ဂျော့ဘုရင်ကို ပေးခဲ့သည့် ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင် အလောင်းမင်းတရားကြီး၏ ရွှေပေလွှာ

ဂျော့ဘုရင်ကို ပေးခဲ့သည့် ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင် အလောင်းမင်းတရားကြီး၏ ရွှေပေလွှာ…

၁၇၅၆ ခုနှစ် မေလ ၇ ရက်နေ့တွင် တတိယမြန်မာနိုင်ငံ ထူထောင်သူ အလောင်းမင်းတရားကြီးသည် အင်္ဂလန်နိုင်ငံဘုရင် ဖြစ်သည့် ဒုတိယမြောက် ဂျော့ဘုရင်ထံ ချစ်ကြည်ရေးအဖြစ် ရွှေပေလွှာ တရွက်ကို ပေးပို့ စေခဲ့ပါတယ်။ အရည်အသွေး ကောင်းမွန်သော ရွှေအစစ်ကို ပါးလွှာအောင် အပြားခတ်ထားပြီး အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိ ပေရွက်ပုံသဏ္ဍာန် ပြုလုပ်ထားပါတယ်။ ရွှေပေလွှာပေါ်တွင် မြန်မာစာဖြင့် စာကြောင်း ၁၀ ကြောင်း ရေးထွင်းထားပြီး အစွန်းနှစ်ဖက်တွင် ပတ္တမြား ၁၂ လုံးစီ မြှုပ်နှံထားသောကြောင့် ပတ္တမြား ၂၄ လုံး ပါဝင်ပါတယ်။

အလောင်းမင်းတရားကြီးရဲ့ မှတ်တမ်းရေးဆရာ၊ ကဗျာဆရာ လက်ဝဲနော်ရထာ မင်းတရားကြီး နှုတ်နဲ့ မိန့်တာကို စာချောအောင် ပုရပိုက်မှာ ရေးခဲ့ဟန်တူပါတယ်။ ပြီးမှ ပုရပိုက်ပေါ်ကစာကို ရွှေပေလွှာပေါ်မှာ ပြန်ထွင်း ခဲ့တာပါ။ ရွှေပေလွှာကို ဆင်စွယ်နဲ့ လုပ်ထားတဲ့ ကြုတ်ထဲမှာ ထည့်ပြီး ပို့စေခဲ့တာပါ။

၁၇၅၄ ခုနှစ်တွင် အင်းဝကို သိမ်းယူပြီးနောက် အထက်မြန်မာပြည် ခေါင်းဆောင်ဖြစ်လာတဲ့ အလောင်းမင်းတရားကြီးဟာ တောင်ပိုင်းကို ဆက်လက် သိမ်းယူနိုင်ဖို့အတွက် စစ်လက်နက်တွေ လိုအပ်တယ်လို့ တွေးမိတာကြောင့် အင်္ဂလန် ဂျော့ဘုရင်နဲ့ မိတ်ဆွေဖွဲ့ဖို့ ရည်ရွယ်ခဲ့တာပဲ ဖြစ်ပါတယ်။

စာပါအကြောင်းအရာကတော့ အင်္ဂလိပ်ကုန်သည်အဖွဲ့အား ဟိုင်းကြီးကျွန်းတွင် နေထိုင်ကုန်သွယ်ခွင့် ပေးထားကြောင်း၊ ဆက်လက်၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားတာပါ။ အဲဒီတုန်းက ရှိနေတဲ့ အရှေ့အိန္ဒိယကုမ္ပဏီကနေ တဆင့် ဂျော့ဘုရင်ထံ ပို့ဆောင်စေခဲ့ပါတယ်။ ၁၇၅၈ ခုနှစ်မှ ဂျော့ဘုရင်ထံ ရောက်ခဲ့ပြီး စာအိတ်ပေါ်မှာလည်း မဒရပ် အိန္ဒိယာမင်းသားထံမှ စာလို့ မှားယွင်းရေးထိုးထားပါတယ်။

အင်္ဂလန်ဘုရင်က စာမပြန်တဲ့အပြင် သူ့ရဲ့ဇာတိ ဟန်နိုဗာက စာကြည့်တိုက်ကို ပို့လိုက်ပါတယ်။ ဂျော့ဘုရင်ဟာ တိုင်းတပါးက လာတဲ့ အနုပညာလက်ရာမြောက် စာတစောင်အဖြစ်သာ အသိမှတ်ပြုပြီး နိုင်ငံရေးအရ စိတ်ဝင်စားပုံ မပေါ်ခဲ့ပါဘူး။

နှစ်ပေါင်း ၂၅၀ ကျော် သက်တမ်းရှိတဲ့ သမိုင်းဝင် ဒီစာဟာ မထင်မရား စာကြည့်တိုက်လေးမှာ လူမသိသူမသိ ရှိခဲ့ရာကနေ ၂၀၀၇ ခုနှစ်မှာ ဟန်နိုဗာမြို့ စာကြည့်တိုက်ပညာရှင် ဒေါက်တာ ဖရန့်ဒရစ် ဟူစမန်နဲ့ သမိုင်းပညာရှင် ဂျက်လိုင်ဒါတို့က ဖော်ထုတ်မှုကြောင့် မြန်မာဘာသာဖြင့် ရေးသားထားမှန်း သိခဲ့ခြင်း ဖြစ်ပါတယ်။ ဟန်နိုဗာမြို့ Gottfried Wihelm Leibniz စာကြည့်တိုက်မှာ ရှိတဲ့ အလောင်းမင်းတရားကြီးရဲ့ ရွှေပေလွှာကို ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page