲ့ .. လူအတုဖြစ်နေလောက်ပြီပေါ့ဗျာ .. ကျွန်တော့်အတွက်တော့ .. ရန်ကုန်ဆိုတာ .. မြို့ယောင်ဆောင်ထားတဲ့ တောကြီး .. (သို့မဟုတ်) ”မြို့အတု” ကြီးပါပဲ ..

ZAP

Leave a Reply

Your email address will not be published.

You cannot copy content of this page