လူတိုင်းသိထားသင့်တဲ့ ယာဉ်တိုက်မှု (၁၀) မျိုးနှင့် ၂၀၂၀ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအကြောင်း
၁။ ရပ်ထားသောယာဉ်ကို ဝင်ရောက်တိုက်မိခြင်း။
ရပ်ထားသောယာဉ်ကို အခြားယာဉ်တစ်စီးမှ ဝင်ရောက်မိတဲ့အခါမှာ တိုက်တဲ့ယာဉ်အမှားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ညအချိန်အမှောင်ထဲမှာ ဘေးမီးဖွင့် မထားဘဲလမ်းမပေါ်ရပ်ထားခဲ့မယ်။ အန္တရာယ် မဖြစ်နိုင်အောင်သတိပေးမယ့်သူ ရှိမနေခဲ့ရင်တော့ ရပ်ထားတဲ့ယာဉ်မှာလည်း တာဝန်ရှိနိုင်ပါတယ်။
၂။ ရှေ့ယာဉ်အား နောက်ယာဉ်မှ ဝင်ရောက်တိုက်မိခြင်း။
နောက်က ယာဉ်မှာ တာဝန်ရှိပါတယ်။ ဒီနေရာမှာ တချို့က ပြောကြပါတယ်။ ရှေ့ယာဉ်က ရုတ်တရက်ဘရိတ်အုပ်လို့ တိုက်ရတာပါလို့ ပြောကြပါတယ်။
ဒါပေမယ့် ယာဉ်သွားလာမှု စည်းကမ်းနည်းဥပဒေပုဒ်မ ၁၄၅ မှာ ရှေ့ယာ ဉ်ရုတ်တရက်ရပ်တန့်လျှင် နောက်မှယာဉ်သည် ထိခိုက်မှုမဖြစ်စေရန် သင့်လျော်သော အကွာအဝေးမှ လိုက်ရမည်လို့ ဖော်ပြထားပါတယ်။
သင့်လျော်သော အကွာအဝေးဆိုတာကတော့ ပုံသေမရှိနိုင်ပါဘူး။ ရှေ့ယာဉ်အရှိန်များရင် များသလို အရှိန်နည်းရင် နည်းသလို ထိခိုက်မှုမရှိပဲ ရပ်တန့်နိုင်မယ့် အကွာအဝေးကို ချိန်ဆမောင်းနှင်ရမှာပါ။
အဲ့ဒီအတွက် ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ ဖြစ်ဖြစ် လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ် အကြောင်းတစုံရာကြောင့် ရပ်တန့်ချိန်မှာ နောက်ယာဉ်သည်လည်း ထိခိုက်မှုမရှိအောင် ရပ်တန့်နိုင်ရပါမယ်။ ဖရီးကြောလို့ခေါ်တဲ့ ရပ်မျဉ်းမရှိတဲ့ ကွေ့ကြောတည့်ကြောမှာ တိုက်ရင်တော့ ရှေ့ယာဉ်အမှားဖြစ်ပါတယ်။ လမ်းညွှန်အမှတ်အသားကို လိုက်နာခြင်း မရှိတဲ့အတွက်ပါ။
၃။ လမ်းဆုံတွင် ယာဉ် (၂) စီးတိုက်ခြင်း။
မိန်းလမ်းမကြီးနဲ့ လမ်းသွယ်ဆိုရင်တော့ လမ်းသွယ်ယာဉ်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ နည်းဥပဒေပုဒ်မ ၁၄၉ (ခ) အရ လမ်းမကြီးမှ ယာဉ်သည် ဦးစားပေးရတဲ့အတွက်ပါ။ တကယ်လို့ တူညီလမ်းဆုံမှာဆိုရင်တော့ နည်းဥပဒေပုဒ်မ ၁၄၉ (က) အရ လက်ယာဘက်ယာဉ်သည် ဦးစားပေးရပါတယ်။ တူညီလမ်းဆုံသို့ ယာဉ် (၂) စီး တပြိုင်တည်း ရောက်ရှိလျှင် ဦးစွာရောက်ရှိသောယာဉ်ကို ဦးစားပေးရမည် ဖြစ်ပြီး တချိန်တည်း ရောက်ရှိလျှင် လက်ယာဘက်ယာဉ်ကို ဦးစား ပေးရမည်လို့သက်မှတ်ထားတဲ့အတွက်ပါ။
