လက်ရှိ ကမ္ဘာ့အရေးကို လွန်ခဲ့တဲ့ နှစ် (၇၀) ကျော်ထဲက ကြိုတင်ခန့်မှန်းနိုင်ခဲ့တဲ့ ဗိုလ်ချုပ်

လက်ရှိ ကမ္ဘာ့အရေးကို လွန်ခဲ့တဲ့ နှစ် (၇၀) ကျော်ထဲက ကြိုတင်ခန့်မှန်းနိုင်ခဲ့တဲ့ ဗိုလ်ချုပ်

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှု အရည်အချင်းနဲ့ စည်းရုံးရေးစွမ်းရည်တွေကတော့ အထူးပြောစရာ မလိုအောင် ပြည့်စုံပြီး ဖြစ်တယ်ဆိုတာ အားလုံးအသိပါပဲ။ ဗိုလ်ချုပ်ရဲ့ နောက်ထပ် အရည်အချင်းတခုကတော့ စာရေးခြင်း အတတ်ပညာပါပဲ။ ဗိုလ်ချုပ်ဟာ ရသစာပေတွေ မရေးသလောက် ဖြစ်ပေမယ့် သုတစာပေနဲ့ နိုင်ငံရေး စာပေတွေကိုတော့ အများအပြား ရေးသားခဲ့ပါတယ်။ လွတ်လပ်ရေး ရရင် နိုင်ငံရေးက အနားယူပြီးရင် စာပဲ ထိုင်ရေးနေတာ့မယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ အဓိက ရည်ရွယ်ချက် တခု ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဟာ နိုင်ငံ့ခေါင်းဆောင် တယောက်ဖြစ်တာနဲ့ အမျှ အဲဒီခေတ်က ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို စေ့စပ်သေချာစွာ သိထားခဲ့ပါတယ်။ သိထားတဲ့အတိုင်းလည်း သူ့ရဲ့ စာအုပ်တွေထဲမှာ ထည့်ရေးလေ့ ရှိပါတယ်။ သူ့ရဲ့ စာအုပ်တအုပ် ဖြစ်တဲ့ ဘားမား ချဲလင့် (ဗမာပြည် ကြုံတွေ့ရမယ့် စိန်ခေါ်မှုများ) ဆိုတဲ့ စာအုပ်ထဲမှာ ယနေ့ခေတ် ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကို တိတိကျကျ ခန့်မှန်းထားတာ တွေ့ရပါတယ်။

ဗိုလ်ချုပ်ရဲ့ သုံးသပ်နိုင်စွမ်းကတော့ အံ့မခန်းလောက်စရာပဲ လို့ ပြောရမလို ဖြစ်နေပါတယ်။ ယနေ့ ဖြစ်ပေါ်နေတဲ့ တရုတ်-အမေရိကန် ကိစ္စနဲ့ ကမ္ဘာ့အရေးတွေကို ဘေးက ထိုင်ကြည့်နေသလို ခန့်မှန်းထားနိုင်တာ တွေ့ရပါတယ်။ မူရင်းစာအုပ်ထဲမှာ ပါတဲ့ ဗိုလ်ချုပ်ကိုယ်တိုင်ရေး စာသားများကို ဖော်ပြလိုက်ပါတယ်-

“နိုင်ငံချင်း ဆက်သွယ်ရေးတွင်ကား ဆိုဗီယက်ယူနီယံက တဘက်၊ အင်္ဂလိပ်-အမေရိကန်က တဘက် သဘောထားကွဲလွဲမှုများပြားလာနေပေသည်။ အာရှတိုက်တွင် တရုတ်ပြည်နှင့် အရှေ့အလယ်ပိုင်းမှာ အဆိုးဆုံးဖြစ်၍ အိန္ဒိယနှင် အရှေ့တောင်အာရှ (ဗမာပြည် အပါအဝင်) တို့မှာလည်း အလားတူပင် အရေးကြီး ပေသည်။

တတိယကမ္ဘာစစ်ဖြစ်သည်ဆိုလျှင် အာရှတိုက်၊ အထူးသဖြင့် တရုတ်ပြည်မှ စတင်ဖြစ်သည်ဆိုက ကျွန်တော့်အနေနှင့် အံ့အားသင့်လိမ့်မည် မဟုတ်။ အာရှတိုက်-တရုတ်ပြည်သည် ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားခဲ့ရာ ဒေသဖြစ်သည်။ နောင်တကြိမ်တွင်မူ စစ်စတင်ဖြစ်ရာ ဒေသမျှသာ မကတော့ဘဲ၊ အဓိက စစ်တလင်းကြီးပင် ဖြစ်ကောင်းဖြစ်လိမ့်မည်။”

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page