ရန်ကုန် ဒလတံတား စီမံကိန်းအတွက် ကိုရီးယားက ငွေကြေးဆက်လက်ထောက်ပံ့နေဟု စကစ ပြော
ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတားစီမံကိန်းအတွက် တောင်ကိုရီးယားအစိုးရရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF) မှ ငွေကြေးထောက်ပံ့မှုတွေ ဆက်လက်ပြုလုပ်ပေးနေကြောင်း ဆောက်လုပ်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒလတံတားက EDCF ရဲ့ ချေးငွေ ကန်ဒေါ်လာသန်း ၁၃၀ နဲ့ အန်နယ်ဒီ အစိုးရလက်ထက်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် လုပ်ငန်းခွင်ကို ယာယီရပ်နားခဲ့ရပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာမှာ တည်ဆောက်မှုတွေ ပြန်လည်စတင်ခဲ့ပါတယ်။
လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနဲ့ ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်ပေးမယ့် ဒလတံတားစီမံကိန်းကို ၂၀၁၉ ခုနှစ် မေလမှာ စတင်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလမှာ ဆောက်လုပ်မှုပြီးစီးဖို့ မျှော်မှန်းထားပါတယ်။
ချေးငွေရရှိနိုင်မှု အသေးစိတ်ကို တာဝန်ရှိသူတွေဘက်က ပြောကြားခဲ့ခြင်းမရှိပဲ တံတားစီမံကိန်းအတွက် ငွေထုတ်ယူမှုအခက်အခဲနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေက တည်ဆောက်ရေးကို အနှောက်အယှက်ဖြစ်စေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကြွေပြားတပ်ဆင်ခြင်းအပါအဝင် ချဉ်းကပ်လမ်း၊ တံတားဆောက်လုပ်ခြင်းတွေကို ဆက်လက်ဆောင်ရွက်နေပြီး ‘‘ဆောက်လုပ်မှု ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီ’’ လို့ သိရပါတယ်။
ဒလတံတားစီမံကိန်းအတွက် ကိုရီးယားအစိုးရရဲ့ ချေးငွေ ကန်ဒေါ်လာသန်း ၁၃၀ အပါအဝင် အမေရိကန်ဒေါ်လာ ၁၆၈.၁၇၄ သန်း အကုန်ကျခံ သုံးစွဲသွားမှာဖြစ်ပြီး လေးလမ်းသွားကြိုးတံတားဖြစ်ကာ အရှည်ပေ ၆၀၀၀ ၊ အမြင့် ၄၉ မီတာရှိတဲ့ တံတားလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုံချခဲ့တဲ့ ကိုရီယားနိုင်ငံအနေနဲ့ ဒလ တံတားတည်ဆောက်ရေးချေးငွေတွေကို စကစ ဆောက်လုပ်ရေးဌာနသို့ ဆက်လက်ပေးနေတာလား ဆိုတာကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။
ကိုရီးယားနိုင်ငံကပဲ ငွေကြေး ထပ်ချေးတာလား၊ အရင်ချေးထားပြီးသား ငွေတွေနဲ့ပဲ ရောယောင်ပြီး အသုံးပြတာလားဆိုတာလည်း အသေအချာ မသိရသေးပါဘူး။