၄။ လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခြင်း။
ဒါကတော့ ယာဉ် (၂) စီးလုံးမှာ တာဝန်ရှိပါတယ်။ လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့ ဒီနိုင်ငံမှာ သာမန်အားဖြင့် မည်သည့်ယာဉ်မဆို လက်ယာကပ်မောင်း ရမှာဖြစ်တဲ့အတွက်ပါ။ နည်းဥပဒေပုဒ်မ (၁၄၁) မှာလည်း ဖော်ပြ ထားပါတယ်။ အမြန်လမ်းတွေလို ယာဉ်ကြော (၃) ကြောရှိတဲ့ လမ်းဆို လက်ဝဲဘက်အစွန်းကြောသည် ကျော်တက်ရန်နှင့် အမြန်မောင်းနှင်ရန်မှာသာ အသုံးပြုရမှာ ဖြစ်ပါတယ်။
၅။ T ပုံသဏ္ဍန်လမ်းဆုံတွင် တိုက်မိခြင်း။
T လမ်းဆုံမှာ တိုက်ရင်လည်း လမ်းမပေါ်ကွေ့ထွက်တဲ့ယာဉ်က အမှားပဲ ဖြစ်ပါတယ်။
၆။ တည့်ယာဉ်နှင့် ဝဲဘက်သို့’ဂ’ကွေ့ကွေ့သော ယာဉ်တိုက်မိခြင်း။
နည်းဥပဒေပုဒ်မ (၁၄၈) နဲ့ (၁၅၀) အရ တည့်တည့်လာနေတဲ့ ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်ကအမှားပဲဖြစ်ပါတယ်။
“လွတ်မယ်ထင်လို့ ကွေ့တာပါ” တို့ “ရှေ့ကတည့်တည့်လာတဲ့ယာဉ်က အရှိန်များတာ” တို့ပြောတက်ကြပါတယ်။ ဘယ်လိုပဲပြောပြောရှင်းရမှာပါပဲ။
၇။ လမ်းပြောင်းပြန် ကျော်တက်၍ မျက်နှာချင်းဆိုင်ယာဉ်နှင့် တိုက်မိခြင်း။
နည်းဥပဒေပုဒ်မ (၁၄၆) အရ ရှေ့မှ မျက်နှာခြင်းဆိုင်လာသော ယာဉ်မရှင်းဘဲ လမ်းပြောင်းပြန် ကျော်တက်တက်တဲ့ ယာဉ်မှာ တာဝန်ရှိပါတယ်။
၈။ ဘေးချင်းယှဉ်ကျော်တက်၍ ပွတ်တိုက်ခြင်း။
လက်ဝဲဘက်မှ ကျော်တက် ပွတ်တိုက်မိသည့် ယာဉ်သာ အမှားဖြစ်ပါတယ်။
၉။ အဝိုင်းတွင်ယာဉ် (၂) စီး တိုက်မိခြင်း။
နည်းဥပဒေ ပုဒ်မ (၁၄၉) အရ အဝိုင်းပတ်နေတဲ့ယာဉ်သာ အမှန်ဖြစ်ပါတယ်။ အဝိုင်းပတ်ယာဉ် ဦးစားပေးရမှာ ဖြစ်ပေမယ့် မြို့တော်တော်များများမှာ အဝိုင်းပတ်နေတဲ့ယာဉ်တွေကပဲ ရပ်ပေးနေတာကို မြင်နေရပါတယ်။
၁၀။ ယာဉ်မှ လူကိုတိုက်ခြင်း။
စက်တပ်ယာဉ်နဲ့ လူတိုက်မိပြီဆိုရင်တော့ စက်တပ်ယာဉ်သာ အမှားဖြစ်ပါတယ်။
ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
legal Information